"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 4, 2013

မြန်မာပြည်က လာခဲ့တယ်




၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်




စင်ကာပူကိုရောက်တဲ့နေ့က ချန်ဂီလေဆိပ်မှာ အမှတ်တရ (၀ဲမှ - ဒေါ်အေးအေးသက်၊ ဒေါ်ခင်မိုးမိုး၊ မသန္တာတင်)။



မာရီးနားဘေးဆဲန်(စ)ဟိုတယ်ကြီးကို နောက်ခံထားပြီး အမှတ်တရရိုက်ခဲ့တဲ့ဓာတ်ပုံ။



ယခုမေလဆိုရင် သမီးက မီးဖွားတော့မှာ။

ဒါကြောင့် အဖေနဲ့အမေဖြစ်တဲ့ စာရေးသူတို့က မြန်မာပြည်မှာရှိတဲ့ သမီးရဲ့ အဒေါ်နှစ်ဦးကို လှမ်းမှာလိုက်ပြီး အကူအညီတောင်းခဲ့ကြရတယ်။

တူမလေး မီးမဖွားခင် ကြိုလာပေးကြပါပေါ့ ။ ကလေးမွေးပြီးတဲ့အခါကြတော့လည်း ဆက်ပြီးကူ ညီစောင့် ရှောက်ပေးကြပါဦးပေါ့ ။ အကူအညီတောင်းမယ့်သာတောင်းရတာ သူတို့နှစ်ဦးလုံးက အပျိုကြီးတွေ။

နောက်ပြီး ဒီစင်ကာပူကိုလာဖို့ကြတော့ သူတို့က ဘယ်လုပ်တတ်ကြပါ့ မလဲ။ သမီးရဲ့ အမေ့ဇာတိဖြစ်တဲ့ မုဒုံမှာ နေကြတာလေ။ ရန်ကုန်ကို အခေါက်ခေါက်အခါအခါရောက်ဖူးပေမယ့် နိုင်ငံ ခြားကိုတော့ ဘယ်က ရောက်ဖူး ပါ့ မလဲ။ လေယာဉ်ပျံကြီးနဲ့ နိုင်ငံခြားကို သွားဖို့နေနေသာသာ ပြည်တွင်းမှာတောင် လေယာဉ်တစ်ခါမှ စီးဖူး ကြတာမဟုတ်တာ။

ပတ်စပို့လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ရုံးပြင်ကန္နားသွားတာတို့ သံရုံးကိုသွားပြီး ဗီဇာ လျှောက်တာတို့ လေယာဉ်လက်မှတ်ဝယ်တာတို့ ဘာနားလည်တာမှတ်လို့။ ဒါကြောင့် ဒီအတွက် အိမ်ရှင်မက ရန်ကုန်ကသူ့ အကိုနဲ့အမကို အကူအညီတောင်းရတာ။ အကိုဆိုတာက သူ့အမရဲ့ ခင်ပွန်းပါ။ တပ်ထဲကအနားယူပြီး ကိုယ်ပိုင် လုပ်ငန်းလုပ်နေကြတာ။

အကိုနဲ့အမတို့ကလည်း အခုကိစ္စမှ မဟုတ်ဖူး။ စာရေးသူ စင်ကာပူကိုလာဖို့တုန်းကလည်း အကိုတို့ပဲ အကူအ ညီပေးခဲ့တာ။ အဲဒီတုန်းက မြန်မာပြည်ကနေ စင်ကာပူကို တိုက်ရိုက်လေယာဉ်မရှိလို့ ယိုးဒယားခေါ်တဲ့ ထိုင်း နိုင်ငံကနေ တစ်ဆင့်လာခဲ့ကြရတာ။

ထိုင်းမှာ ခဏနေဖို့ တည်းခိုဖို့ အကိုက သူ့မိတ်ဆွေစစ်သံမှူး ဗိုလ်မှူးကြီးဗဟိန်းကို ပြောထားပေးလို့ စာရေးသူ အဆင်ပြေခဲ့ရတာ။ ဗိုလ်မှူးကြီးဗဟိန်း၏အိမ်မှာတည်း၊ အဲဒီမှာပဲ ထမင်းစားပြီး၊ သံရုံးကကားနဲ့ လေဆိပ်ကို ပို့ ပေးခဲ့တာတွေကို ယနေ့တိုင် အထူးပဲကျေးဇူးတင်မိနေရပါတယ်။   



စာရေးသူတို့အိမ်က ပန်းခြံလေးမှာ သား၊ သားမက်၊ သမီးနှင့်ဇနီးရဲ့ ညီမနှစ်ဦး။ 

မကြာခင်က ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ဖြေလျှော့မှုတွေလုပ်ပေးနေလို့ နိုင်ငံကူးလက်မှတ်လျှောက်ဖို့ လုပ်ရကိုင်ရတာ ယခင်ထက်စာရင် အတော်လေးကို အဆင်ပြေလာတာ။ နို့မ ဟုတ်လို့ကတော့ မြန်မာပြည်ကနေ အပြင်ထွက်ဖို့ရာဟာ ဖတ်ဖတ်ကိုမောပြီး သွားချင်တဲ့စိတ်ကို ကုန်ပါလေ ကော။ ကြုံဖူးတဲ့သူအားလုံး မှတ်မိနေကြဦးမှာပါ။



