"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, July 5, 2013

စာဖတ်ဝါသနာမှ စာရေးဝါသနာသို့



၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်။




မြန်မာပြည်မှ ၀ယ်ယူခဲ့သည့် စာအုပ်အချို့ ။



လူတို့ ၀ါသနာအမျိုးမျိုး ရှိတတ်ကြ၏။

အချို့ က အားကစားလေ့ကျင့်လိုက်စားမှု ၀ါသနာပါသည်။ အချို့ က သီချင်းဆို ၀ါသနာပါ သည်။ အချို့ က ကခုန်ဖို့ ၀ါသနာပါသည်။ အချို့ က အချက်အပြုတ်မှာ ၀ါသနာပါသည်။အ ချို့ က သစ်ပင် ပန်းပင်စိုက်တာ ၀ါသနာပါသည်။ အချို့ က စာဖတ်ခြင်း စာရေးခြင်းတို့ကို ၀ါသနာပါသည်။

အမှန်မူ လူတစ်ဦးတွင် ၀ါသနာထုံမှု တစ်ခုမက ရှိနိုင်လေသည်။ သို့တစေ ၀ါသနာတစ်ခု တည်းကိုသာ ထူးထူးခြားခြား စွဲလမ်းနှစ်ခြိုက်ခြင်းလည်း ရှိတတ်သေး၏။

မိမိသည် ကနဦးကတည်းက စာဖတ်ဝါသနာ အထူးပါခဲ့သည်။ 

အားကစားလေ့ကျင့်လိုက်စားမှုကို လည်း အထိုက်အလျောက် ၀ါသနာရှိခဲ့သည်။ မြန်မာ လူငယ်ပီပီ အများနည်းတူ ဘောလုံးကစားသည်။ နောက်တော့ လက်ဝှေ့ထိုးသည်။ သည့် နောက်မှာတော့ အလေးမကစားသည်။ အဆုံးမတော့ စာဖတ်သောဝါသနာတစ်မျိုးတည်း သာ စွဲစွဲမြဲမြဲ ကျန်ရှိခဲ့၏။


စာကို စပြီးဖတ်တုန်းက အိမ်တွင်ရှိသောနိုင်ငံရေးစာအုပ်များကို ဘာရယ်မဟုတ် ကောက် ယူပြီး ဖတ်ကြည့်မိ၏။ ၁၉၆၁-၆၂ ခုနှစ်များလောက်က ဖြစ်မည်ထင်၏။ ၆တန်း ၇ တန်းအ ရွယ်ဟု မှတ်မိနေသည်။ သခင်သန်းထွန်း၊ သခင်စိုးတို့၏ဓာတ်ပုံများပါသည့် ဗမာပြည်ကွန် မြူနစ်ပါတီ(အဖြူ အနီ)၊ မဒညတ၊ ရဲဘော်ဖြူမှ ထိပ်တန်းခေါင်းဆောင်များ၏အထုပ္ပတ္တိ အ ကျဉ်းချုပ်များပါသော စာအုပ်ငယ်လေးများ၊ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သည့် တော်လှန် ရေးကောင်စီမှ ထုတ်ဝေသည့်အပြာနုရောင်အဖုံးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ (၁၉၆၃ ခုနှစ်) အကြောင်း ဆိုက်ကြီးစာအုပ်အထူကြီး၊ ၀န်ကြီးချုပ်ဦးနု၏ ဘာသာပြန်လက် ရာဖြစ်သော “မိတ္တဗလဋီကာ”ခေါ် “လူပေါ်လူဇော်လုပ်နည်း(How to Win Friends and Influence People by Dale Carnegie)တို့သည် မိမိ၏ လက်ဦးစာများဖြစ်ခဲ့ကြသည်။


ယခုစာအုပ်၏နာမည်ပေးထားပုံနှင့်နာမည်ပြောင်းထားပုံလေးသည် အလွန်စိတ်ဝင်စားစရာကောင်း လှ၏။ လူတို့၏စိတ်နေသဘောသဘာဝနှင့် ဆက်စပ်မှုရှိနေ၏။ စာအုပ်ကို ရေးသားပြုစုသူကလည်း တစ်ဦးတည်း။ စာအုပ်၏အမည်ကလည်း တစ်ခုတည်း။ သို့သော် ယင်းမူလအမည်ကို အခြားသော ဘာသာသို့ ပြန်ဆိုသောအခါ စာအုပ်၏အမည်အား ဘာသာစကားတစ်မျိုးတည်းမှာပင် ဘာသာပြန် ဆိုသူက အဓိပ္ပါယ်အမျိုးမျိုးရှိအောင် ပြန်လို့ရလေသည်။ ဆန့်ကျင်ဖက်အဓိပ္ပါယ်ထွက်အောင်ပင် ပြန်ဆိုနိုင်သည်ကို တွေ့ရ၏။


တစ်မျိုးတည်းသောစာအုပ်မှ ရေးသားထားမှုများကို မတူညီသော ဆန့်ကျင်ဖက်ရည်ရွယ်ချက် (၂) မျိုးအတွက် အသုံးပြုနိုင်လေသည်။

