"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 5, 2013

ကျောက်စိမ်းရတုသို့ တိုင်လေပြီ



၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်

   
စင်ကာပူမြို့ လယ်တစ်နေရာမှာ အမှတ်တရရိုက်ထားတဲ့ အကြင်တို့လင်မယား။























၃၅ နှစ်တာခရီး။

ယင်းအချိန်ကာလသည် လူ့သက်တမ်းအနေဖြင့်ဆိုက သုံးချိုးတစ်ချိုးခန့်ရှိပြီဖြစ်သည်။  
လူတိုင်း အသက် ၁၀၀ နှစ်ရှိသည့်တိုင် မနေကြရသော်လည်း လူ့သက်တမ်းကိုမူ အနှစ် ၁၀၀ ဟု လက်ခံ ထားခဲ့ကြသည်။

သို့တစေ ..

၃၅ နှစ်ကို အိမ်ထောင်သက်တမ်းအနေဖြင့် တွက်ယူရသော် မနည်းလှဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုမူ လူတို့၏အိမ်ထောင်သက်တမ်းတွင် ရွှေရတုဖြစ်သည့် အနှစ် ၅၀ ကိုရောက်ရှိသူ မများလှ ဖြစ်ပါလေ၏။ 

မိမိတို့ဇနီးမောင်နှံသည် မော်လမြိုင်မြို့ တရားရုံးတော်တွင် လက်မှတ်ရေးထိုးပြီး မင်္ဂလာအခမ်းအနားလေးဖြင့် လက်ထပ်ထိမ်းမြားလျက် အကြင်လင်မယားဘ၀သို့ ရောက်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ၃၅ နှစ်ရှိခဲ့ပေပြီ။ 





တရားရုံးမှ မင်္ဂလာကျမ်းကျိန်လွှာ။ 




ထိုစဉ်က မိမိသည် အသက် ၂၉ နှစ်။ မိမိ၏ဇနီးဖြစ်သူမှာ ၂၂ နှစ်။ မိမိက မော်လမြိုင်မြို့  ပြည်နယ်ပြည်သူ့ဆေး ရုံကြီးတွင် အကြောအဆစ်ကုပညာရှင် (physiotherapist) အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပြီး ဇနီးမှာ သူ့ဇာ တိမြို့ ဖြစ်သည့် မုဒုံက မြို့ နယ်စိုက်ပျိုးရေးရုံးမှာပင် အလုပ်လုပ်နေခဲ့သည်။    


မော်လမြိုင်မှာနေသူနှင့်မုဒုံမှာနေသူတို့ မုဒုံမြို့ ၏အထင်ကရဖြစ်သည့် ကန်ကြီးဘုရားပွဲတွင် သင်္ကြန်အကြပ်နေ့ မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြပါသည်။ ယင်းကဲ့သို့ တစ်ဦးနှင့်တစ်ဦး ပထမဆုံး စ,ပြီးတွေ့ဖူး မြင်ဖူးခဲ့သည့်နေ့မှ နောက်ရက်နှစ်ဆယ်ကျော်အကြာတွင် မြို့ နယ်တရားရုံးမှာ လက်မှတ်ရေးထိုးကြပြီး မင်္ဂလာဧည့်ခံပွဲလေးကို ပြု လုပ်ခဲ့ကြသည်။ 


မိမိတို့နှစ်ဦး၏ အမှတ်မထင် ဆုံဆည်းမှုလေးသည် ကျော်ရဲအောင် ချစ်စနိုးဦးနှင့်မေကဗျာတို့၏ ရုပ်ရှင် ဇာတ် ကားအမည်လို  “တရံတခါဆီက ဒဏ္ဏာရီ” ဟု မဆိုချင်သော်လည်း သူငယ်ချင်းများ မိတ်ဆွေများနှင့် ဆွေမျိုး သားချင်းများအကြားတွင် ပြောစမှတ်ဖြစ်ခဲ့ရသည်ကတော့ အမှန်။