စာရေးသူတို့အနေနဲ့ ရန်ကုန်က မှာတဲ့အတိုင်း နိုင်ငံကူးလက်မှတ်လျှောက်ဖို့အတွက် ‘ခေါ်စာ’ရေးပေးတာတို့ စင်ကာပူသံရုံးမှာ ဗီဇာလျှောက်ဖို့အတွက် ဗီဇာလျှောက်လွှာပုံစံကို ရေးဖြည့်ပေးရတာတို့ လုပ်ပေးရပါတယ်။ တကယ်က ရန်ကုန်ဖက်က အကိုတို့က စင်ကာပူခရီးစဉ်အတွက် အစစ အားလုံးချောချောမောမောဖြစ်အောင် အများဆုံး လုပ်ပေးခဲ့တာပါ။

သမီးရဲ့ အဒေါ်နှစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးသက်နှင့်ဒေါ်ခင်မိုးမိုးတို့ ဒီကိုလာဖို့ရာ အစစအဆင်ပြေတယ်လို့ ဆို ရပေမယ့် ဘာသာစကားအခက်အခဲက ရှိနေပြန်ပါတယ်။ မြန်မာပြည်လေဆိပ်ကနေ လေယာဉ်ထွက်လာတဲ့ အထိတော့ ဘာပြသနာမှ မရှိဘူးပေါ့။ လေဆိပ်မှာလည်း မြန်မာစကားပြောလို့ရတယ်။ လေယာဉ်ပေါ်မှာလည်း မြန်မာတွေခရီးသည်တွေက အများစုပဲ။ အဲ ပြသနာက စင်ကာပူရောက်မှ ရေရေလည်လည်ကြီးကို စ, တော့တာ။

ဝှိုက်ကတ် (white card) ဖြည့်ရေးပါတဲ့။

မရေးတတ်ဖူးလေ။ ဒါနဲ့ လေယာဉ်ပေါ်မှာကတည်းက အကူအညီပေးနိုင်မယ့် ပေးချင်မယ့်သူကို ရှာရကော။ ကံကောင်းထောက်မလို့ ခရီးဖော်အမကြီးတစ်ဦးကို မေးကြည့်တော့ သူက လိုလိုလားလားပဲ အကူအညီပေး လို့ ကျေးဇူးတင်မဆုံးပါပဲတဲ့။       

နိုင်ငံခြားကိုတစ်ခါမှ မထွက်ဖူးဘူးဆိုတော့ စင်ကာပူလေဆိပ်ကိုရောက်တာနဲ့ စိုးရိမ်စိတ်က လွန်ကဲနေပြီ။

လေဆိပ်ကြီးကလည်း နည်းနည်းလောလောကြီးတာမှ မဟုတ်တာကလား။ နောက်ပြီး မြန်မာပြည်က လေ ဆိပ်လို လှေကားကတက်ပြီးတာနဲ့ ပတ်စပို့စစ်တဲ့နေရာကို တန်းရောက်တာမှ မဟုတ်တာ။ ဟိုကွေ့ဒီကွေ့ သွားရသေးတာ။ ဟိုကြည့် ဒီကြည့်သွားရင်း လာကြိုတဲ့အမနဲ့တူမတွေကို တွေ့မှတွေ့ပါ့ မလားလို့ ပူမိသေး တယ်။ ဘယ်မှလည်း မသွားတတ် မလာတတ်တာနဲ့။ အင်္ဂလိပ်စကားကလည်း မပြောတတ်တာနဲ့။

ဒါပေမယ့် ခရီးဖော်အမကြီးက လေဆိပ်ထဲကဖုန်းနဲ့ တူမလေးရဲ့  လက်ကိုင်ဖုန်းကိုဆက်ပေးပြီး အဆက်အ သွယ်ရတော့မှ ရင်ထဲက ‘ဟင်’ကျနိုင်ခဲ့တယ်။ ဒီကြားထဲ ယူလာတဲ့အိတ်တစ်လုံးက တော်တော်နဲ့ မထွက် လာလို့ ပျောက်များသွားလေပြီလားလို့ စိတ်ပူရပြန်တယ်။ နောက် အတော်လေးကြာမှ ထွက်လာပေလို့ စိတ် အေးရတာ။

စောစောကဖုန်းဆက်ထားလို့ အမနဲ့တူမတို့က လေဆိပ်ထဲမှာရောက်နေပြီမို့ တွေ့ချင်တာကလွဲလို့ စိုးရိမ်စိတ် မရှိတော့ပါဘူး။ ပစ္စည်းတွေစုံလို့ အပြင်ဖက်ကို တွန်းလှည်းလေးနဲ့ထွက်လာတဲ့အခါ အမနဲ့တူမလေးတို့စောင့် နေကြတာနဲ့ အတော်ပါပဲ။

ဒါနဲ့ အဲဒီနားကထိုင်ခုံမှာ တူမလေးနဲ့အတူထိုင်ကြပြီး ဓာတ်ပုံရိုက်တော့ အမက ဓာတ်ပုံဆရာ။ တစ်ခါ အမနဲ့ အတူ ရိုက်ကြပြန်တော့ တူမလေးက ဓာတ်ပုံဆရာပေါ့လေ။  

လေဆိပ်ကနေ တက္ကဆီငှားပြီး မြို့ ထဲဖက်လည်းထွက်လာကော ပထမဆုံးသတိပြုမိတာက .... 

ဟယ် စင်ကာပူမှာ သစ်ပင်တွေ အများကြီး ရှိတာပါလားလို့။       







ဆက်ပြီးရေးပါဦးမယ်။





No comments:

Post a Comment