"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 18, 2013

မငယ်လှသော်လည်း အကြွေစောသည့် ကျွန်တော့ဆရာတစ်ဦး


၁၃၇၅ ခုနှစ်  ကဆုန်လဆန်း ၈ ရက်    




 ပါမောက္ခ ဒေါက်တာဦးမျိုးမြင့် ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် မိမိအိမ်သို့ အလည်လာစဉ်က အမှတ်တရဓာတ်ပုံ။ 


မိမိ၏ဆရာအား ရိုသေလေးစားစွာ ကန်တော့ခွင့်ရခဲ့သည်။


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရန်ကုန်မှ ဖုန်းဝင်လာခဲ့သည်။

“ဆရာအေးရေ .. ဆရာဦးမျိုးမြင့်တော့ ဒီကနေ့မနက်ကပဲ ဆုံးသွားရှာပြီ” ဟု မိတ်ဆွေဦးတင်မြင့်က စိတ်မ ကောင်းစွာဖြင့် ပြောပါသည်။

လွန်ခဲ့သည့် သုံး လေးရက်လောက်က မိတ်ဆွေဦးကြီးမောင်ထံမှ အီးမေးရထားသဖြင့် ဗဟိုရ်စည်ဆေးရုံပေါ် တွင် သတိလစ်လျက်ရှိနေသော ဆရာ၏ကျန်းမာရေးအခြေအနေမှာ များစွာမကောင်းလှတော့ကြောင်းကိုမူ သိထားပြီးဖြစ်၏။






ယခုတော့ ဆရာ ဆုံးသွားပါပြီတဲ့။   
နှမြောတသ ယူကြုံးမရဖြစ်၍ မဆုံးလေတော့။


ဆရာ့ကို မိမိနောက်ဆုံး ဆုံတွေ့ခဲ့ရသည်မှာ လွန်ခဲ့သော ၂ နှစ်ကျော်ကဖြစ်သည်။ ထိုစဉ်က ဆရာသည် ကျန်း မာရေးစစ်ဆေးရန် စင်ကာပူသို့ ရောက်ရှိနေခြင်းဖြစ်၏။ ဆရာဖုန်းဆက်သဖြင့် မိမိနှင့်မိမိ၏ဇနီးတို့သည် ဆရာ တည်းခိုလျက်ရှိသော ဂေလန်းအရပ်သို့ သွားခဲ့ကြပါသည်။ ဆရာက ဆေးရုံတွင် ဆေးစစ်ရမှုများကို မိမိအား ပြောပြပါသည်။ ကျန်းမာရေးအခြေအနေမှာ ယခင်အခေါက်များကလို ဒေါင်ဒေါင်မြည် မဟုတ်ကြောင်းကို သ တိပြုမိ၏။ ဆရာနှင့်အတူ ဆရာ၏ဇနီးနှင့်သားတို့လည်း လိုက်ပါလာခဲ့ကြသည်။ 

ထို့ကြောင့် ဆရာ့၏ကျန်းမာရေးအတွက် အနည်းငယ်တော့ စိုးရိမ်စိတ်ဖြစ်ရပါသည်။

သည့်နောက်တွင် ဆရာနှင့်မတွေ့ရသော်လည်း ဆရာ၏ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘာမှပြောသံမကြားရ တော့ပေ။ မြန်မာနိုင်ငံဆေးကောင်စီတွင် ဥက္ကဌတာဝန်ယူထားသည့် ဆရာ၏လှုပ်ရှားမှုသတင်းများကိုသာ တစ်ခါတစ်ခါ ကြားသိနေခဲ့ရသည်။ 