၃၅ နှစ်တာဆိုသော အတိတ်ကားလိပ်ကြီးကို ဆွဲတင်လိုက်ပြီး ပစ္စုပ္ပန်၏နာရီလက်တံများအား နောက်သို့ ဒရ ဇတ်ပြန်လှည့်ပစ်လိုက်သောအခါ ……


မွန်ပြည်နယ်ထဲမှ မြန်မာ့ရိုးရာယက္ကန်းလုပ်ငန်းများဖြင့် ထင်ရှားသည့်မြို့ နယ်တစ်ခုဖြစ်သော မုဒုံမြို့ သို့ မော် လမြိုင်မှ သူငယ်ချင်းသုံးဦး ရောက်လာခဲ့ကြ၏။ တစ်ဦးက ရန်ကုန်မြို့ ရှိ အောင်ဆန်းအားကစားကွင်း ဆေး ကုဌာနတွင် အကြောအဆစ်ကုပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် မုဒုံမြို့ သား။ နောက်တစ်ဦးက မော်လမြိုင် ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်မှန်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ထားဝယ်မြို့ သား။ နောက်တစ်ယောက်က မိမိဖြစ်သည်။


ထိုနေ့သည် သင်္ကြန်အကြပ်နေ့ဖြစ်သည်။



မုဒုံမြို့ ၏ကျက်သရေဆောင် ကန်ကြီးစေတီတော်  နှစ်စဉ်သင်္ကြန်အကြပ်နေ့တိုင်းကျင်းပလေ့ရှိသော ဘုရားပွဲ ရှိသဖြင့် အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာကြသူများ သင်္ကြန်ပွဲပျော်ပါးကြသူများဖြင့် ကြိတ်ကြိတ်တိုးအောင် စည်ကားလျက်ရှိ၏။



ကန်ကြီးစေတီတော်အ၀င်ဝမှ မုဒ်ဦးကြီးနှင့်ဆောင်းတန်းအလှ။



မုဒုံမြို့ ၏ကျက်သရေဆောင် ကန်ကြီးစေတီတော်။ (ဓာတ်ပုံ - ဖိုးတာ၊ ၂၀၁၁)



၁၉၇၈ ခုနှစ်က မိမိနှင့်ဇနီးဖြစ်သူတို့ ပထမဆုံး ဆုံတွေ့ခဲ့ကြသည့် ကန်ကြီးဘုရားမှ တန်ဆောင်း။ (အောက်)
ငုနှင့်သူ့ငယ်သူငယ်ချင်း ၂ ဦး ယင်းတန်ဆောင်းအတွင်း ဘုရားကန်တော့ကြရင်း ..(အပေါ်)။ (ဓာတ်ပုံ - ဖိုးတာ၊ ၂၀၁၁) 


ငုတို့ ငယ်သူငယ်ချင်းများ ကန်ကြီးဘုရားရင်ပြင်တွင် ရှေးဟောင်းနှောင်းဖြစ်များ ပြောဖြစ်ခဲ့ကြသည်။(၀ဲမှ - မအုန်းသန်း၊ ငု၊ မခင်ဝင်းမြင့်၊ မဖြူ။)


ဘုရားရင်ပြင်ပေါ်နှင့် ဘုရားတန်ဆောင်း လေးခုတို့တွင် ဘုရားဖူးများ၊ စတုဒီသာ အလှူဒါနပြုကျွေးမွေးကြ သူများဖြင့် ပြည့်နှက်နေကြ၏။ ကန်ပတ်လမ်းတလျှောက်မှာလည်း လူတွေက ဖွေးဖွေးလှုပ်မျှ။ ကမ်းစပ်ရှိ ခြေတံရှည်ဇရပ်ပေါ်မှ ကန်ထဲသို့ ခုန်ချသူ ခုန်ချ၊ ဒိုင်ဗင်ထိုးသူထိုး၊ ကန်အတွင်း ရေကူးသူကူးကြဖြင့် ရှိနေ လေသည်။