မိမိ၏ဖခင်ဖြစ်သူသည် ထိုစဉ်က ရွှေဘိုမြို့ ၌ မြို့ တွင်းရဲစုံထောက်တာဝန်ကို ထမ်းဆောင် လျက်ရှိလေရာ နိုင်ငံရေးသမားများနှင့်သောင်းကြမ်းသူတို့၏ သတင်းများကို ရယူထောက် လှမ်းရသည်။ အိမ်မှာရှိသည့် စာအုပ်များမှာ သိပ်ပြီးမများလှသဖြင့် ရွှေဘိုမြို့ မဈေးကြီး၏ မြောက်ဖက်ရှိ ပြန်ကြားရေး စာကြည့်တိုက်သို့ ညပိုင်းသွားကာ စာဖတ်ရသည်။ ရွှေဘိုမြို့  ၏အထင်ကရဘုရားပွဲများဖြစ်သည့် မြို့ ဒေါင့်စေတီတော်ဘုရားပွဲနှင့် လောကမာရဇိန်ဘု ရားပွဲကြီး များတွင် ဖျာပေါ်မှာပုံချပြီးရောင်းသော စာအုပ်တွေထဲမှ ကိုယ်ကြိုက်သည့်စာ အုပ်များကို လျှော့ဈေးဖြင့် သွားဝယ်လေ့ရှိ၏။



စင်ကာပူ National Library Book Sale မှ ၀ယ်ယူခဲ့သည့် စာအုပ်များ။ 


ထိုခေတ်က တစ်အုပ်မှ တမတ် (၂၅ ပြား)၊ ငါးမူး (ပြား ၅၀)သာ ပေးကြရသည်။ စာပေဗိမာန်ထုတ် စာအုပ်များ (စာမျက်နှာ ၁၅၀ မှ ၁၈၀ ခန့်)၏ မူလရောင်းဈေးမှာ ၇၅ ပြား ဖြစ်သည်။ ၀တ္တု၊ ကဗျာ၊ နိုင်ငံရေး အစရှိသည့်စာအုပ်များအပြင် ဘာသာပြန်သိပ္ပံစာအုပ်များလည်း ပါရှိကြ၏။ ရုပ်ရှင်မင်း သားကြီး ဗိုလ်ဗကို စာပေဗိမာန်တွင် အယ်ဒီတာလုပ်စဉ်က ဘာသာပြန်ထားသည့် သိပ္ပံစာအုပ် တစ်အုပ်ကို ဘုရားပွဲဈေးမှ မှတ်မှတ်ရရ ၀ယ်ခဲ့ဖူးသည်။ 

(၈) တန်းအောင်ပြီး ရွှေဘိုမြို့  အထက (၁) [ထိုခေတ်အခေါ် ‘စတိတ်ဝမ်း’ State High School 1] မှ ကန့်ဘလူမြို့  အထက (၁) သို့ ပြောင်းရွေ့ သွားသောအခါ မိမိသည် ဖတ်လိုသောစာအုပ်များကို ထန်းတပင် (ဇီးကုန်း ဟုလည်း ခေါ်ကြသည်)မှလည်းကောင်း ရန်ကုန်မြို့ မှလည်းကောင်း မှာလျက် ၀ယ်ယူဖတ်ရှုခဲ့ပါသည်။ ထန်းတပင်သည် ကန့်ဘလူမြို့ နယ်အတွင်းရှိစီးပွားရောင်းဝယ်ဖောက်ကား မှုကောင်းသည့်ရွာကြီးတစ်ရွာဖြစ်ပြီး ရွှေဘိုနှင့်ကန့်ဘလူအကြား ရထားလမ်းဘေးတွင်ရှိလေသည်။ စာအုပ်ဆိုင်၏အမည်မှာ “ကိုလှငွေ စာအုပ်ဆိုင်”ဟု ခေါ်ပြီး ဘူတာအနီးတွင်ရှိသည်။

ဆိုင်ရှင်ဦးလှငွေသည် မိမိမှာသောစာအုပ်များကို ရထားလူကြုံဖြင့်ပို့ပေးပြီး မိမိက စာအုပ်လာပို့ပေး သူအား ငွေပေးချေရသည်။ ရန်ကုန်ရှိ ဗော့စတော့စာပေတိုက်၊ ပင်မရေစီးစာပေတိုက်၊ ပုဂံစာပေ တိုက်များကမူ မိမိထံ စာတိုက်မှရေစစ္စရီ (register)လုပ်ပြီး စာအုပ်များကို ပို့ပေးပါသည်။ ထိုခေတ် (၁၉၆၃-၆၅ ခုနှစ်ဝန်းကျင်)က စာတိုက်မှပို့ပေးသောစာအုပ်များကို အပျောက်အရှမရှိ အချိန်ကြန့် ကြာမှုမရှိပဲ ရခဲ့ပါသည်။ 