ယခင်အခေါက်များက ဆရာနှင့် စကားစမြည်ပြောခဲ့ဖြစ်သည်များအား အမှတ်ရနေသည်။ 

ဆရာ့မိတ်ဆွေလည်းဖြစ် မိမိ၏မိတ်ဆွေလည်းဖြစ်သော ဆရာဦးစောကယ်(လ)ဗင်နှင့် မိမိတို့ ၃ ဦး ‘ဘူးကစ် ဘာတော့’ဘူတာ(Bukit Batok station)နားက စားသောက်ဆိုင်တစ်ခုတွင် ညစာစားရင်း စကားတွေ ပြောဖြစ် ခဲ့ကြသည်။ ဆရာနှင့်မိမိတို့နှစ်ဦးသည် ဆရာ့ညီဖြစ်သူ ဦးရဲမြင့်၏’ဘူးကစ်ဘာတော့’အိမ်မှ မက်(ခ)ရစ်ချီး ရေ လှောင်ကန်(MacRitchie Reservoir) အထိ သစ်ပင်များ ထူထပ်စွာပေါက်နေသည့် တောအုပ်ကိုဖြတ်ပြီး လမ်း လျောက်ရင်း စကားတွေအများကြီး ပြောဖြစ်ခဲ့ကြပါသည်။ 

ဆရာ၏ညီဖြစ်သူ ဦးရဲမြင့်သည် စင်ကာပူနိုင်ငံတွင်နေထိုင်လျက်ရှိပြီး သူ့ကို မြန်မာပြည်မှာကတည်းက မိမိသိ နေခဲ့၏။ ဦးရဲမြင့်သည် ရဲမြင့်(စက်မှုတက္ကသိုလ်)ဟူသောကလောင်အမည်ဖြင့် သိပ္ပံမဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးခဲ့ပြီး ထိုစဉ်က မိမိသည်လည်း ယင်းမဂ္ဂဇင်းမှာ ပင်တိုင်ဆောင်းပါးများ လစဉ်ရေးခဲ့ပါသည်။  


ဆရာသည် စင်ကာပူသို့ရောက်တိုင်း အချိန်ရပါက ဆရာဦးစောကယ်(လ)ဗင်(Senior physiotherapist) နှင့်မိ မိတို့ ၂ ဦးအား ဖုန်းဆက်ပြီး တွေ့ဆုံစကားပြောလေ့ရှိ၏။  



 ဒေါက်တာဦးမျိုးမြင့် ပါမောက္ခချုပ် (ငြိမ်း) (ဓာတ်ပုံ - ဆေးတက္ကသိုလ် ၁၊ ရန်ကုန် Website)။


ဆရာဦးစောကယ်(လ)ဗင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အကြောအဆစ်ကုပညာရှင်အဖြစ် အလုပ်လုပ် ခဲ့စဉ်က အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်သည့် ဆရာဦးမျိုးမြင့်နှင့် ရင်းနှီးခဲ့ပါသည်။


မိမိကမူ ရန်ကုန်ဆေးရုံကြီးအတွင်းရှိ ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) တတိ ယနှစ်မှာ ပညာသင်ကြားခဲ့စဉ်က ဆရာဦးမျိုးမြင့်၏တပည့်ဖြစ်ခဲ့ပါသည်။ ထိုစဉ်က မိမိတို့ အကြောအဆစ်ကု ဆေးပညာဘာသာရပ် (Physiotherapy) ကျောင်းသားများသည် ခန္ဓာဗေဒပညာ (Anatomy)နှင့် ဇီဝကမ္မဗေ ဒပညာ(Physiology)ရပ်များကို ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁)တွင် သင်ကြားကြရပါသည်။ ခန္ဓာဗေဒပညာ ကို ဆရာဦးမျိုးမြင့်က သင်ကြားပေးပြီး ဇီဝကမ္မဗေဒပညာကို ‘ဒေါက်တာမန်ဆာ’က သင်ကြားပေးခဲ့ခြင်းဖြစ် သည်။

