"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, December 21, 2014

မြန်မာပြည်ခရီးသွား ဓာတ်ပုံမှတ်တမ်း



၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ 



ယခုနောက်ပိုင်းနှစ်များတွင် မြန်မာပြည်သို့ နှစ်တိုင်းပြန်ဖြစ်နေသည်။

ယင်းသို့ပြန်ဖြစ်ရသည့် အဓိကအကြောင်းမှာ မိမိ၏မွေးဇာတိ ကန့်ဘလူမြို့ နှင့် အနီးပတ်ဝန်းကျင်ရှိရွာများမှ အကြောအဆစ်ဝေဒနာရှင် လူနာများအား မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များနှင့်အတူ မိမိ သွား ရောက်ကုသပေးသဖြင့် ဖြစ်လေသည်။

မိမိ၏ယခုအစီအစဉ်အား ကန့်ဘလူမြို့  ရွှေသိမ်တော်ကျောင်းတိုက်ဆရာတော်ဦးဆောင်သော လူမှုကူညီ ရေးအသင်း၏အားပေးပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။



ချန်ဂီလေဆိပ်သို့


ဒီဇင်ဘာ ၁ ရက် တနင်္ဂလာနေ့


(၁)


မိမိတို့စီးမည့် Silkair လေယာဉ်ထွက်ချိန်သည် နံနက် ၁၁ နာရီ ၅၅ မိနစ်ဖြစ်သော်လည်း မိမိတို့က နံနက် ၉  နာရီမထိုးခင်ကတည်းက အဆင်သင့်ဖြစ်နေခဲ့ပြီး တက္ကစီနှင့်ဝင်ကြိုမည့် သမီးကို မိမိတို့တိုက်အောက် က စောင့်နေခဲ့သည်။







ခဏကြာသောအခါ သမီးသန္တာတင်နှင့်မြေးကလေးဆောင်းမြတ်နိုးတို့ က္ကစီနှင့်ရောက်လာသဖြင့် မိမိတို့၏ပစ္စည်းများတင်လျက် လေဆိပ်သို့ ထွက်ခဲ့ကြပါသည်။















ထိုနေ့ က မိုးကလေး တစိမ့်စိမ့်ရွာလျက်ရှိရာ မြေးကလေးက စောစောပိုင်းက တယ်လီဖုန်းနှင့်ကစားနေရာ က လေဆိပ်မရောက်ခင် လမ်းခရီးမှာပင် အိပ်ပျော်သွားခဲ့၏။ မိုးရွာနေသဖြင့် ကားများကျပ်ညပ်ပြီး ခရီးသွား နှောင့်နှေးမည်ကို စိုးရိမ်မိသော်လည်း တကယ်က အဆင်ပြေခဲ့ပါသည်။ 




ချန်ဂီလေဆိပ်ကို ရောက်ပြီ








လေဆိပ်သို့ရောက်သောအခါ မြေးကလေးအားနှိုးပြီး ပစ္စည်းများချကာ လေဆိပ်အထဲဝင်ခဲ့ကြ၏။  မြေးကလေးမေ့ကျန်ခဲ့သော အရုပ်ကို ကားဒရိုင်ဘာက ကားထဲမှာတွေ့ရှိကာပြန်ပေးသဖြင့် ကျေးဇူး တင်ရသည်။








မနက်စောစောထပြီး ခရီးသွားရန်ပြင်ဆင်ရ လေဆိပ်သွားရန် ပစ္စည်းများချရဖြင့် အိမ်တွင်နံနက်စာ မစားခဲ့ရ ပေ။ လေဆိပ်ကစားသောက်ဆိုင်မှာသာ စားကြရသည်။











လေဆိပ်သို့ အစောကြီးရောက်နေသဖြင့် လေယာဉ်သို့ ပစ္စည်းများအပ်သည့်ကောင်တာပင် မဖွင့်သေးရာ နံနက်စာကို အေးအေးဆေးဆေးစားကြပါသည်။