မိမိနှင့်ပထမဆုံးထိတွေ့သောစာအုပ်များမှာ နိုင်ငံရေးစာအုပ်များဖြစ်ခဲ့သလို နောက်ပိုင်းတွင် မိမိဝယ်ဖတ်သောစာအုပ် အများစုသည် နိုင်ငံရေးစာအုပ်နှင့် နိုင်ငံရေးနောက်ခံဝတ္တုစာအုပ်များ၊ နိုင်ငံရေးသမားများ၏ အထ္ထုပ္ပတ္တိစာအုပ်များ ဖြစ်ကြပါသည်။ ဆရာလင်းယုန်မောင်မောင်ရေးသားသည့် “ချေဂွေဗားရား” (Che Guevara)၊ ဆရာကျော်အောင်ဘာသာပြန်သည့် “တောရိုင်းမြေ” (Virgin Soil Upturned by Mikhail Sholokhov)၊ ဆရာမြသန်းတင့်၏ “စစ်နှင့်ငြိမ်းချမ်းရေး” (War and Peace by Leo Tolstoy)၊ တောင်တွင်းဦးကိုကိုကြီးဘာသာပြန် “အမေ” (The Mother by Maxim Gorky)၊ ဆရာသိန်းဖေမြင့်၏ “အရှေ့ က နေ၀န်းထွက်သည့်ပမာ” အစရှိသည့်စာအုပ်များ။


မိမိသည် စာအုပ်များဖတ်ရှုရာမှ စာများကို စမ်းပြီးရေးလာခဲ့ပြန်၏။ ထို့နောက် စာများကို ဆက်တိုက်ပို၍ရေးဖြစ်ပြီး စာရေးဆရာဟူသောအမည်တစ်လုံးကို နှစ် နှစ်ခြိုက်ခြိုက်ကြီး ခံယူမိခဲ့၏။ သည်အခါမှာ စာဖတ်ခြင်းတွင် ပျော်မွေ့ လာခဲ့၏။ စာရေးခြင်းတွင်လည်း နှစ်မြို့  လာခဲ့၏။ နောင်တွင် စာမဖတ်ရ မနေနိုင်သလို စာမရေးရ မနေနိုင်ဖြစ်လာခဲ့တော့သည်။    

စာဖတ်ရှုရသည့်အရသာနှင့် စာပေရေးသားရသောအရသာတို့သည် ဆက်စပ်မှုရှိသော် လည်း မတူညီသည်များ ရှိနေကြသည်။ စာဖတ်သူအရေအတွက်က စာရေးသူအရေအ တွက်ထက် အဆပေါင်းများစွာများလေသည်။ စာဖတ်ကြသူတိုင်း စာမရေးကြသော်လည်း စာရေးကြသူတိုင်းကမူ စာများများဖတ်ဖို့ လိုလေသည်။ စာရေးကြသူများသည် စာများများ ဖတ်ကြခြင်းဖြင့် စာရေးသားရန် ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်သကဲ့သို့ စာရေးလိုသောလှုံ့ ဆော်ခံစားစိတ်လည်း ဖြစ်စေပါသည်။ 

ဝါသနာဆိုသည်မှာ မိမိတို့လုပ်ချင်သော လုပ်ရန်စိတ်ချမ်းသာသော အချိန်ဖြုံး၍ကောင်း သောအရာဖြစ်သကဲ့သို့ မိမိအား တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းခြင်းလည်း ရှိစေတတ်သေး သည်။ ၀ါသနာအမျိုးမျိုးရှိကြရာတွင် စာပေများဖတ်ခြင်းသည် လူအများစုမှာရှိတတ်သော အကောင်းဆုံးဝါသနာတစ်ခုဖြစ်သည်။ စာဖတ်ခြင်းတွင် လူငယ်လူကြီးဟူ၍ အပိုင်းအခြား မရှိပါချေ။ 

လူငယ်များအတွက် ကာတွန်း ပုံပြင် ဆုံးမစာ အစရှိသည့်စာများရှိသကဲ့သို့ လူကြီးများအ တွက်မူ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကြီးပွားတိုး တက်ရေး၊ ရာဇ၀င်၊ သမိုင်း၊ သိပ္ပံဝိဇ္ဇာ၊ ၀တ္တုတို ၀တ္တု ရှည်၊ ပြဇာတ်၊ ကဗျာစသဖြင့် ဖတ်စ ရာ စာအုပ် စာစောင် မဂ္ဂဇင်း ဂျာနယ်များ အမြောက်အများ ရှိနေကြသည်။

အရေးကြီးသည်မှာ စာဖတ်သောဝါသနာရှိဖို့ဖြစ်သည်။


ယင်းစာဖတ်သောဝါသနာရှိပါကလည်း မိမိ၏စိတ်အင်အားနှင့် အသိပညာစွမ်းအားများ ကြီးထွားဖွံ့ဖြိုးသန်စွမ်းလာစေရေးအတွက် မိမိတို့ ကြိုက်နှစ်သက်ရာစာများကို မဖြစ်မနေ ဖတ်ကြဖို့ အားထုတ်ကြရပေမည်။ 




ဆက်ပြီးရေးပါဦးမည်။






No comments:

Post a Comment