ဆေးတက္ကသိုလ်တွင် မိမိတို့အား ခန္ဓာဗေဒပညာကို သင်ကြားပေးစဉ်က ဆရာသည် အက်(ဖ်)အာစီအက်စ် FRCS ၀င်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေချိန်ဖြစ်သည်။ ဆရာသည် လူ့ခန္ဓာကိုယ်ကြီးတွင် အရိုးများ၊ ကြွက် သားများ၊ ကြွက်သားကြောများ၊ အဆစ်များ၊ ရိုးဆက်ရွတ်များ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ မည်သို့ဖွဲ့ စည်း တည်ရှိကြသည်ကိုလည်းကောင်း၊ မည်သို့ အချင်းချင်းဆက်သွယ်မှုရှိကြပြီး မည်သို့မည်နှယ် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်နေကြသည်တို့ကိုလည်းကောင်း အစရှိသည့်ဘာသာရပ်ဆိုင်ရာစာများကိုသာ သင် ကြားပေးရုံမက မိမိတို့ခွဲစိတ်လေ့လာလျက်ရှိသောလူသေခန္ဓာကိုယ်ကြီးအား လေးစားမှုထားရှိကြရန်နှင့် ယင်း ခွဲစိတ်လေ့လာမှုမှရရှိသည့် အသိပညာများကို နောင်တွင် မိမိတို့က သက်ရှိလူနာများအား စမ်းသပ်စစ်ဆေးကု သကြရာ၌ ကောင်းစွာအသုံးချကြရန်ကိုပါ လေးလေးနက်နက် ဆုံးမလမ်းညွှန် မှာကြားခဲ့သေးသည်။


သေပြီးသူတို့၏ ခန္ဓာကိုယ်အား အရေပြားမှ အဆီလွှာ၊ ထိုမှတဆင့် ကြွက်သားများ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများ အာရုံကြောများ နောက်ဆုံးအရိုး အဆစ်တို့အထိ တစ်လွှာစီ တစ်ပိုင်းစီ သူ့အကန့်နှင့်သူ ဆရာက စိတ်ရှည်လက်ရှည်ဖြင့် ခွဲစိတ်ဖြတ်တောက် သင်ပေးသည်တို့ကို အကြောင်းပြုပြီး စာရေးသူက ငွေတာရီမဂ္ဂဇင်းတွင် အစမ်းစာလေးရေးခဲ့ပါသည်။ ခန္ဓာကိုယ်လှူထားကြသူများအား လေးစားဂုဏ်ပြု ရေး သားထားပြီး ယင်းနှင့်ပတ်သက်သည့် ဆရာ၏ဆုံးမစကားများကိုပါ ကောက်နှုတ်ဖော်ပြခဲ့ပါသည်။ မိမိ၏စာ လေး မဂ္ဂဇင်းတွင်ပါလာသောအခါ ဆရာ့အား အမှတ်တရလက်ဆောင်အဖြစ် မဂ္ဂဇင်းစာအုပ် သွားပြီးပေးရာ ဆရာက “အေးဗျာ၊ နောင်ကို အချိန်ရရင် ခင်ဗျားလိုပဲ စာတွေ ရေးချင်တယ်”ဟု ပြောခဲ့ပါသည်။


သို့သော် ဆရာသည် အလွန်များမြောင်ကြီးမားလှသည့် အလုပ်တာဝန်များ၏ ဖိစီးမှုကြောင့် စာမရေးဖြစ်ခဲ့ပါ။



ဆရာက သူ့တပည့်များနှင့် စကားပြောသည့်အခါ ‘မင်း’နဲ့ ‘ငါ’နဲ့ဟု ခေါ်ဝေါ်သုံးစွဲခြင်းမရှိပဲ ‘ခင်ဗျား’နှင့် ‘ကျွန် တော်’နှင့်ဟုသာ ပြောလေ့ရှိပါသည်။ သည်မျှအထိ ဆရာသည် သူကိုယ်သူ နှိမ့်ချမှုရှိ၏။ ဆရာဂုဏ်လည်း မ မောက်ပါချေ။  

သူသိထား တတ်ထားသမျှကို တပည့်များအား အိတ်သွန်ဖာမှောက် မခြွင်းမချန်သင်ကြားပြသပေးခဲ့ပါသည်။ စာကိုသင်ရင်း စာဖတ်တတ်အောင် စာရှာတတ်အောင် နည်းပေးလမ်းညွှန်ပြု၏။ တပည့်များအနေဖြင့် စာကို စိတ်ဝင်စားကြစေရန် သူ ဖတ်မှတ်လေ့လာ သိရှိထားသည့် အခြားသောဗဟုသုတများဖြင့် သိုင်းဝန်းရှင်းပြ တတ်ပါ၏။   