ကန်ကြီးဘုရားဈေးဆိုင်များက ထိုင်ခုံများတွင် လူများ အမောဖြေ အနားယူရင်း အစားအစာများ မှာယူစား သောက်လျက်ရှိကြသည်။ ကန်ကြီးဘုရားအ၀င် မုဒ်ဦးနားက ကားလမ်းဘေး၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင် ပွဲရှိသဖြင့် ဗေထိ ဗေထိဆိုင်းသံကို အသံချဲ့ စက်မှ ကျယ်ကျယ်လောင်လောင်ကြီး ကြားနေရသည်။


မုဒုံဇာတိဖြစ်သော သူငယ်ချင်းမှတစ်ပါး မိမိတို့နှစ်ဦးမှာ ဤကန်ကြီးဘုရားပွဲတော်နှင့်ရေသဘင်ပွဲသို့ ယခုမှ ရောက်ဖူးကြခြင်းဖြစ်၏။  

စာရေးသူတို့သူငယ်ချင်းသုံးယောက်သည် ဟိုလျောက်ကြည့် ဒီလျောက်ကြည့်ဖြင့် နေကလည်းပူ ဆာက လည်းဆာပြီး ခြေထောက်တွေကလည်းညောင်ညာလာသောကြောင့် အရိပ်ကောင်းသည့် ဘုရားဆောင်း တန်းတစ်ခုတွင် အနားယူရင်း ထိုင်လိုက်ကြသည်။

ထိုအချိန်တွင် မိမိတို့၏ရှေ့ က ငုပင်အောက်မှာ အမျိုးသမီးငယ်တချို့  တံချူတစ်ချောင်းဖြင့် ငုပန်းများ ခူး နေကြ၏။  


ဒီတွင် မုဒုံသားကဦးဆောင်လျက် အမျိုးသမီးငယ်များရှိရာ ငုပင်ဆီသို့ မိမိတို့ လျောက်သွားကြသည်။ ထား ၀ယ်သားက အမျိုးသမီးတစ်ယောက်ထံမှ တံချူကိုယူကာ ငုပန်းများဝိုင်းကူပြီး ခူးပေးနေသည်။ နောင်တွင် မိမိနှင့်အကြောင်းပါမည့် အမျိုးသမီးက ချူချထားသည့် ငုကိုင်းများမှ အရွက်များကို ခြွေနေသည်။ 

ခဏကြာတော့ သူတို့ထဲမှတစ်ယောက်က “အကိုတို့ ဟောဟိုကတန်ဆောင်းမှာ ပဲလက်သုတ်လာစားကြ ပါ လား”ဟု ပြောပြီး သူတို့ ငါးဦးလုံး ငုပန်းတပွေ့တပိုက်ဖြင့် ပဲလက်သုတ်ကျွေးသည့်တန်ဆောင်းသို့ ပြန်သွား ကြသည်။


သူတို့ထွက်သွားပြီးနောက် မိမိတို့က ဗိုက်ဆာနေသဖြင့် ဟန်လေးပန်လေးပင် မဆောင်နိုင်စွာ ပဲလက်သုတ် စားရန် ကောက်ကောက်ပါအောင် လိုက်သွားခဲ့ကြတော့သည်။



တန်ဆောင်းထဲတွင် နောင်တွင် မိမိ၏အဖွားတော်စပ်ရမည့် အဖွားအချို့  ကြမ်းပေါ်မှာထိုင်ရင်း စကားပြော နေကြသည်။ ထောင့်တနေရာက ပဲလက်သုတ်အိုးကြီးအနားတွင် အဒေါ်ကြီးနှစ်ဦး ပဲလက်သုတ်ပန်းကန်များ ပြင်ပေးလျက်ရှိသည်။ စောစောကအမျိုးသမီးများက မိမိတို့အား နေရာပေးပြီး ပဲလက်သုတ်နှင့်ရေနွေးပန်း ကန်များ လာချပေးကြပါသည်။   