ကျယ်ကျယ်လွင့်လွင့်ရှိလှသော လေယာဉ်ကွင်းအဆောက်အအုံကြီးမှာ မြေးကလေးအဖို့ ကစားကွင်းကျယ် ကြီးလိုဖြစ်နေသဖြင့် ဟိုသွားဒီသွားလုပ်လေရာ လူကြီးများက နောက်မှအတော်လေးလိုက်ကြရ၏။ ၁ နှစ်နှင့် ၇ လသာရှိသေးသော မြေးလေး၏ခြေလှမ်းများကို မီအောင်လိုက်ရသည်မှာ မသက်သာလှ။



 လေယာဉ်ထဲမှာ







နံနက် ၁၀ နာရီ ၉  မိနစ်တွင် လေယာဉ်ထဲသို့ဝင်ကြရသည်။ချန်ဂီလေဆိပ်တွင် လေယာဉ်အတက်အဆင်း များပြားလွန်းသဖြင့် (traffic congestion) လေယာဉ်ထွက်ချိန် ၁၀ မိနစ် ၁၅ မိနစ်ခန့် နောက်ကျမည်ဟု လေယာဉ်မှူးက ကျေညာပါသည်။  လေယာဉ်ထဲရောက်သောအခါ မြေးကလေးက မောမောဖြင့်အိပ်သွား လေရာ မိမိတို့အားလုံး အနားယူနိုင်ကြတော့၏။







လေယာဉ်ထွက်ပြီး တစ်နာရီခန့်ကြာသောအခါ နေ့လည်စာကျွေးပါသည်။ နာစီလာမတ်(မလေးအုန်းထ မင်း)နှင့်ခေါက်ဆွဲ ၂ မျိုး ရနိုင်ရာ မိမိက ခေါက်ဆွဲနှင့်ငါးကျော်စားပါသည်။ စားလို့ကောင်းပါ၏။  လေယာဉ် ပေါ်တွင် မိမိက စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာကို ဖတ်ခဲ့သည်။ အိမ်မှာလည်း ဒီသတင်း စာပင် ဖတ်ပါသည်။




ရန်ကုန်ရောက်ပြီ


လေယာဉ်ထွက်ချိန် ၁၀ မိနစ် ၁၅ မိနစ်ခန့် နောက်ကျမည်ဟု ဆိုသော်လည်း ရန်ကုန်သို့ သိပ်နောက်မကျ ပဲ လေယာဉ်ဆိုက်လေသည်။ မိမိ၏ဇနီးဖက်မှ ဆွေမျိုးများလာကြိုသဖြင့် ဇနီး၏အစ်မနေထိုင်ရာ ငွေကြာရံအိမ် သို့ သွားကြပါသည်။







အမတို့အိမ်ကိုရောက်သောအခါ မိမိတို့အတွက် ချက်ထားသောအမ၏လက်ရာ မြန်မာအစားအစာမျိုးစုံကို ပွဲဦးထွက် စားရပါသည်။ ကြက်သားကြော်၊ ပုဇွန်ဟင်း၊ ငါးဆုတ်ဟင်း၊ ငါးပိကြော်၊ ပဲကြီးနှပ်၊ ငါးခြောက်ကြော်၊  ဟင်းရွက်တို့စရာ၊ ဇီးဖြူသီးထောင်း၊ မကျည်းရွက်သုတ် စသဖြင့် စုံလို့ စုံလို့ပင်။ မကျည်းရွက်နုမှာ ပဲခူးရှိအမ တို့၏ခြံက ခူးခဲ့ခြင်းဖြစ်သည်ဆို၏။







စားသောက်ပြီးသောအခါ အမျိုးတွေ ၀ိုင်းဖွဲ့စုထိုင်ပြီး စကားစမြည်ပြောကြရင်း ကလေး ၂ ယောက်ဆော့ သည်ကိုကြည့်ကာ ၀ိုင်းကူကစားပေးရင်း တ၀ါးဝါး ရယ်မောကြရသည်။ ဇနီး၏တူမဖြစ်သူက သူ့သားနှင့် မြေးလေးတို့ကစားကြသည်ကို ဗွီဒီယိုရိုက်၏။








ဒီနောက်မှာ မိမိတို့ တည်းခိုနေကြ မဟာဗန္ဓုလလမ်းရှိ လိုင်လိုင်းဟိုတယ်သို့သွားကြပါသည်။




ရွှေတိဂုံဘုရားကို ဖူးခြင်း


ဒီဇင်ဘာ ၂ ရက် အင်္ဂါနေ့

နောက်တစ်နေ့ နံနက်စောစောတွင် မိမိတို့မိသားစု ၄ ဦး ရွှေတိဂုံဘုရားသို့ သွားကြသည်။







ထိုနေ့က အင်္ဂါနေ့ ကြားရက်ဖြစ်သော်လည်း ဘုရားရင်ပြင်တော်ပေါ်တွင် ဘုရားဖူးများ မနည်းလှပါ။ 

ရွှေတိဂုံဘုရားသို့ ဘုရားဖူးရောက်သည့်အခါတိုင်း မိမိတို့ မပျက်မကွက်ကန်တော့လေ့ရှိသော စေတီ ကျောင်းဆောင်နှင့်ဘုရားမှာ ရင်ပြင်တော်၏မြောက်ဖက်တွင်ရှိပြီး မိမိ၏ဇနီးဖြစ်သူ၏အဖိုးနှင့်အဖွား များဖြစ်ကြသော အတွင်းဝန် ဦးထွန်းမင်းနှင့်ဒေါ်ငွေရင်(ငွေစန္ဒာပိုးထည်တိုက်၊ ကုန်ဈေးတန်းလမ်း)တို့က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယင်းစေတီ ကျောင်းဆောင်၏၀ဲဖက်အပေါ်နားတွင် သူတို့၏အမည်နှင့်သား ၂ ဦး၏အမည်များအား ယနေ့တိုင်တွေ့နိုင်ပါသေးသည်။



ဇနီး၏အဖိုးနှင့်အဖွားလှူဒါန်းခဲ့သောဘုရားကို ရွှေတိဂုံဘုရားရောက်တိုင်း ကန်တော့ပါသည်။ 


စနေထောင့်နှင့်မျက်နှာချင်းဆိုင်ရှိ ဇရပ်၏ဘေးနာတွင်ရပ်နေစဉ် သြစတေးလျှနိုင်ငံသားဇနီးမောင်နှံ ၂ ဦးနှင့်တွေ့သဖြင့် စကားစမြည်ပြောရင်း မိမိတို့က သူတို့ ၂ ဦး၏ပုံကို ဓာတ်ပုံရိုက်ပေးပြီး မြန်မာလုံချည်ဝတ် ထားသောခင်ပွန်းဖြစ်သူကလည်း မိမိတို့မိသားစုအား အမှတ်တရ ဓာတ်ပုံပြန်ရိုက်ပေးပါသည်။










မြေးကလေးက ကျယ်ဝန်းသော ဘုရားရင်ပြင်တော်ပေါ်တွင် လမ်းလျှောက်လို့ကောင်း ပြေးလို့ကောင်းနေသဖြင့် လူတွေနှင့်တိုက်မိမည်စိုးသောကြောင့် အတော်လေးလိုက်ပြီး ထိန်းနေရသည်။ 


သူ၏အဖွားမှာ ဘုရားကိုပင် အခါတိုင်းကဲ့သို့ အာရုံကောင်းစွာမပြုနိုင်ရှာပါချေ။ သို့တစေ မြေးကလေးက ဘုန်းတော်ကြီးအချို့ ကို ၀တ္တု (န၀ကမ္မလှူဒါန်းသောငွေ)ကပ်နိုင်ခဲ့ပြီး ဓာတ်လှေကားဆောင်းတန်းတွင်ထိုင် လျက် အလှူခံနေသည့်အဖွားအိုတစ်ဦးအား ငွေကန်တော့နိုင်ခဲ့ပါသည်။ 






မနက် ၉  နာရီခွဲတွင် ရွှေတိဂုံဘုရားမှ ဟိုတယ်သို့ပြန်ရောက်ပြီး ဆရာဦးတင်မြင့်(PT)က မိမိအား MPA အစည်းဝေးကို တက်ဖြစ်အောင်တက်ရန်နှင့် MPAမဂ္ဂဇင်း၏ပုံနှိပ်စာကြမ်းကိုဖတ်ပေးရန် တယ်လီဖုံးပြော ဖြစ်ကြ၏။     



ရွှေတိဂုံဘုရားမှ ကန့်ဘလူသို့


စင်ကာပူမှ မထွက်လာမီကတည်းက မုဒုံမြို့ မှရန်ကုန်သို့ အမြန်ကားစီးလာသော ဇနီး၏ညီမ ၂ ဦးက အဝေးပြေးကားကြီးဂိတ်တွင် မိမိတို့အတွက် ရန်ကုန်-ကန့်ဘလူအမြန်ကားလက်မှတ် ၆ စောင်ကို ကြို တင်ဝယ်ထားပေးခဲ့ပါသည်။ မိမိတို့က ၄ ဦးနှင့် ဇနီး၏ညီမ ၂ ဦးတို့အတွက်ဖြစ်သည်။ 

ဒီကနေ့ညနေ ၆ နာရီတွင် ရန်ကုန်မှ သွားကြမည်ဖြစ်သည်။

သို့သော် ရွှေတိဂုံဘုရားဖူးနေစဉ် မမျှော်လင့်ပဲ ခရီးသွားအစီအစဉ်ပြောင်းသွားတော့၏။

မိမိတို့၏တူသားကဲ့သို့ဖြစ်နေသော ကိုကြည်ဇော်တို့ဇနီးမောင်နှံက မိမိတို့နှင့်အတူ စင်ကာပူမှ မြေးငယ် လေးပါလာမှန်းသိသဖြင့် လိုင်းကားဖြင့်မသွားပဲ သူတို့ကားနှင့်သွားကြရန်ပြောသောကြောင့်ဖြစ်၏။ 






သို့ဖြစ်ရာ ဘတ်စ်ကားလက်မှတ်ဖိုးအဆုံးခံပြီး ကိုကြည်ဇော်တို့၏ကားဒရိုင်ဘာကိုဝင်းနိုင်စီုးမောင်းပို့ပေး သည့်ကားလေးဖြင့် ရန်ကုန်-ကန့်ဘလူ၊ ကန့်ဘလူ-မုံရွာ၊ မုံရွာ- မန္တလေး၊ မန္တလေး-ကျိုက်ထီးရိုး၊ ကျိုက်ထီး ရိုး-ရန်ကုန် ခရီးစဉ်များကို သွားဖြစ်ခဲ့တော့၏။  


နေ့ခင်း ၁၂ နာရီလောက်တွင် ဟိုတယ်မှထွက်ပြီး ငွေကြာရံအိမ်သို့သွားကြသည်။ မူလက ဇနီး၏ညီမ ၂ ဦး စလုံး မိမိတို့နှင့်အတူလိုက်ရန် စီစဉ်ထားသော်လည်း အဝေးပြေးဘတ်စ်ကားကြီးဖြင့် မသွားဖြစ်ပဲ ကားငယ် ဖြင့်သွားသောကြောင့် လူမဆံ့၍ တစ်ဦးကို စိတ်မကောင်းစွာထားခဲ့ရသည်။ အမတို့အိမ် အကိုနှင့်အမတို့ ကို ကန်တော့ပြီး နေ့ခင်း ၁ နာရီမှာ ကန့်ဘလူသို့ ခရီးစ,ထွက်ခဲ့ကြ၏။ 

ပုလဲမြို့ သစ်ကို ရောက်သောအခါ ကားဓာတ်ဆီ ၀င်ထည့်၏။ 





ညနေ ၁ နာရီ ၄၄ မိနစ်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်သို့ စ,ရောက်၏။ 






ညနေ ၅ နာရီ ၂၇ မိနစ်တွင် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသို့ရောက်ပြီး Pioneer Food Centre မှာ ညနေစာ စားကြသည်။

ညနေ ၆ နာရီခန့်မှာ ကြေးမုံသတင်းစာတိုက်မှ ဓာတ်ပုံသတင်းထောက်ဦးနေမျိုးက မိမိထံဖုံးခေါ်ပြီး သူ ယခု ရွှေဘိုမြို့ ကို ရောက်နေပြီဖြစ်ကြောင်းနှင့် ရွှေဘိုမှာညအိပ်ပြီး မနက်ဖန်မနက်စောစော ကန့်ဘလူသို့ ထွက် လာခဲ့မည့်အကြောင်း သတင်းပေးပါသည်။

စင်ကာပူမှာကတည်းက မိမိ စီစဉ်ခဲ့သည့်အတိုင်း ဦးနေမျိုးသည် ကြေးမုံသတင်းစာမှ စာတည်းမှူးချုပ်၏ တာဝန်ပေးချက်အရ မိမိတို့၏ပရဟိတအခမဲ့အကြောအဆစ်ဆေးကုမည့်သတင်းအား လာယူခြင်းဖြစ်၏။

ညနေ ၆ နာရီ ၁၉  မိနစ်တွင် နေပြည်တော်သို့ရောက်ပြီး ယာဉ်ထိန်းရဲများက မိမိတို့ကားဒရိုင်ဘာ၏လိုင် စင်ကို စစ်ဆေးပါသည်။





၁၁၅ မိုင်မှထွက်လာပြီး ခဏကြာသောအခါ အမြန်လမ်းမကြီးမှ အနောက်ဖက်သို့ကြည့်ပါက ညနေ ၆ နာရီ ၅၂ မိနစ်တွင် သက်တန့်ရောင်ပြေး ပန်းချီရေးထားသည့်အလား ထင်မှတ်မှားလောက်ရှိသော ဆည်းဆာ၏ အလှအား မိမိတို့အားလုံး ကြည့်မ၀ ရှုမ၀ မြင်တွေ့ကြရပါသည်။





ညနေ ၇ နာရီ ၁၆ မိနစ်တွင်မူ အမှောင်ထုကြီးက အတင်းတိုးဝင်နေရာယူလာသော်ငြားလည်း ဆည်းဆာ၏ အလှသည် အမှောင်ကို ရဲရဲဝံ့ဝံ့အံတုလျက် လင်းလင်းလက်လက်ဖြင့် လောကအား နောက်ဆုံးနှုတ်ဆက် သွားချေသေး၏။

မြန်မာပြည်သို့ ပြန်ရောက်ပြီး ဒုတိယနေ့တွင် ပထမဆုံးခံစားမိခဲ့သော မြန်မာ့သဘာဝအလှတစ်ပါးပင်။

ည ၈ နာရီ ၂၃ မိနစ်တွင် ဓာတ်ဆီဆိုင်(မိတ္ထီလာ-သဲကုန်း)မှာ ဓာတ်ဆီဝင်ဖြည့်ကြသေး၏။ 

ည ၉ နာရီခွဲတွင် မန္တလေးအနီးရှိ Toll Gate တစ်ခုသို့ရောက်ရှိပြီး မိမိတို့ကားဒရိုင်ဘာက စစ်ကိုင်းလမ်းခွဲကို မသေချာသဖြင့် စုံစမ်းမေးမြန်ပါသည်။

ထို့နောက် ကားကိုဆက်မောင်းလာရာ ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတံတားအသစ်သို့ရောက်၏။   







စစ်ကိုင်းမှထွက်လာပြီးနောက် နံနက် ၁၁ နာရီ ၁၉  မိနစ်တွင် ကားရှေ့ ရှိ နွားအုပ်ကြီးကို တွေ့ရသည်။နွား အုပ်ကြီးအားရှင်းပြီး လမ်းပေးရန် နွားကျောင်းသူများ အတော်လုပ်ယူကြရပါသည်။

"ဒီနွားတွေကို တစ်ဖက်နိုင်ငံကိုရောင်းဖို့ ခိုးထုတ်ကြတာ"ဟု ကားဒရိုင်ဘာကပြောပါသည်။


ည ၁၀ နာရီ ၁၂ မိနစ်တွင် ကန့်ဘလူသို့ဖုန်းခေါ်ပြီး မြို့ မိမြို့ ဖ ဒု-ဥက္ကဌ ဦးဌေးနှင့်စကားပြောပါသည်။ မိမိတို့ စစ်ကိုင်းမြို့ ကထွက်လာခဲ့ပြီဖြစ်ကြောင်းနှင့်မိုးလင်းခါနီးတွင် ကန့်ဘလူကိုရောက်မည့်အကြောင်းပြောလိုက် ပါသည်။

ဦးဌေးသည် မိမိတို့က အကြောအဆစ်လူနာများအား ပရဟိတအခမဲ့ဆေးကုသည့်အစီအစဉ်ကို မြို့ နယ်အ တွင်းရှိကျေးရွာများမှ လူနာများကို အသိပေးကျေညာခြင်း၊ လူနာစာရင်းများ ကြိုတင်ကောက်ယူပြီး နေ့ရက် အလိုက် ချိန်းဆိုထားခြင်းတို့အပြင် မိမိတို့အတွက် နေရာထိုင်ခင်း၊ အစားအသောက်နှင့်သွားရေးလာရေး အစရှိသည်များအား လိုလေသေးမရှိရလေအောင် လူမှုစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်အတူ ကူညီဆောင် ရွက်ပေးသူဖြစ်ပါသည်။ 

ည ၁၁ နာရီခွဲတွင်ရွှေဘိုမြို့ သို့ရောက်ပြီး မြို့ မဈေးအနီးရှိစားသောက်ဆိုင်မှာ ပဲထပ်တစ်ရာ(ပလာတာ) စား ကြပါသည်။ ထို့နောက် လမ်းလေးဂွအရပ်ရှိ ညီမ၀မ်းကွဲ၏အိမ်သိုသွားရာ မန္တလေးသွားပြီး ဆေးကုသမှုယူ နေသဖြင့် မတွေ့ခဲ့ရပေ။ 

ည ၁၂ နာရီတွင် ရွှေဘိုမှကန့်ဘလူသို့အသွား လမ်းမှားပြီး ကျောက်မြောင်းကျေးရွာသို့ ရောက်သွားသဖြင့် နောက်ကြောင်းပြန်လှည့်ပြီး ရွှေဘို-မြစ်ကြီးနားလမ်းသို့ သွားပါသည်။ယင်းလမ်းထဲသို့ရောက်ပြီးမကြာခင်မှာ တံတားပျက်နေသဖြင့် တံတား၏တစ်ဖက်တစ်ချက်တွင် ကားကြီးများပိတ်နေသဖြင့် ကန်ဘောင်လမ်းမှသွား ရန် ရွှေဘိုသို့ပြန်လာရပြန်ပါသည်။



ရွှေဘို-ကန့်ဘလူ ကန်ဘောင်လမ်း။


ကန်ဘောင်လမ်းသည် ကားအသွားအလာအလွန်နည်းပြီး လမ်းမကောင်းလှပါချေ။ ကားဒရိုင်ဘာမှာ ယခု လမ်းကိုမမောင်းဖူးသောကြောင့် လမ်းစုံလမ်းဂွသို့ရောက်တိုင်း ဘယ်လမ်းကိုရွေးရမည်မသိပဲ လမ်းမှတွေ့က ရာလူတွေကိုမေးပြီး စမ်းတစ်ဝါးဝါးဖြင့် မောင်းနေရသဖြင့် ခရီးမတွင်လှပါ။ 


ဤသို့ဖြင့် ၀က်တိုးကျေးရွာသို့ရောက်သောအခါ ကားဆရာက ကန့်ဘလူရှိသူ၏ဖခင်ထံ ဖုန်းဆက်ပြီးမေး ကာ ဆက်မောင်းလာရာ နံနက် ၄ နာရီတွင် ကန့်ဘလူမြို့ သို့ ဆိုက်ဆို်က်မြိုက်မြိုက်ကြီး ရောက်ခဲ့ပါတော့ ၏။



ကန်ဘောင်လမ်းတွင် တစ်လမ်းလုံး ဖုန်တထောင်းထောင်းဖြင့်မောင်းလာခဲ့ရာ ကန့်ဘလူသို့ရောက်သော အခါ မိမိတို့စီးလာသည့်ကားခမျာ အထက်ပါပုံအတိုင်း ဖုန်များဖြင့်ညစ်နေလေသည်။ 




ကား၏အနောက်ခန်းတွင်ထည့်လာခဲ့သော အိတ်များမှာပင် ဖုန်များနှင့်ပေရေနေပါသည်။





























ဆက်ရေးပါဦးမည်။

























  





















No comments:

Post a Comment