ဆရာ၏တပည့်များအဖြစ် ဆရာ့ထံတွင် ပညာသင်ကြားခွင့်ရခဲ့ကြသော မိမိတို့သည် အလွန်ကံကောင်းကြ သည်ဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာသည် စာတော်ရုံသာတော်သောသူတစ်ဦး မဟုတ်မူပဲ စိတ်နေသဘောထားပြည့်ဝပြီး အနေအထိုင်အပြောအဆိုများပါ တော်သူဖြစ်ပါ၏။ သူပြောသလိုလုပ်ပြီး သူသိ သလို နေထိုင်ကျင့်ကြံအားထုတ်တတ်သူလည်းဖြစ်၏။


မိမိမှတ်မိနေသော ဥပမာတစ်ခု ပေးပါမည်။

ဆရာသည် အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်သည်။ ထို့ကြောင့် ဆရာ၏လူနာအများစုတွင် ထိခိုက်ဒဏ် ရာရလူနာများ ပါရှိနေကြ၏။ တစ်ခါ ယင်းတို့အထဲတွင်မှာမှ ကားနှင့်သက်ဆိုင်သော ထိခိုက်ဒဏ်ရာရလူနာ အတော်များများအား ဆရာတွေ့ရှိပြီး ခွဲစိတ်ကုသပေးခဲ့မည်ဖြစ်သည်။ ဒီတော့ ဆရာသည် ကားနှင့်သက် ဆိုင်သော ထိခိုက်ဒဏ်ရာရမှုတို့၏ အကြောင်းရင်းအမျိုးမျိုးကို သိရှိထားသည်နှင့်အမျှ ကြိုတင်ကာကွယ်နိုင် ခြင်း၏ အရေးပါမှုကို ကောင်းစွာနားသဘောပေါက်ထားသူဖြစ်မှာ သေချာနေသည်။

ထို့ကြောင့်ဖြစ်ပါမည်။ ဆရာသည် သူ၏ကိုယ်ပိုင်ကားကို မောင်းလျက်သွားလာတိုင်း ထိုင်ခုံခါးပတ် (seat belt) ကို အမြဲအသုံးပြုလေ့ရှိသည်ကို မိမိ မကြာခဏ သတိပြုမိခဲ့သည်။ စဉ်းစားကြည့်ကြစေချင်ပါသည်။ လွန်ခဲ့သော အနှစ် ၃၀ ကျော်လောက်က မြန်မာပြည်တွင် ဆရာကဲ့သို့ ထိုင်ခုံခါးပတ်ကို အမြဲတတ်ပြီး ကား မောင်းကြသူ ဘယ်နှစ်ဦး ရှိပါအံ့နည်း။

လာမည့်ဘေးအန္တရာယ်ဆိုးကို သိကားသိထားကြပါလေ၏။ သို့သော် မိမိ၏အန္တရာယ်အတွက်ပင် လက် တွေ့မလုပ်ချင်ကြသူများကား ဒုနှင့်ဒေးရှိချေသည်။

ထိုသူများထဲတွင် ဆရာ မပါရှိခဲ့။ ဆရာသည် အများမိုးခါးရည်သောက်တိုင်း လိုက်ပြီးသောက်တတ်သူ မ ဟုတ်ကြောင်း ထင်ရှားနေပါသည်။  