ပဲလက်သုတ်စားရင်း မုဒုံသားက “ကျနော်က ကွမ်တုံအရပ်မှာ နေပါတယ်”ဟု ဆွေမျိုးစပ်ကာ အဖွားများနှင့် စကားဖော၊စကားရော လုပ်ပါလေသည်။ ပြီး သူက မိမိတို့အား အဖွားများနှင့်မိတ်ဆက်ပေးပါသည်။ 

မိမိကမူ ဘာစကားကိုမှ ဟုတ်တိပတ်တိ စိတ်မ၀င်စားနိုင်ပဲ မိမိစိတ်ဝင်စားသူလေးတစ်ဦးတည်းကိုသာ လူ လစ်လေတိုင်း ခိုးချောင်ခိုးဝှက်ငေးမောကြည့်နေမိခဲ့သည်။    


ငုပင်အောက်မှာ မမျှော်လင့်ပဲ ဆုံဆည်းခဲ့ရသူလေးပေမို့ မိမိရေးခဲ့သော ရည်းစားစာများထဲတွင် ‘ငု’ဟုလည်း ကောင်း၊ တခါတခါတော့ ‘ငုမ’ဟုလည်းကောင်း တင်စားခေါ်ခဲ့ပါသည်။ 
  

နေမြင့်လာပြီဖြစ်သဖြင့် ပဲလက်သုတ်လာစားကြသူများနည်းလာသလို သုတ်ထားသောပဲလက်သုတ်လည်း ကုန်လုနီးပေပြီ။ မိမိတို့ ကံကောင်းထောက်မလို့ အချိန်မီရုံလေး စားလိုက်ရခြင်းဖြစ်သည်။ ဗိုက်ပြည့်သောအ ခါတွင်မှ မိမိတို့သည် ဘုရားမဖူးကြရသေးမှန်းသတိရပြီး ဘုရားကြီးကို လက်ယာရစ်လား လက်ဝဲရစ်လား မ မှတ်မိ၊ လှည့်ပတ်တော့ ဖူးဖြစ်လိုက်ကြပါသည်။



ဘုရားကြီးကို လှည့်ပတ်ကြည်ညိုနေစဉ် ဘိုးဘိုးကြီးစင်နားသို့ရောက်သောအခါ စောစောကတွေ့သည့်အ မျိုးသမီးများထဲမှ နှစ်ဦးကို အဝေးမှ လှမ်းမြင်ရသည်။ နှစ်ယောက်ထဲက တစ်ယောက်က ‘ငု’ ဖြစ်နေသဖြင့် စိတ်ထဲမှာ ပျော်သွားမိ၏။  သူတို့နှစ်ယောက်က စောစောကခူးထားသည့် ငုပန်းများကို ဘိုးဘိုးကြီးစင်မှာ သွားဆက်ပြီး ပြန်လာကြခြင်း ဖြစ်သည်။
  
မိမိက ငုကို စိတ်ဝင်စားနေမှန်သိသဖြင့် သူငယ်ချင်းနှစ်ယောက်က သွားပြီးစကားပြောရန် မိမိအား တိုက် တွန်းကြ၏။ သူတို့တွေက ကာယကံရှင်ထက်ပင် ပိုလို့တက်ကြွနေပုံရသည်။


ဒါကလည်း အကြောင်းရှိပါလေ၏။



သူတို့နှစ်ဦးမှာက ရည်းစားကိုယ်စီနှင့်။ မုဒုံသား၏ရည်းစားက မုဒုံမြို့ မှာ။ ဒါကြောင့်မို့ သူ အခု မုဒုံကို ရောက် နေခြင်းဖြစ်သည်။ ထားဝယ်သား၏ရည်းစားက ရန်ကုန်မှာ။ မကြာမကြာ သူက သွားလည်တတ်သလို သူရှိရာ မော်လမြိုင်ကို သူ့ရည်းစား အလည်လာဖူးသည်။ မိမိတစ်ယောက်သာ ကံကွက်ကြားပြီး ရည်းစားမရှိဖြစ်နေ သည်။ သူတို့အမြင်မှာ အပေါင်းအသင်းချင်းအတူတူ မိမိက ဘက်ပဲ့လို့နေသည်။ သင့်တော်သည့်မိန်းက လေးကို တွေ့တုန်း ဒီငနဲကို မြန်မြန်စွံအောင် လုပ်ပေးကြအံ့။ မုဒုံသားကိုယ်တိုင်ကလည်း သူတို့မုဒုံသူနှင့် မိမိ အား အကြောင်းပါစေချင်ပုံရသည်။