နောက်မှတ်မိတာတစ်ခု ရှိသေးသည်။

ခန္ဓာဗေဒလက်တွေ့စာသင်ခန်းအတွင်းရှိ လူသေခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ခွဲစိတ်လျက် မိမိတို့အား သင် ကြားနေစဉ် ဆရာ့အိတ်ထောင်တွင်ထိုးထားသည့် ဖောင်တိန်မှ မင်ယိုပြီး အင်္ကျီပေသွားသည်။ ဆရာက မိမိ တို့အား လုပ်စရာသင်ခန်းစာ ပေးထားခဲ့ပြီး လက်ဆေးရေစင်ရှိရာသို့ ခပ်သွက်သွက်လေး လျှောက်သွားကာ မင်ပေသွားသည့်နေရာကို လျှော်လေသည်။ ပြီးသောအခါ အင်္ကျီကို ချိတ်တွင်လွှားထားကာ မိမိတို့ထံ ပြန် လာခဲ့ကာ စာဆက်ပြီးသင်ပါသည်။ ဆရာဝတ်ထားသည့်စွပ်ကျယ်မှာ လက်ရှည်ပွပွဖြစ်သဖြင့် အမြင်မတော် ခြင်း မဖြစ်ပါချေ။

ဆရာသည် လုပ်စရာရှိသည့်အလုပ်တို့ကို အကြွေးမထားပဲ ချက်ခြင်းပင် သူကိုယ်တိုင် လုပ်တတ်ကြောင်း မျက်မြင်လက်တွေ့ သိရှိမှတ်သားခွင့် ရခဲ့ပါ၏။

တစ်နေ့မှာတော့ ဆရာသည် မိမိတို့အား ဆေးပညာဘာသာရပ် သင်ပေးနေရင်းက သူအနေဖြင့် အင်္ဂလိပ် စာနှင့်စကားတိုးတက်အောင် (speaking and listening skills) မည်သို့အပတ်တကုတ် လေ့လာခဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုကို ပြောပြခဲ့ဖူးပါသည်။ အင်္ဂလိပ်စာနှင့်စကားများကို တတ်ချင်သဖြင့် အင်္ဂလိပ်ရုပ် ရှင်ကားတွေ မလွတ်တမ်း ကြည့်ခဲ့ပါသတဲ့။ ရုပ်ရှင်ကားများများကို ငွေကုန်ကြေးကျနည်းနည်းဖြင့် ကြည့်နိုင် စေရန် ဆရာသည် ပြား ၅၀၊ ၇၅ ပြား ခန့်သာပေးရသော ထိုင်ခုန်မရှိပဲ ဖျာပေါ်မှာထိုင်ကြည့်ရသည့် ရှေ့ ဆုံး အတန်းမှ ခေါင်းကလေးကို တစ်ချိန်လုံးမော့ထားပြီး ကြည့်ခဲ့ရတာပါတဲ့။

အော် - ပညာရှာ ပမာသူဖုန်းစား။

သို့ဖြစ်ပေရာ နောက်ပိုင်းအခါများ ကြီးပွားရေးစာအုပ်များတွင် motivation ၊ inspiration နှင့် role model အကြောင်းများကို ဖတ်ရှုလေ့လာသိရှိသောအခါ မိမိသည် ဆရာနှင့်တွေ့ဆုံခဲ့သည့် ဟိုနှစ်ပေါင်းများစွာက တည်းကပင် motivation ၊ inspiration နှင့် role model တို့အား ကိုယ်တိုင် ထိတွေ့ကြုံကြိုက်ခဲ့ဖူးပြီးဖြစ် ကြောင်း ပြန်လည်စဉ်းစားတွေးတောမိပါသည်။