မိမိမှာက မ၀ံ့မရဲရှိနေခဲ့၏။ ဘာကစလို့ ဘာပြောရမည်မသိဖြစ်နေသည်။ သို့တစေ မြှောက်ပေးသူတွေက လည်း မြှောက်ပေးနေ၊ မိမိကလည်း စိတ်ပါနေသဖြင့် ငုတို့ရှိရာသို့ အရဲစွံ့ပြီး သွားလိုက်သည်။ 

ငုအနားသို့ရောက်သောအခါ နှုတ်ဆက်ပြီး သူ့နာမည်ကို မေးသည်။ ကျောင်းနေသလား အလုပ်လုပ်လားဟု မေးသည်။ ဘယ်မှာနေလဲဆိုတာလည်း မေးသည်။ နောက်ပြီး မိမိနာမည်နှင့်အလုပ်ကိုပြောပြပြီး ခပ်သုတ် သုတ်လေး ပြန်လာခဲ့တော့၏။ အဲ အဲ .. နောက်အရေးကြီးတာတစ်ခု မေးခဲ့ပါသေးသည်။


“အိမ်ကို အလယ်လာလို့ ရလား” လို့လေ။ ငုက ပြောရှာပါတယ်။ အိမ်ကို လာလယ်လို့ ရပါတယ်တဲ့။


တစ်နေရာကနေ မိမိတို့၏အရိပ်အကဲကိုစောင့်ကြည့်နေသော သူငယ်ချင်းနှစ်ယောက်အားပြောပြတော့ သူ တို့က မိမိအား ပင့်ပေးလိုက်ကြသည်။ ဘယ်ဆိုးလို့တုန်း တဲ့။



ထိုညက မုဒုံသား၏ကွမ်တုံရပ်ကအိမ်မှာ အိပ်ကြသည်။ ညဦးပိုင်းက အဲဒီအိမ်တွင် လသာသာနှင့် တွင်းရေ အေးစိမ့်စိမ့်ချိုးခဲ့ရသည့်အရသာကို မှတ်မိနေသေးသည်။

နောက်တနေ့ သင်္ကြန်အတက်နေ့တွင် ထားဝယ်သားနှင့်မိမိတို့ မော်လမြိုင်သို့ ပြန်တက်သွားခဲ့ကြပါသည်။ မု ဒုံသားကမူ သူ့ချစ်သူရှိရာ မုဒုံမှာပဲ နေရစ်ခဲ့၏။

မိမိ၏ခန္ဓာကိုယ်ကြီးက မော်လမြိုင်သို့ ပြန်ရောက်လာခဲ့သော်လည်း မိမိ၏စိတ်တို့သည်ကား မုဒုံသူလေးထံမှာ တိတ်တခိုး ကျန်နေခဲ့ချေပြီ။  

ဒီတော့ မိမိ၏ခန္ဓာကိုယ်ကြီးသည် သူ၏အရင်းနှီးဆုံးအဖော်ဖြစ်သည့် စိတ်မရှိလေသောအခါ သူ့တကိုယ် တည်း ဆောက်တည်ရာမရဖြစ်လျက် မနေနိုင်မထိုင်နိုင် ဖြစ်ရလေသည်။ မိမိအဖို့ သင်္ကြန်အတက်နေ့က ည သည် ရှည်ကြာလွန်းလှပေစွ။