ဆရာအား ပိုမိုလေးစားကြည်ညိုစွာ သတိရမိခဲ့ပါသည်။ 

၁၉၈၀ ခုနှစ်တွင် ဆရာသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မှာရှိသော Raymond Poincare’ Hospital သို့သွား ရောက်ပြီး ထိခိုက်ဒဏ်ရာဆိုင်ရာ ခွဲစိတ်အထူးကုပညာရပ်ကို လေ့လာသင်ကြားခဲ့ပါသည်။ မိမိ မှတ်သား သိရသ၍ ဆရာသည် စက်ရုံအလုပ်သမားတစ်ဦး၏ လုံးဝပြတ်သွားသည့်လက် (severed hand) ကို ခွဲ စိတ်ပြီးပြန်ဆက်ပေးခဲ့သော မြန်မာနိုင်ငံ၏ပထမဦးဆုံး ခွဲစိတ်ကုဆရာဝန်ကြီးဖြစ်ခဲ့လေသည်။ လုံးဝပြတ် သွားသောလက်အားခွဲစိတ်ပြီး ပြန်ဆက်ပေးရသည်မှာ အရေပြား၊ သွေးကြောများ၊ အာရုံကြောများ၊ ကြွက် သားနှင့်ကြွက်သားကြောများ၊ အရိုးများ အစရှိသည်တို့ကို အသေးစိတ် အနုစိတ် စိတ်ရှည်လက်ရှည်ဖြင့် နာရီပေါင်းများစွာ (၁၆ နာရီမှ နာရီ ၂၀ ကျော်ကြာတတ်) ပြုလုပ်ရလေသည်။   

လက်အကြောင်းကိုပြောရင်း လက်၏တည်ဆောက်ဖွဲ့စည်းထားပုံနှင့် လက်ချောင်များ၏လုပ်ဆောင်နိုင်မှုများ (various kinds of movements)ကို မိမိတို့အား ဆရာက အသေးစိတ် သေသေချာချာ သင်ပေးခဲ့သည်ကို သတိတရ ဖြစ်ရသည်။ လက်မ၏ထူးခြားသည့်လှုပ်ရှားနိုင်မှုနှင့်ပတ်သက်ပြီး ဆရာက မိမိတို့ကို မှတ်သားစ ရာတစ်ခု ပြောပြခဲ့ပါသည်။

ယင်းမှာ .. လက်ချောင်း ၅ ချောင်းရှိသည့်အနက် လက်မတစ်ချောင်းသာ ကျန်သောလက်ချောင်းများနှင့် မျက်နှာချင်ဆိုင်ပြုနိုင်ခြင်း (opposition of the thumb) – တစ်နည်း လက်မထိပ်နှင့် လက်ချောင်းထိပ် လေးများထိလျက် ‘၀’လုံးပြုလုပ်နိုင်ခြင်းဖြစ်ပါ၏။ အကယ်၍သာ လက်မသည် ထိုသို့မပြုလုပ်နိုင်ပါက ပစ္စည်း များအား ဆုတ်ကိုင်နိုင်မည် စာရေးခြင်းပြုလုပ်နိုင်မည် မဟုတ်ပါချေ။ လက်မ၏ ဤထူးခြားချက်ကြောင့်သာ လူသည် ပစ္စည်များကို ကိုင်တွယ်ဖန်တီးနိုင်လျက် တိရစ္ဆာန်နှင့်ကွဲပြားလာခြင်းဖြစ်သည်ဟု ဆရာက ရှင်းပြ ပါသည်။

နောက်ပြီး လက်မနှင့်ပတ်သက်ပြီး ဆရာက ဟောကိန်းတစ်ခု ထုတ်ခဲ့ပါသေးသည်။

“နောင်ကျရင် လက်မတစ်မျိုးထဲကိုပဲ အထူးကုသပေးတဲ့ ခွဲစိတ်အထူးကုဆရာဝန်ဆိုတာ ရှိလာနိုင်တယ် လို့။       

  












ဆက်ပြီးရေးပါဦးမည်။



 










1 comment:

  1. So sad for the loss of Orthopedic Surgeon Prof. Dr. Myo Myint.
    Although I didn't know him in person, I heard about his good things via the conversations with me several times.
    May he rest in eternal peace completely!!!!

    My mother (Daw Kyin Yee, 80 yrs old) also passed away with Pulmonary Embolism caused by Fracture Neck of Femur recently on May 16 (Thursday) at 2:30 PM. She had other chronic underlying diseases (Diabetes, IHD, Hypertension and Cardiac Cirrhosis) as well. Funeral service was done on May 17 (Friday) successfully. Memorial service will be done on May 21 (Tuesday).

    "Sabbe Sankhara Anicca"
    "Anicca, Dukkha, and Anatta"

    ReplyDelete