သို့မို့ကြောင့် ငုက သူတို့အိမ်ကို လာလယ်လို့ရပါတယ်ဟု ပြောထားသဖြင့် သူငယ်ချင်းကိုဖေသက် (ထား ၀ယ်သား)အား မုဒုံသို့ အဖော်လိုက်ပေးရန် အကူအညီတောင်းရသည်။ သူကလည်း လိုလိုလားလားကြီးပင် အဖော်လိုက်ပေးရှာပါသည်။ မော်လမြိုင်နှင့်မုဒုံကို ပုံမှန်အားဖြင့် ဒတ်ဆန်းလိုင်းကားလေးများ သို့မဟုတ် ကိုယ်ပိုင်ကားဖြင့် သွားကြလေ့ရှိသော်လည်း မိမိ၏ပထမဦးဆုံး အချစ်ခရီးကို စက်ဘီးဖြင့်သွားချင်သဖြင့် ၁၈ မိုင်ကွာဝေးသည့်ခရီးအား စက်ဘီးတစ်ယောက်တစ်စီးနင်းလျက် မောရပန်းရမှန်းမသိ သွားခဲ့ကြပါသည်။

ထိုနေ့က နှစ်ဆန်း ၁ ရက်နေ့ကြီးဖြစ်သည်။


၁၃၇၅ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် စနေနေ့၊ နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဆက်ရေးပါသည်။

မုဒုံကိုရောက်သောအခါ ငုတို့အိမ်ရှေ့ မှဖြတ်စီးပြီး ဆရာမကြီးဒေါ်စိန်ညွန့်၏အိမ်သို့ ၀င်လိုက်ကြသည်။ ငု၏ အိမ်မှာ ဆရာမကြီး၏အိမ်နှင့် ဓားလွယ်ခုတ်ရှိနေလေရာ မိမိအဖို့ အလွန်အဆင်ပြေလေသည်။ ဆရာမကြီး သည် မုဒုံမြို့ ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ သူနာပြုဖြစ်ပြီး လည်ပင်းအာရုံကြောဖိညပ်ဝေဒနာ (cervical spondylosis) ခံစားနေ မိမိထံတွင် အကြောအဆစ်ဆေးကုသမှု(physiotherapy treatment ) ယူလျက် ရှိပါသည်။ သူ၏ခင်ပွန်းမှာ မော်လမြိုင်မြို့ ရှိ ပြည်နယ်ကျန်းမာရေးဦးစီးရုံးတွင် အလုပ်လုပ်နေပြီး ယူနီဆက်(UNICEF)မှပေးထာသည့် ဂျစ်ကားအဖြူလေးဖြင့် မုဒုံနှင့်မော်လမြိုင် ရုံးအတက်အဆင်း သွားပါ သည်။

ငုတို့၏အိမ်မှာ ပျဉ်ထောင်နှစ်ထပ်အိမ်ဖြစ်သည်။ ဆရာမကြီး၏အိမ်အောက်ထပ်မှ ငုတို့ အိမ်ကို ကောင်းစွာ မြင်နေရသည်။ ဆရာမကြီးဧည့်ခံသည့်မုန့်နှင့်လက်ဘက်ရည်တို့ကို စားသောက်ရင်း ငုကိုမြင်ရလိုမြင်ရငြား ကြည့်မိသည်။ မိမိတို့လာသည်ကိုတော့ သိတန် မြင်တန်ကောင်း၏ဟု ထင်ပါသည်။ ငု၏အိမ်ရှေ့ နားမှဖြတ် သွားစဉ် ငု၏အဒေါ်ငယ်က မိမိတို့အား တွေ့လိုက်ပါသည်။

သို့သော် မကြာလှပါ။ ငုတို့အိမ်အပေါ်ထပ်မှ တံခါးချပ်လေးပွင့်လာပြီး ငုကို ဖြတ်ကနဲတစ်ချက် မြင်လိုက်ရ၏။ မိမိတို့လာသည်ကို သေချာအောင်ကြည့်ခြင်းပေလားဟု တွေးမိသည်။ နောက်ကြာမှ ငုပြောပြ၍ သိရသည်မှာ ဇာတ်လမ်းတိုလေးတစ်ပုဒ်ပါပေ။


ဒီလိုပါ။


ဆက်ပြီးရေးပါဦးမယ်။




1 comment: