"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 2, 2020

ကျွန်းသာယာ သတင်းစဉ် (၆)


ကျွန်းသာယာ သတင်းစဉ်
(Kyun Thar Yar News Magazine)





***




ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ
သရ၀ဏ်(ပြည်) မတောင်းပန်က
သတင်းမီဒီယာအတိုင်း ဆက်သွားမည်

စောင့်ကြည့်သတင်းဂျာနယ် (ဇူလိုင် ၁၈ ရက်ထုတ်)

စောင့်ကြည့်သတင်းဂျာနယ် အတွဲ ၁၅၊ အမှတ် ၁၇ တွင် စာရေးဆရာ သရ၀ဏ် (ပြည်) ရေးသားခဲ့သည့် "နစ် မြုပ်နေဆဲသင်္ဘောကြီးပေါ်က လူများ" ဆောင်းပါးတွင် ပါဝင်သည့်အချက်အလက်အချို့  မှားယွင်းနေသည်ဟုဆိုကာ ဒေါက်တာဝင်းထွန်းက စာနယ်ဇင်းကောင်စီသို့တိုင်ကြားထားခဲ့သည်။ ယင်းဆောင်းပါနှင့်ပတ်သက်ပြီး စာရေးဆရာက မတောင်းပန်လျှင် သတင်းမီဒီယာဥပဒေအတိုင်းဆက်သွားမည်ဟု သြဂုတ်လ ၄ ရက် နေ့ကပြောသည်။ 

ယင်းရေးသားချက်များသည် ယခင်အစိုးရများ၏ဆောင်ရွက်ချက်များအပေါ် အများပြည်သူက အထင်လွဲမှား စေသည့်အတွက်တရားစွဲဆိုရန် နေပြည်တော် ဒက္ခိဏသီရိတရားရုံးသို့ ဇူလိုင်၂၁ ရက်က ဦးတိုက်လျှောက် ထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးအုပ်ကြီးဦးအောင်ပိုင်မင်းကပြောသည်။

စာရေးဆရာ သရ၀ဏ် (ပြည်) က သူ့ထံသို့ မည်သည့်စာမှ ကောင်စီက မပို့သေးကြောင်း၊ ဦးတိုက်လျှောက်ထားသည့်အမှုကလည်း အကြောင်းမကြားသေးကြောင်း၊ ထူးပြီးပြောစရာမရှိဟုပြောကြောင်းသိရသည်။



ဗုဒ္ဓဘာသာဝင်အချင်းချင်း
စိတ်ဝမ်းကွဲဟု YMBA ဥက္ကဋ္ဌပြော 


ဝါဆိုလပြည့် ဓမ္မစကြာနေ့ဖြစ်သော သြဂုတ်လ ၃ ရက်
နေ့က YMBA အသင်းကြီးမှတာဝန်ရှိသူအချို့  ကိစ္စတစ်ခု
ရှိ ထန်းတပင်သို့အသွား ရွှေတိဂုံစေတီအနီးရောက်သော 
အခါ ဘုရားဝင်ဖူးကြခြင်းသာဖြစ်ကြောင်း၊ ဘုရားဖူးသည့်
ဓာတ်ပုံများကို လူမှုကွန်ယက်ပေါ်တင်ပြီး အချို့ ကရိုင်းပျစွာ
ဆဲဆိုခြင်းရှိခဲ့ကြောင်း၊ ထိုသို့ဆဲဆိုခြင်းများအပေါ် တုံ့ပြန်ရန်
မရှိကြောင်း၊ မိမိတို့သည် မည်သည့်ပါတီဝင်မှမဟုတ်ကြောင်း၊ အမျိုးဘာသာ သာသနာအတွက်လုပ်နေကြသူများဖြစ်ကြောင်း၊ ကိုဗစ်ကာလ ဘုရားပိတ်ထားသည်ကို နားလည်ကြောင်း၊ သို့သော် ဗုဒ္ဓဘာသာဝင်အချင်းချင်း စိတ်ဝမ်းကွဲနေခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ၏ဥက္ကဋ္ဌ ဦးရဲထွန်းကပြောကြောင်းသိရသည်။     

**********


လူတိုင်းကိုယ်စီ မဲရုံဆီသို့

မဲဆန္ဒရှင်၏
ကိုယ်ပိုင်အခွင့်အရေးကိုသုံးလျက်
ကိုယ်ပိုင်အခွင့်အာဏာဖြင့်
မိမိနှင့်သားသမီးမြေးမြစ်အားလုံးတို့၏
အနာဂတ် ကံကြမ္မာကို
မိမိတို့၏အသဲကြားက မဲတစ်ပြားဖြင့်
ပါဝင်ဖန်တီးကြကုန်လော့။






     (မြန်မာ့အလင်းသတင်းစာ - သြဂုတ်လ ၃ ရက်၊ ၂၀၂၀)


---------------------------------------------------

ဝါဆိုဦး ထူးမြတ်ဒေသနာ


စာရေးဆရာ သပြေထွန်း၏ "ကြာညို ပုန်းညက် ကျေးလက်ပန်းခူး ၀ါဆိုဦး ထူးမြတ်ဒေသနာ ဓမ္မစကြာ" ဆောင်းပါးမှ၊ ကြေးမုံသတင်းစာ၊ သြဂုတ်လ၂ ရက် ၂၀၂၀။ 



၂၁ ရာစု ပင်လုံအစည်းအဝေး
သြဂုတ် ၁၉ ရက်ကျင်းပမည်

ပည်ထောင်းစုငြိမ်းချမ်ရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ်လ ၁၉  မှ ၂၁ ရက်အထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သမတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ ၁ ရက်နေ့ကပြောကြားသည်။ 


နေရပ်ပြန်တိုက်ပွဲရှောင်များ
ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်  

ကချင်ပြည်နယ် မံစီမြို့ နယ် မုန်းဒိန်ပါးကျေးရွာအုပ်စု မခေါ်ရန်ကျေးရွာတွင် ပြန်လည်နေထိုင်သည့်တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများ အခြေတကျပြန်လည်နေထိုင်နိုင်ရေးအတွက် အဆိုပါကျေးရွာမူလတန်းကျောင်း ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့သည်။

နေအိမ်ပြန်အိမ်ထောင်စု ၂၈ စုအတွက် ပြောင်းရွေ့ စရိတ်တစ်အိမ်ထောင်လျှင် ကျပ် ၁ သိန်းစီ၊ လူဦးရေ ၁၄၇ ဦးအတွက် ကျပ် ၂၆၇၆၇၈၄ ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ တစ်လစာရိက္ခာများ၊ UNHCR မှ စောင်၊ ခြင်ထောင်၊ ဖျာ၊ မိုးကာ၊ ရေပုံးစသည့်အသုံးအဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ဂျော်ဒန်နှင့်ကမ္ဘောဒီးယားမှ 
အခက်အခဲကြုံမြန်မာနိုင်ငံသားများ ခေါ်ဆောင်ပေးခဲ့


 ဓာတ်ပုံ-မြန်မာ့အလင်း

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေကြရသော မြန်မာနိုင်ငံသားများအားပြန်လည်ခေါ်ဆောင်ရန် COVID-19 ကာကွယ်။ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ ဂျော်ဒန်နိုင်ငံတွင်အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေပြီး မြန်မာပြည်သို့ပြန်လာရန်အခက်အခဲတွေ့နေသူ ၁၂၁ ဦး နှင့်ကမ္ဘောဒီးယားနိုင်ငံမှ ၆၅ ဦးတို့အား မြန်မာလေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကောင်းမွန်စွာရောက်ရှိလာခဲ့သည်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်ပျံများသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစုစုပေါင်း ၉၅၂၈ ဦးအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲပြီးဖြစ်ကြောင်းသိရသည်။


ကိုဗစ်-၁၉ ပြည်သူ့အလှူ

၁။ မြန်မာ့စီးပွားရေးဘဏ်
၂။ ကမ္ဘောဇဘဏ်
၃။ ဧရာဝတီဘဏ်
၎။ CB ဘဏ်



လတ်ဆတ်သောသစ်သီးနှင့်ဟင်းသီးဟင်ရွက်
မော်တော်ယာဉ်ဖြင့်ရောင်းချပေး

ဓာတုပိုးမွှားကင်းစင်ပြီး သန့်ရှင်းလတ်ဆတ်သော နယ်ပေါင်းစုံမှလာသည့် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို စားသုံးသူများဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သင်္ဃန်းကျွန်းမြို့ နယ် စံပြငမိုးရိပ်ဈေးသို့ မော်တော်ယာဉ်များဖြင့် လာရောက်ရောင်းချသည်။ မကြာခင်မှာ မော်တော်ယာဉ် ၇ စီးဖြင့် တိုးချဲ့ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

စွန့်ပစ္စည်းများဖြင့်  
လက်မှုအနုပညာဖန်တီး

 ဓာတ်ပုံ-မြန်မာ့အလင်း

သတင်းစာ ဂျာနယ်စက္ကူအဟောင်းမျာဖြင့် အမြင့် ၉ ပေ၊ လုံးပတ် ၁၇ ပေခန့်ရှိသော စက္ကူအလှပန်းအိုးကြီးတစ်လုံးကို ၂ လကျော် ၃ လ နီးပါးအချိန်ယူကာ Firefly Myanmar Recycle မှ ဦးအေးလွင်က စိတ်ပါလက်ပါ အနုစိတ်ဖန်တီးသည်။   

စက္ကူပိသာအချိန် ၁၀ နီးပါး၊ ကော်ဘူး ၂၀၀ ကျော်အသုံးပြုလျက် ထိုမျှကြီးမားသောပန်းအိုးကြီးကို လူ ၅ ဦးအကူအညီဖြင့်ပြုလုပ်ခဲ့ကြောင်းသိရသည်။  


လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း

မဲဆန္ဒရှင်စာရင်းလာကြည့်သူ  
ခြောက်သန်းနှင့်ခြောက်သိန်ကျော်ရှိ   

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းအား ဇူလိုင်လ ၂၅ ရက်နေ့က ပထမအကြိမ်ကြေညာပြီးနောက် တစ်နိုင်ငံလုံးတွင် မဲစာရင်းလာရောက်ကြည့်ကြသူပေါင်း ခြောက်သန်းနှင့်ခြောက်သိန်းကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောသည်။


ဒေါက်တာတင်မာလာအောင်
ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှ ၀င်ပြိုင်မည်


ဖခင်ဖြစ်သူ ဒေါက်တာစောမြအောင်တည်ထောင်ခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ALD) ကို ကိုယ်စားပြုပြီး တောင်ကုတ်မြို့ နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအား ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ 


တပ်ရင်းတပ်ဖွဲ့ သီးသန့်မဲရုံများ
တပ်ပြင်ပတွင်ရှိမည်

၂၀၂၀ ရွေးကောက်ပွဲအတွက် တပ်ရင်းတပ်ဖွဲ့ သီးသန့်မဲရုံ ၆၃၂ ရုံလျာထားသတ်မှတ်ပြီး တပ်ပြင်ပတွင်တည်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဖေ့စ်ဘွတ်တွင် ဇူလိုင်လ ၃၁ ရက်နေ့ကဖော်ပြထားကြောင်းသိရသည်။ 

ရှမ်းပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒ  
 ရှင် ၄၉၀၀ ကျော်ရှိ

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့်ရှိသော မသန်စွမ်းသူဦးရေ ၄၉၀၀ ကျော်ရှိသည်ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းကပြောကြောင်းသိရသည်။


ရွေးကောက်ပွဲတွင် 
မဲပေးခွင့်ရရန် ဆောင်ရွက်ပေးနေ

အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်ရရှိရေးအတွက် လိုအပ်သောမှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး၊ မဲစာရင်းထုတ်ပြန်ထားရှိမှုတွင် အမည်စာရင်းပါရှိရေး၊ မှတ်ပုံတင်အမှတ်များမပါရှိပါက အကြောင်းကြားဖြည့်သွင်းနိုင်ရေးနှင့် မဲစာရင်းတွင်ပါသင်သော်လည်း မှတ်ပုံတင်မရှိသေးပါကလည်း မဲပေးခွင့်မဆုံးရှုံးစေရေးတို့အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စစ်ရေးပဋိပက္ခဖြစ်နေရာ 
ရွေးကောက်ပွဲဆိုင်းငံ့မည်

ရခိုင်ပြည်နယ်ရှိ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်နေရာများကို လုံခြုံမှုမရှိသောနေရာများအဖြစ် တပ်မတော်မှ ကြေညာပါက ယင်းနေရာတို့တွင် ရွေးကောက်ပွဲများအစီအစဉ်များဆိုင်းငံ့ထားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောကြောင်းသိရသည်။   


စာတစ်ကြောင်းသတင်း
(News In One Sentence)



မန်မာလေကြောင်းလိုင်း ၂၀% လျှော့ရောင်းပေးနေ
နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ၇၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်တွင်းခရီးစဉ်များအားလုံးကို ၂၀ ရာခိုင်နှုန်းဈေးလျှော့ကာ ဇူလိုင် ၁၆ ရက်မှ ၃၁ ရက်အထိရောင်းချပေးခဲ့ပြီး ယခုထပ်မံ သြဂုတ်လ ၁၅ ရက်နေ့အထိ တိုးမြှင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အလယ်တန်းကျောင်းသားများ ကျောင်းသုံးပစ္စည်း အခမဲ့ပေးမည်
အခြေခံပညာအလယ်တန်းကျောင်းများပြန်ဖွင့်သောအခါ ကျောင်းသူကျောင်းသားများအား ဗလာစအုပ်၊ ခဲတံနှင့်ဘောပင်တို့ကို ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးမည်ဟုသိရသည်။ 


အသည်းရာင်အသားဝါ စီပိုး အခမဲ့ကုပေးနေ
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မကွေး၊ တောင်ကြီးနှင့်လားရှိုးမြို့ များရှိ ပြည်သူ့ဆေးရုံကြီး ၁၂ ခုမှ အသည်းရောဂါအထူးကုဌာနများတွင် အသည်းရောင်အသားဝါ စီရောဂါကုသမှုကို အခမဲ့လုပ်ဆောင်းပေးလျက်ရှိကြောင်းသိရှိရသည်။ 


ရခိုင်ပြည်နယ်အစိုရ အခြေခံလူတန်းစားများထောက်ပံ့
ကိုဗစ်-၁၉ ကာလအတွင်း ဂွမြို့ နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်းစုများအတွက် ထောက်ပံ့ကြေးငွေကျပ် ၂၇၈၈ သိန်းကျော်ကို ရခိုင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် သြဂုတ်လ ၂ ရက်နေ့က ပေးအက်ခဲ့ကြောင်းသိရသည်။

စစ်သည်နှစ်ဦးအား အမြင့်ဆုံးပြစ်ဒဏ်ပေး
ကရင်ပြည်နယ် ဖာပွန်မြို့ နယ် ပိုလိုထကျေးရွာအုပ်ချုပ်ရေးမှူး၏ဇနီးနော်မူနောထံမှ ပစ္စည်းလုယက်မှုနှင့် လူကိုသေစေသည်အထိပြစ်မှုကျူးလွန်ခဲ့သဖြင့် ဇူလိုင်လ ၂၉  ရက်တွင် စစ်တရားရုံးဖြင့်စစ်ဆေးစီရင်ခဲ့ပြီး ဖော်ပြပါပြစ်မှုများအတွက် စစ်သည်နှစ်ဦးအား အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

သိန်းပေါင်း ၈ သိန်းတန်မူးယစ်ဆေး ဖမ်းမိ 
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့ နယ် ကညင်ကုန်းကျေးရွာအုပ်စု ဆယ်အိမ်တန်းကျေးရွာတွင် ကျပ်သိန်းပေါင်း ၈ သိန်းခန့်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများကို ဇူလိုင် ၃၁ ရက်နေ့ညက ဖမ်းဆီး၇မိခဲ့ကြောင်းသိရသည်။

Teaching Assistant (TA) ဆရာများ လုပ်အားခချီးမြှင့်မည် 
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းဆင့်သင်ကျောင်းများရှိ Teaching Assistant (TA) များကို ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကူညီတာဝန်ထမ်းဆောင်စေရန်နှင့် TA များ၏လုပ်အားခများကို ဇူလိုင် ၁၅ ရက်မှစတင်တွက်ချက်ကာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဇူလိုင် ၃၁ ရက်တွင်သ်ရသည်။  

မိုးခေါင် သီးနှံပျက်စီးတောင်သူများ ထောက်ပံ့ပေး 
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ နယ် ဂါးထာကျေးရွာအုပ်စုမှ မိုးခေါင်ခြင်းကြောင့် သီးနှံများပျက်စီးဆုံးရှုံးရသည့်တောင်သူများအား ငွေကျပ် ၁၅၇၂၂ သိန်းကို ဇူလိုင် ၂၈ ရက်က ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။



တရား
ဓမ္မ 
အသိအမြင်


သတိ ကို မွေးမြူရာတွင် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို မလွတ်စတမ်းစောင့်ဖမ်းကြည့်နေဖို့လို၏။
ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို၏ အဖြစ်အပျက်အခြေအနေကိုလည်း မေ့မနေစေဖို့လို၏။

အဖြစ်အပျက်အခြေအနေတို့ကို စောင့်ဖမ်းနေခြင်းဖြင့် ဥာစ်သက်ဝင်အောင်၊ ရှေ့ ရှုထင်မြင်လာအောင်လည်း ပြုပေးဖို့လို၏။
ယင်းသည် သတိသမ္ဗောဇ္ဈင်ဖြစ်၏။ 
ကောင်းမြတ်သော လက္ခဏာဖြစ်၏။ 

ဤသဘောကိုထင်မြင်လွယ်ကူစေရန်အတွက် မဟာစည်ဆရာတော်ကြီးက မဟာသတိပဋ္ဌာနသုတ်တရားတော်တွင် အောက်ပါကဗျာဖြင့်ဆုံးမတော်မူခဲ့သည်။

- မလွတ်စတမ်း စောင့်ဖမ်းနေသည်။
ဖြစ်ပျက်သရွေ့  မမေ့စေပြီ။
အာရုံရှေ့ ရှု စောင့်မှုထင်သည်။
မြတ်အတိ မှတ်သိ ဗောဇ္ဈင်မည်။


ဘိက္ခုဓမ္မသေန (မဟာဝိဇ္ဇာ) - ('မာဒ (သို့) ဘ၀အသုံးချ ဓမ္မလမ်းစဉ်' ဆောင်းပါး၊ အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း  ဇန်န၀ါရီလ ၂၀၀၀)
   




အာဆီယံသတင်း

ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု
အလွန်အမင်းပျံ့ နှံ့လာ

  Photo - Reuters

ပြည်တွင်းဗိုင်းရပ်စ်ရောဂါကူးစက်မှုကို သုံးလကျော်ကြာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့  တွင် ယင်ကထက်ပိုမိုကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်ပိုးကူးစက်မှုများပြန်လည်ဖြစ်ပွားခဲ့သည်။

ယခင်ကကူးစက်မှုနှုန်းမှာ ၁.၈ မှ ၂.၂ သာရှိခဲ့သော်လည်း ယခုကူးစက်မှုနှုန်းမှာ ၅ ဦး မှ ၆ ဦးအထိရှိလာခဲ့သည်။

ထိုကြောင့် ဟနွိင်းနှင့်ဟိုချီမင်းမြို့ များရှိနေရာအချို့ ကို လော့ဒေါင်းလုပ်ထားပြီး ပြန်လည်ကူးစက်မှုဗဟိုချက်ဖြစ်သော ဒါနန်းမြို့ သို့ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာအရင်းအမြစ်များ အလျင်အမြန်ပို့ဆောင်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
Nikkei Asian Review, August 3, 2020 (သတင်းဘာသာပြန် ကျွန်းသာယာ)


ကိုဗစ်-၁၉ အခြေအနေဆိုးဝါးလာ 
ဖိလစ်ပိုင်ကျန်းမာရေးစနစ်ပြိုလဲလုနီး

ဓာတ်ပုံ - ရိုက်တာ။ 

ဖိလစ်ပိုင်နိုင်ငံမှ ဆရာဝန်နှင့်သူနာပြု ဒါဇင်ပေါင်းများစွာတို့က နိုင်ငံ၏ကျန်းမာရေးစနစ်မှာ ပြိုလဲလုလုအခြေအနေသိုရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုကြောင့် မဟာမနီလာဧရိယာနှင့်အနီးဝန်းကျင်ရှိမြို့ များအားလုံးကို အနည်းဆုံး ရက်သတ္တပတ် ၂ ပတ်ကြာ လော့ဒေါင်းပြန်ချရန် သြဂုတ်လ ၁ ရက်နေ့က အစိုးရကိုတောင်းဆိုလိုက်သည်။

ကျန်းမာရေးကဏ္ဍအနေဖြင့် မနိုင်သည့်တိုက်ပွဲကို ဆင်နွှဲနေရပြီး မည်သို့မျှဆက်လက်တောင်ခံထားနိုင်ခြင်းမရှိတော့ကြောင်းကို ကျန်းမာရေးအဖွဲ့ အစည်း ၄၀ ကျော်တို့က လက်မှတ်ရေးထိုးလျက် သမတဒူတာတေးထံပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။

သြဂုတ်လ ၁ ရက်နေ့ တစ်နေ့တည်းမှာပင် ကိုဗစ်ရောဂါဖြစ်သူပေါင်း ၄,၉၆၃ ဦးရှိပြီး ဖိလစ်ပိုင်နိုင်ငံတွင် ကူးစက်ခံရသူပေါင်း ၉,၈၂၃၂ ဦးအထိ ရှိသွားပြီဖြစ်ကြောင်းသိရသည်။

The Sunday Times, August 2, 2020 (သတင်းဘာသာပြန် ကျွန်းသာယာ)


+++++++++++++++++++++++++++++++++



ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်
၁၅ စက္ကန့်တိုင်း လူ ၁ ဦးနှုန်း သေနေ 

ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်းမှာ ဇူလိုင်လ ၅ ရက်နေ့က ၇ သိန်းကျော်အထိရှိသွားရာ ယခုအချိန်တွင် ၁၅ စက္ကန့်ကြာတိုင်း လူတစ်ဦးနှုန်းသေနေကြောင်းသိရသည်။     

Deutsche Welle (DW), August 5, 2020     (သတင်းဘာသာပြန် ကျွန်းသာယာ)



ကိုရိုနာဗိုင်းရပ်စ်ကပ် ကြာဦးမည်ဟု
     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသတိပေး     



ကိုဗစ်-၁၉ ကို ကမ္ဘာ့ကပ်ရောဂါ
အဖြစ်ကြေညာခဲ့ပြီးနောက်ပိုင်း 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အရေး
ပေါ်ကော်မတီအစည်းအဝေး၏ ၆ လ
အကြာသုံးသပ်မှုကို သြဂုတ်လ ၁ ရက်
ကပြုလုပ်ရာ ဤကပ်ရောဂါကြီး ကြာ 
ရှည်နိုင်ဖွယ်ရှိသည်ဟု သတိပေးထား
ကြောင်းသိရသည်။ 

the new paper, August 3, 2020
(သတင်းဘာသာပြန် ကျွန်းသာယာ)



ဆေးပညာနှင့်
ကျန်းမာရေးသတင်း

ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်မှု
Dementia ရောဂါဖြစ်နိုင်ခြေလျှော့ချနိုင်




ကျန်းမာရေးနှင့်ညီညွတ်သည့်လူမှုဘ၀ပုံစံ (Healthy lifestyle) ကို မွေးမြူကျင့်သုံးခြင်းဖြင့် လူအမြောက်အများတို့အနေဖြင့် dementia ရောဂါမှ ကာကွယ်နိုင်ကြမည်ဟု လေ့လာမှုကြီးတစ်ခုကတွေ့ရှိခဲ့သည်။

အစားအစာများကို လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ ပိုလုပ်ခြင်း၊ အရက် ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ရှားခြင်းတို့က နောင်အသက်အရွယ်ကြီးလာချိန်တွင် dementia ရောဂါဖြစ်ခြင်းကို ၄၀ ရာခိုင်နှုန်းခန့်အထိလျှော့ချနိုင်ကြောင်း ဒီမဲင်းရှားရောဂါဆိုင်ရာ ကမ္ဘာ့ထိပ်သီးပညာရှင်ကြီး ၂၈ ဦးပါဝင်သည့်သုတေသနလေ့လာရေးအဖွဲ့ကပြောသည်။  

အစားအစာ၊ ကိုယ်လက်လှုပ်ရှားခြင်းနှင့်အရက်သေစာသောက်ခြင်းတို့သည် ဦးနှောက်သို့သွေးရောာက်ရှိမှုနည်းပါးစေခြင်းအပေါ် များစွာအကျိုးသက်ရောက်မှုရှိစေကြောင်းသိရသည်။

Mail Online, July 30, 2020 (သတင်းဘာသာပြန် ကျွန်းသာယာ)








Saturday, August 1, 2020

တန်ဖိုး



ဒီကနေ့နေ့ခင်းက ဖေ့စ်ဘွတ်မှာ ဗီဒီယိုလေးတစ်ခုကြည့်ပြီး အစက ကိုယ်ဖာသာကိုယ်တစ်ယောက်ထဲ ပြုံးမိတယ်။

နောက်တော့ တီဗွီကြည့်နေတဲ့အိမ်ရှင်မကို လှမ်းပြောပြရင်း နှစ်ဦးသားရယ်လိုက်ကြရတာ။

ဖေ့စ်ဘွတ်မှာ အဲဒီလိုတင်ထားတာလေးတွေကြည့်ရတာ နှစ်သက်စရာပါ။

ဗွီဒီယိုပြကွက်အတိုလေးတွေကြည့်ပြီး စိတ်လက်ပေါ့ပေါ့ပါးပါးလေးနဲ့ အတွေးတစ်ခု နားလည်မှုတစ်မျိုးရတယ်။

အကြောင်းအရာလေးကိုကြည့်ပြီး ဆက်ပြီးစဉ်စားရတာမျိုးလဲရှိတတ်တယ်။

ဒီနေ့ဗွီဒီယိုလေးကြည့်ပြီးတော့ မိမိမှာ အတွေးတစ်ခုရလိုက်ပါတယ်။

အဲဒါက ပစ္စည်းတစ်ခုရဲ့ တန်းဖိုး အပြောင်းအလဲပါ။   

မူလဗွီဒီယိုကနေ screenshot လုပ်ထားတဲ့အောက်ကပုံလေးတွေကို ကြည့်ကြရအောင်။



မြင်ကွင်း (၁)
လူငယ်အမျိုးသားတစ်ဦး နောက်လူငယ်အမျိုးသမီးတစ်ဦးရဲ့ လက်ကလေးကိုဆွဲပြီး သူ့ရှေ့ မှာ ဒူးကလေးထောက်လို့ ပန်းစည်းလှလှလေးပေးပါတယ်။

ချစ်ခွင့်တောင်းပါတယ်။

မြင်ကွင်း (၂)
အမျိုးသမီးလေးက ခါးခါးသီးငြင်းကာ ကောင်လေးကိုင်ထားတဲ့လက်ကို ဆောင့်ဆွဲရုန်းလိုက်ပြီး ကျောပေးထွက်သွားတယ်။

မြင်ကွင်း (၃)
ဒီအဖြစ်အပျက်ကို အဲဒီအနီးတ၀ိုက်မှာထိုင်နေတဲ့လူငယ်အမျိုးသားတစ်ဦးက စိတ်ဝင်တစားကြည့်နေတယ်။

မြင်ကွင်း (၄)
အမျိုးသမီးလေးရဲ့ မကျေမနပ်ဖြစ်မှုကို ရင့်ရင့်သီးသီးကြီးခံလိုက်ရရှာတဲ့ လူငယ်လေးခမျာ အကြီးအကျယ်စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး သူ့လက်ထဲကပန်းစည်းကို အမှိုက်ပုံးထဲပစ်လိုက်တယ်။

မြင်ကွင်း (၅)
အဖြစ်အပျက်တစ်ခုလုံးကို အစကအဆုံးမြင်ရတဲ့လူငယ်လေး ရုတ်တရက်အကြံရကာ အမှိုက်ပုံးထဲကပန်းစည်းကို သွားပြီးကောက်ယူလိုက်တယ်။

မြင်ကွင်း (၆)
အဲဒီအချိန်မှာ လူငယ်စုံတွဲတစ်တွဲရောက်လာတာကိုတွေ့ရလို့ ပန်းစည်းကောက်လာတဲ့လူငယ်လေးက အမျိုးသားဖြစ်သူကို 'ခင်ဗျားရဲ့ ချစ်ချစ်လေးကို ဒီပန်းစည်းလှလှလေးမပေးချင်ဘူးလား။ ဈေးမကြီးပါဘူးဗျာ။ တစ်ဆယ်ထဲပါ' လို့ပြောလိုက်တယ်။

အမျိုးသမီးရဲ့ ပန်းစည်းလိုချင်နေတဲ့မျက်နှာကိုရိပ်မိတဲ့  အမျိုးသားလေးက ၀ယ်လိုက်ပါတယ်။

မြင်ကွင်း (၇)
ပြီးတဲ့အခါ မျှော်လင့်နေတဲ့သူ့ချစ်ချစ်လေးကို ပေးလိုက်တော့တာ။

မြင်ကွင်း (၈)
အကြံလည်းကာင်း ဖြတ်ထိုးဥာဏ်လဲရှိပြီး အခြေအနေကို ကွက်တိအသုံးချတတ်တဲ့လူငယ်လေးက တန်ဖိုး'သုည'ဖြစ်သွားတဲ့ပန်းစည်းကို အသက်ပြန်သွင်းကာ အလကားနေရင်းပိုက်ဆံရလိုက်တာဖြစ်လို့ ကျေနပ်မဆုံးရှာဘူးပေါ့။


မှတ်ချက်။ ။ မူလဗွီဒီယိုမှာ စကားပြောလုံးဝမပါပေမယ့် ဇာတ်လမ်းပိုပြီးအသက်ဝင်စေဖို့ တစ်နေရာမှာ ဖန်တီးထည့်ထားပေးပါတယ်။




Friday, July 31, 2020

မုဒိတာစမ်းရေ စီးဆင်းနိုင်ကြပါစေ








ယနေ့နေ့ခင်းက မဇ္ဈိမတီဗွီထုတ်လွှင့်မှုတွင် 'သင့်မြတ်ငြိမ်းချမ်း အနာဂတ်လမ်းဆီသို့'ခေါင်းစဉ်ဖြင့် စာရေးဆ ရာ ၃ ဦးတို့ ဆွေးနွေးပြောဆိုသွားသည်ကို နားထောင်လိုက်ရသည်။

စာရေးဆရာမ စန်းစန်းနွဲ့ (သာယာဝတီ)၊ စာရေးဆရာ ညီမင်းညို၊ စာရေးဆရာ သရ၀ဏ် (ပြည်) တို့ဖြစ်ကြပြီး ကြားခံဆွေးနွေးသူက စစ်မော်ဖြစ်သည်။

ဒီအစီအစဉ်ကို မိမိ ပထမဆုံးနားထောင်ဖြစ်ခြင်းဖြစ်သည်။ 
အစီအစဉ်တစ်ဝက်ကျော်လောက်မှ တွေ့ မိသဖြင့် ရှေ့ တွင်နားမထောင်လိုက်ရသည်များရှိပါသည်။

မြန်မာ့နိုင်ငံရေးကို အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ် ၃ ကာလလွှမ်းခြုံဆွေးနွေးသွားကြသည်။

ခေါင်းစဉ်မှာဆိုထားသည့်အတိုင်း သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့်အနာဂတ်ခရီးတို့အကြောင်းဖြစ်သည်။

တကယ်တော့ ယနေ့မြန်မာပြည်သည် အတိတ်သမိုင်းကအတိုင်း မသင့်မြတ်ဆဲ၊ မငြိမ်းချမ်းဆဲဖြစ်နေလေရာ မြန်မာပြည်သူပြည်သားတို့၏ အနာဂတ်သည်လည်း မျှော်လင့်ချက်မကောင်းနိုင်ဟုပြောရမည်ထင်ပါသည်။

ဆွေးနွေးသွားသည့်အကြောင်းအရာအားလုံးထဲမှ နောက်ဆုံးဆွေးနွေးသွားသည့် 'မုဒိတာ'သည် နိုင်ငံသူနိုင်ငံသားများ အချင်းချင်း နားလည်မှုရှိစွာသင့်မြတ်ကြရေးနှင့်ငြိမ်းချမ်ရေးအတွက် အလွန်အရေးကြီးပါသည်။

အဘယ်ကြောင့်ဆိုသော် စာရေးဆရာများထောက်ပြပြောဆိုခဲ့ကြသည့်အတိုင်း မိမိတို့နိုင်ငံသူနိုင်ငံသားများတွင် ယေဘုယျအားဖြင့် မေတ္ထာနှင့်ကရုဏာ များစွာမရှားလှသော်လည်း မုဒိတာကား ရှားပါးလွန်းလို့နေပါသည်။ 

ဆရာသရ၀ဏ် (ပြည်) က ဗိုလ်ချုပ်အောင်ဆန်းနှင့်ဂဠုန်ဦးစောတို့ကို ဥပမာပေး၍ပြောသွားသည်။ 

ဂဠုန်ဦးစောက သူ၏နိင်ငံရေးဝါနှင့်ရာထူးဂုဏ်ရှိန်တို့ကြောင့် အင်္ဂလန်ရောက်နေစဉ်နှင့်၈န်ဘီယာနိုင်ငံတွင် အဖမ်းခံထားရပြီးမြန်မာပြည်သို့ပြန်ရောက်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းအား တစ်ချိန်ကသူသိထားသော တက္ကသိုလ်ကျောင်းသားနိုင်ငံရေးသမားပေါက်စလေးဟုသာ ထင်မြင်နေခဲ့သည်။ 

ထိုကြောင့် ထိုစဉ်က ပြည်သူလူထုတစ်ရပ်လုံး၏လေးစားမှုရရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဂဠုန်ဦး စောက အသက်ကြီးဝါကြီးသူတစ်ဦးအဖြစ် မုဒိတာမပွားနိုင်ခဲ့ပဲ အမုန်းအားကြီးခဲ့သဖြင့် နိုင်ငံတော်ကိုသစ္စာ ဖောက်သည့် သမိုင်းဝင်ရာဇ၀တ်မှုကြီးကို ကျူးလွန်မိခဲ့တော့သည်။

သူတစ်ပါး၏အောင်မြင်ကျော်ကြားမှုအပေါ်မှာ ခွဲခြားမှုကင်းစွာ မျှဝေကြည်နူးဝမ်းမြောက်မှု စိတ်စေတနာမထားနိုင်ခြင်းကြောင့် မိုက်မဲမိခြင်းဖြစ်ရလေသည်။

ဆရာညီမင်းညိုကမူ မြန်မာ့လက်ဝှေ့ MMA ကမ္ဘာချန်ပီယံ အောင်လအန်ဆန်း၏မုဒိတာပွားမှုကို အချင်းချင်းလေးစားခြင်းဖြင့် ဥပမာပေးခဲ့သည်။

အောင်လအန်ဆန်းက စိန်ခေါ်သူဂျပန်လက်ဝှေ့ကျော် ဟဲဆေဂါဝါးကို ဒုတိယအချီမှာ အလဲထိုးပြီးနောက် ပုံမှန်လို ချက်ချင်းလက်ဝှေ့ယိမ်းပြပြီး အောင်ပွဲမခံဘဲ ဟဲဆေဂါဝါး သတိလစ်မေ့မျှောရာက သတိပြန်ရသောအခါတွင်မှသာ လက်ဝှေ့ယိမ်းပြခဲ့သည်။

အထက်ပါ ဥပမာ ၂ ခုကိုကြည့်ပါက ကိုယ့်ထက်သာသောသူများအပေါ်ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းဆိုသည့် မုဒိတာ၏ဆန့်ကျင်ဘက်ဖြစ်သော က္ကသာ(မနာလိုခြင်း)သည် မိမိနှင့်နီးစပ်သူများအကြားတွင်လည်းကောင်း ၊ တစ်ဦးနှင့်တစ်ဦးအမှီအခိုကျေးဇူးရှိကြသူအချင်းချင်းတို့တွင်လည်ကောင်း ပိုပြီးအဖြစ်များလေ့ရှိကြာင်း သတိပြုဆင်ခြင်မိသည်။

သို့ဖြစ်ရာ တစ်မျိုးသားလုံး သင့်သင့်မြတ်မြတ် ငြိမ်းငြိမ်းချမ်းချမ်းရှိနိုင်ကြစေရန် မိမိတို့အားလုံး၏စိတ်နှလုံးတွင် မုဒိတာစမ်းရေများ တသွင်သွင်စီးဆင်းနိုင်ကြပါစေဟု ဆန္ဒပြုမိပါသည်။ 
  


Thursday, July 30, 2020

ရင်ထဲကအောင်ဆန်းကွင်း



အောင်ဆန်းကွင်းဟု မိမိတို့နှုတ်ကျိုးနေသည့်အမည်အမှန်မှာ အောင်ဆန်းအားကစားကွင်းဖြစ်သည်။

မိမိတို့အရွယ်ရောက်စဉ်က အောင်ဆန်းအားကစားကွင်းအမည်ကို ရေဒီယိုမှ ခဏခဏကြားခဲ့ရသည်။

ထိုသို့ ကြားခဲ့ရတိုင်းလည်း မြန်မာပြေးခုန်ပစ်အားကစားသမားများနှင့်ဘောလုံးအားကစားသမားများ၏အဆင့်အတန်းမြင့်လှသောစွမ်းဆောင်ရည်များနှင့်အောင်မြင်မှုများကို ယနေ့တိုင် ရင်ခုံစိတ်လှုပ်ရှားစွာအမှတ်ရနေပါသည်။

အောင်ဆန်းအားကစားကွင်းနှင့်'တို့ဗမာနိုင်ပြီ'သီချင်းတို့သည် မြန်မာတစ်မျိုးသားလုံး၏ရင်ထဲတွင် မမေ့နိုင်သေးသည့် အမှတ်တရများဖြစ်ခဲ့သည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာခေါင်းကြီးမှာ 'အားကစား၏တန်ခိုး၊ အမွေအနှစ်၏ တန်ဖိုး' ဆောင်းပါးကိုဖတ်ရသောအခါ အောင်ဆန်းအားကစားကွင်းကို မြန်မာ့ရွှေခေတ်အားကစားနှင့်အတူ မျက်ရည်စို့မျှ လွမ်းမိရပါတော့သည်။
















Monday, July 27, 2020

တပည့်ခံပြီး ဆရာလုပ်ခဲ့ခြင်း




Photo - Temasek Foundation


မှတ်မိသရွေ့ ဆိုရင် စင်ကာပူနိုင်ငံသူနိုင်ငံသားတွေကို နှာခေါင်းနဲ့ပါးစပ် အကာအကွယ်ပေးတဲ့ မျက်နှာဖုံး (mask) တွေ  အလကားပေးခဲ့တာ အနည်းဆုံး ၃ ကြိမ်လောက်ရှိနေပြီ။

ပထမဆုံးတစ်ခါပေးတုန်းကတော့ ဟိုရက်ယူနိုးနိုး ဒီရက်ယူနိုးနိုးနဲ့ နေ့ရွေ့ ညရွေ့ လုပ်နေတာကြောင့် ရက်လွန်သွားပြီး မရလိုက်ဘူး။

နောက်နှစ်ကြိမ်ပေးတာတော့ ရအောင်ကိုယူလိုက်ဖြစ်တယ်။

ဒါနဲ့ နောက်ဆုံးအခေါက်ပေးတဲ့ မျက်နှာဖုံးကို အိမ်ရှင်မနဲ့သွားယူတာမှာ တပည့်ခံပြီး ဆရာပါလုပ်ခဲ့ရတဲ့ အတွေ့အကြုံလေးရခဲ့ပါတယ်။

 ဒီလိုပါ။

မျက်နှာဖုံးတွေကို မြိုနယ် ရပ်ကွက်ထဲကလူတွေ တွေ့ဆုံပြီး ကျန်းမာရေးလေကျင့်ကြ၊ သီချင်းဆို ကခုန်ကြ၊ ကြက်တောင် ဘတ်စကက်ဘော ဆိုတာတွေကစားကြလေ့ရှိတဲ့ Community Club/Centre မှာ မိမိတို့ သွား ယူခဲ့ပါတယ်။

အဲဒီမှာ အအေးဗူးတွေထည့်ထားတဲ့ ထောင်လိုက်သေတ္တာ (vending machine) နဲ့ မျက်နှာဖုံးတွေထည့်ထားပေးတာ။

တစ်ဦးကို ၂ ခုပေးပါတယ်။ အဲဒီမျက်နှာဖုံး ၂ ခုကို နေ့စဉ်အလှည့်ကျလျှော်ဖွတ်သုံးရင် ၂ လကြာ သုံးနိုင်တယ်ပြောပါတယ်။

စက်မှာ ကိုယ်ဖာသာကိုယ် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားနဲ့ စကဲန်း (scan) လုပ်ပြီးယူရမှာပါ။

မျက်နှာဖုံးပေးတဲ့စက်အနားကို မိမိတို့ အဖိုးကြီးအဖွားကြီးဇနီးမောင်နှံရောက်သွားပြီး 'ဘယ်လိုများ လုပ်ရပါ့မလဲ' လို့ ကြည့်နေတုန်း လူရွယ်တစ်ဦးရောက်လာပြီး လုပ်ပြပေးပါတယ်။

ဒါနဲ့ လုပ်တတ်သွားရောဆိုပါတော့။

မိမိတို့ နှစ်ဦးအတွက်ရယ် အိမ်မှာကျန်ခဲ့တဲ့သားအတွက်ရယ် ၃ ယောက်စာကိုထုတ်ယူပြီး အိမ်ပြန်မယ်အလုပ်မှာ နောက်လူကြီး ၂ ဦးရောက်လာပြီး ကိုယ့်တုန်းကလိုပဲ ဘာလုပ်ရမှန်မသိဖြစ်နေတာ တွေ့လိုက်ရတယ်။

ဒီတော့ ကိုယ်က လူတတ်ကြီးလုပ်ပြီး သူတို့ကို သင်ပြရင်းလုပ်ပေးလိုက်ရတော့တာ။

ဒါကြောင့် တိုတောင်းတဲ့အချိန်ပိုင်းလေးတစ်ခုအတွင်းမှာ မိမိက တပည့်ခံပြီး ဆရာလဲပြန်လုပ်ခဲ့ရကြောင်းပါလို့။




Sunday, July 26, 2020

ကျွန်းသာယာ သတင်းစဉ် (၅)


ကျွန်းသာယာ သတင်းစဉ်
(Kyun Thar Yar News Magazine)





***




သူနာပြုသားဖွားဒီပလိုမာသင်တန်းဆင်း
၈၁၆ ဦး စက်တင်ဘာလခန့်ရန်ရှိ

သူနာပြုသားဖွားဒီပလိုမာ ၃ နှစ်သင်တန်းဆင်းများအား လာမည့်စက်တင်ဘာလတွင် ခန့်ထားပေးရန်စီစဉ်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင် ၂၇ ရက်နေ့ကထုတ်ပြန်သည်။

လက်ရှိအစိုးရတာဝန်ယူချိန်မှစပြီး သူနာပြုဆရာဆရာမပေါင်း ၇၄၅၅ ဦး၊ သားဖွားဆရာမပေါင်း ၃၈၄၄ ဦးနှင့်သူနာပြုအကူ ၉၃၀ ဦးတို့အား အသစ်ခန့်ထားပြီးဖြစ်ကြောင်းသိရသည်။


ရခိုင်နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး
အာဆီယံ-မြန်မာအဆင့်မြင့်စည်းဝေး

ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံကပူးပေါင်းဆောင်ရွက်နိုင်ရေး တတိယအကြိမ်အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည်။

နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘ၀ဖွံ့ ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်ရာတွင် ကိုဗစ်-၁၉ ကြောင့် အခက်အခဲများရင်ဆိုင်နေကြရသော်လည်း ကျော်လွှားအောင်မြင်နိုင်ရန် ညီညွတ်သောအင်အားဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ UNHCR၊ UNDP တို့နှင့်ရေထိုးသားသည့်စာချွန်လွှာအရ လုပ်ငန်းများကိုဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှလူငယ်များအား အသက်မွေးဝမ်းကျောင်းသင်တန်းများပေးနိုင်ရေးအတွက် UEHRD မှတဆင့် စင်ကာပူနိုင်ငံအခြေစိုက် Asia Philanthrophy Circle (APC) နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် (၃၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များက ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအ၀ိုင်းများအကြား သဟဇာတဖြစ်စေရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံအားပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အရေးတွင်မြန်မာအစိုးရနှင့် အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း အစည်းအဝေးပူးတွသြဘာပတိဖြစ်သည့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားကြောင်းသိရသည်။


အောင်ဆန်းကွင်း
အဆင့်မြှင့်တင်တည်ဆောက်မည်



၁၉၁၀ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သော ရန်ကုန်မြို့ လယ်ရှိ အထင်ကရအားကစားကွင်းတစ်ခုဖြစ်သည့် အောင်ဆန်းကွင်းကို ခေတ်စနစ်နှင့်အညီပြန်လည်အသုံးပြုနိုင်ရေးအတွက် အဆောက်အအုံများကြံ့ ခိုင်မှုရှိမရှိကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အကူအညီတောင်းခံလျက် စစ်ဆေးမှုပြုလုပ်ရာ ၇၀ ရာခိုင်နှုန်းကြံ့ ခိုင်မှုမရှိသဖြင့် အသုံးပြုရန်မသင့်တော်ကြောင်းတွ့ရှိရသဖြင့် အောင်ဆန်းကွင်းကြီးအား အဆင့်မီပြန်လည်မွမ်းမံနိုင်ရေး သို့မဟုတ အသစ်ပြန်လည်တည်ဆောက်နိုင်ရေးပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


အထွေထွေရွေးကောက်ပွဲ
မဲဆန္ဒရှင်စာရင်းများကြေညာ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့ (ဇူလိုင်လ ၂၆ ရက်) မှစတင်ပြီး ကြေညာထားပြီးဖြစ်ကြောင်းသိရသည်။


စီးပွားရေးကန့်သတ်ပိတ်ဆို့မှုပြုလုပ်ရန် 
ဘင်္ဂလားဒေ့ရှ်တောင်းဆိုချက် မြန်မာကန့်ကွက် 

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာ မန်ဂျူရူခါရင်းခန် ချောင်ဒရီအား တွေ့ဆုံလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုတောာင်းဆိုချက်ကို စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံအရေးကိစ္စများကို အထောက်အကူမပြုသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မလိုမုန်းထားလုပ်ရပ်များကို ကန့်ကွက်ကြောင်းသိရသည်။ 


ဒေါ်အောင်ဆန်းစုကြည်၏
အနီးကပ်လုံခြုံရေး ဦးစိုးဝင်း ကွယ်လွန်သွား

နိုင်ငံတော်၏အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဘေး နှစ်ပေါင်းများစွာဝန်းရံလျက် အနီးကပ်လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် ဦးစိုးဝင်း (၅၈ နှစ်) သည် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နေပြည်တော်တွင် ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။


စာတစ်ကြောင်းသတင်း
(News In One Sentence)

ထောင်နှင့်ခိုးသွင်းဖုန်းများ
ထောင်များအတွင်းသို့ ဖုန်းများခိုးယူသွင်းကာ ထောင်သားများ ထောင်အတွင်း၌ဖြစ်စေ အပြင်သို့ဖြစ်စေ ဆက်မှုမပြုလုပ်နိုင်ကြစေရန် ဖုန်းလိုင်းဖြတ်တောက်ပေးသည့်စက် (Jammer) ၂၂ လုံးကို ဗဟိုထောင်များဖြစ်သော အင်းစိန်ထောင်၊ မန္တလေးထောင်၊ မြင်းခြံထောင်နှင့်အခြားထောင်များတွင် တပ်ဆင်အသုံးပြုထားကြောင်းသိရသည်။

ဆိပ်ကြီးခနောင်တိုနှင်ဒလမြို့ နယ်များကူးတံတား 
ဆိပ်ကြီးခနောင်တိုမြို့ နယ်နှင့်ဒလမြို့ နယ်များကိုဆက်သွယ်ပေးမည့် တွန်တေးတူးမြောင်းကူးတံတားတစ်စင်းကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရံပုံငွေဖြင့်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

မန္တလေး၊စစ်ကိုင်း၊မကွေးမှ ရေဘေးသင့်များထောက်ပံ့ 
မန္တလေး စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးခြင်း၊ စားနပ်ရိက္ခာနှင့်ဆန်ရိက္ခာဖိုးငွေများ၊ ကိုဗစ်-၁၉  အကာအကွယ်ပေးပစ္စည်းများထောက်ပံ့ခြင်းတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


တရား
ဓမ္မ 
အသိအမြင်


ဓမဆိုတော့ ဘယ်တော့မှ မဆွေးဘူး။ 

လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဆိုတဲ့ကာလမှာ ဘုရာပေါင်း နှစ်ဆယ့်ရှစ်ဆူပွင့်တယ်။
 နှစ်ကျိပ်ရှစ်ဆူဆိုတာ ဒီပင်္ကရာဘုရားကအစ ဂေါတမဘုရားအထိ အဲဒါပဲ။

 ဂေါတမဘုရား စတင်ဆုပန်တာက ဒီပင်္ကရာဘုရားထံမှာ။
အဲဒီကနေ ဂေါတမဘုရားအထိ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းရှိတယ်။ စိတ်ကူးနဲ့ပေါ့လေ။

အဲဒီ နှစ်ကျိပ်ရှစ်ဆူသောဘုရားတွေရှိနေသေးတယ်ဆိုရင် ပထမဆုံးဘုရားကိုမေးကြည့်။
အရှင်ဘုရားဟောတော်မူတဲ့ သစ္စာတရားလေးပါးနဲ့ နောက်ဆုံးဘုရားတွေဟောတော်မူတဲ့ သစ္စာလေးပါးတရား၊ တခြားစီလား အတူတူလားလို့။ 
အကုန်လုံး တပုံစံထဲပဲဟောတယ်။ 

ရှေးရှေးသောဘုရားတွေရဲ့ ဓမ္မဟာ ဟောင်းလွန်းလို့ နောက်ဘုရားက မူပြောင်းပြီးတော့ အသစ်ပြန်ဟောတယ်ဆိုတာ မရှိဘူးဗျ။  
အဲဒါ ဓမ္မ။ 
ဘယ်တော့ပဲဖြစ်ဖြစ် မဟောင်းဘူးတဲ့။
အမြဲတမ်း အသစ်ပဲဖြစ်နေတယ်။ မူလဲ မပြောင်းဘူး။

ကမ္ဘာကြီးဆွေးသွားပေမယ့် ဘယ်တော့မှမဆွေးတာ သူတော်ကောင်းတရား။  
ဒါလေးမှတ်ထား။

သီတဂူဆရာတော် အရှင်ဉာဏိဿရ ('မြတ်ရှင်ဗုဒ္ဓ ဓမ္မဒေသနာ' ဆောင်းပါး၊ အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း   
 မတ်လ ၂၀၀၀)


  
****





အာဆီယံသတင်း

စင်ကာပူ-မလေးရှားအမြန်ရထားလိုင်း
စီမံချက်ပြန်စတော့မည်




၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန်မူလက
ရည်ရွယ်ထားခဲ့သော ဘူးကစ်ချာဂါဂိတ်
(ဂျဟိုး)နှင့်ဝုဒ်လဲန်းမြောက်ဂိတ်(စင်ကာပူ)
တို့ကိုဆက်သွယ်ပေးမည့် ၄ ကီလိုမီတာရှည်
အမြန်ရထားလမ်းစီမံချက်ကို ပြန်လည်စတင်
သည့်အခန်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့
က ပြုလုပ်ခဲ့သည်။                                                

ယင်းအခန်းအနားသို့ စင်ကာပူနိုင်ငံဝန်ကြီးချုပ်
လီရှန်လွန်းနှင့်မလေးရှားနိုင်ငံဝန်ကြီးချုပ် မူ(ဟ)ယစ်ဒင်ယာစင်တို့တက်ရောက်ခဲ့ကြပြီး ရထားပြေးဆွဲခြင်းကို ၂၀၂၆ ခုနှစ်ကုန်တွင်စတင်နိုင်မည်ဖြစ်ပြီး တစ်နာရီလျှင် ခရီးသည်ဦးရေ ၁၀,၀၀၀ကို နိုင်ငံတဖက်စီသို့ သယ်ဆောင်ပို့ပေးနိုင်ကြောင်းသိရသည်။

The Straits Times 31/7/2020   (သတင်းဘာသာပြန် ကျွန်းသာယာ)



စင်ကာပူနိုင်ငံ၏အစိုးသစ်
ဝန်ကြီးအဖွဲ့ကြေညာ 



ဓာတ်ပုံ - The Sunday Times

စင်ကာပူနိုင်ငံ၏ ၁၃ ကြိမ်မြောက်အထွေထွေရွေးကောင်ပွဲတွင် အနိုင်ရရှိခဲ့သော အာဏာရပါတီမှဝန်ကြီးချုပ် လီရှန်လွန်းက သူ၏အစိုးရသစ်နှင့်ဝန်ကြီးများအမည်စာရင်းကို မနေ့ကကြေညာခဲ့သည်။

ယခုအစိုးရသစ်တွင် ၀ါရင့်ဝန်ကြီးများက လက်ရှိလုပ်ငန်းတာဝန်များအား ဆက်လက်ထမ်းဆောင်သွားကြရန်၊ မျိုးဆက်သစ်ဝန်ကြီးများ (အဟောင်း၊ အသစ်) အနေဖြင့် အတွေ့အကြုံသစ်များရရှိနိုင်ကြစေရန်နှင့်ခေါင်း ဆောင်မှုသွေးသစ်လောင်းရန် စသည့်ရည်ရွယ်ချက်ကြီး ၃ ချက်ကို ချိန်ညှိပြီးအကောင်အထည်ဖော်ရန်ဖြစ်ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းကပြောသည်။

ဝန်ကြီးဌာန ၁၅ ခုတွင် ၆ ခုမှာ ၀န်ကြီးအပြောင်းအလဲရှိပြီး အာဏာရပါတီဖြစ်သေယ ပီအေပီမှ မျက်နှာသစ် ၇ ဦးအားလည်း နိုငံရေးဆိုင်ရာဝန်ထမ်းအကြီးအကဲများ (political office-holders) အဖြစ်ခန့်အပ်ခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့်အစိုးရသစ်တွင် ယခင်အစိုးရအဟောင်းအတိုင်း နိုငံရေးဆိုင်ရာဝန်ထမ်းအကြီးအကဲအရေအတွက် ၃၇ ဦးရှိကြောင်းသိရသည်။                   (သတင်းဘာသာပြန် ကျွန်းသာယာ)



ဗီယက်နမ်နိုင်ငံတွင် ရက် ၁၀၀ အတွင်း
ကိုဗစ်-၁၉ ကူးစက်သူ ၁ ဦး ထပ်တွေ့ရ 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉  ထမ်မံကူးစက်မှုမတွေ့ ရသည်မှာ ရက်ပေါင်း ၁၀၀ နီးပါးရှိလာပြီးနောက် ဇူလိုင်လ ၂၅ ရက်နေ့က ထပ်မံကူးစက်ဖြစ်ပွားသူ ၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

တာဝန်ရှိသူများက အဆိုပါအမျိုးသားလူနာနှင့်ထိတွေ့ဆက်ဆံမှုရှိခဲ့သူ ၁၀၀ ကျော်တို့ကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ရာ စစ်ဆေးမှုအဖြေအားလုံးတွင် ကိုဗစ်-၁၉ ကူးစက်မှုမတွေ့ ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။


အင်ဒိုနီးရှားနိုင်ငံတွင် ၁ ရက်အတွင်း
ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၈၆၈ ဦးရှိ 

အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လ ၂၅ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူအရေအတွက် ၁၈၆၈ ဦးရှိခဲ့ပြီး ထိုနေ့ကထပ်မံသေဆုံးသူ ၄၉  ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ဖော်ပြချက်အရသိရသည်။



ဆေးပညာနှင့်
ကျန်းမာရေးသတင်း


ဗီယက်နမ်မှ တင်ပါးဆုံရိုးဆက်အမြွှာ
အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့

         
                 

အဓိကဆရာဝန်ကြီး ၉  ဦးအပါအ၀င် ဆရာဝန်ပေါင်း ၁၀၀ ပါဆေးအဖွဲ့က တင်ပါးဆုံရိုးချင်းဆက်နေကြသော ၁၃ လအရွယ် အမြွှာကလေးနှစ်ယောက်ကို  ဟိုချီမင်းမြို့  ကလေးဆေးရုံတွင် ၁၂ နာရီကြာ ခက်ခက်ခဲခဲဖြင့်အောင်မြင်စွာခွဲစိတ်ပြီး ယခုအခါ တစ်ဦးစီသီးခြားနေနိုင်ပြီဖြစ်သည်။

Little Magic နှင့် Little Bamboo Tree ဟု ချစ်စနိုးအမည်ပေးထားသောကလေးနှစ်ဦးသည် တစ်ဦးကထိုင်လျက်အနေအထား၊ အခြားတစ်ယောက်က ပက်လက်အနေအထားဖြင့် တင်ပါးဆုံရိုးနေရာတွင်ဆက်လျက် မွေးဖွားလာခဲ့ကြောင်းသိရသည်။ By JEMMA CARR - MAILONLINE    (သတင်းဘာသာပြန် ကျွန်းသာယာ)



မိုဒါးနား ကိုဗစ်-၁၉ ကာကွယ်ဆေး
ယခုနှစ်ကုန်မှာ အသင့်ဖြစ်ဖွယ်



ယခုနှစ်ကုန်လောက်တွင် Moderna 
COVID-19 ကာကွယ်ဆေးကို 
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် 
အသင့်ဖြစ်တော့မည်ဟု အမေရိကန်
အစိုးရနှင့်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ
အရာရှိများက ဇူလိုင်လ ၂၈ ရက်နေ့က
ပြောသည်။ 

မိုဒါးနားကိုဗစ်-၁၉ ကာကွယ်ဆးသည် 
အန္တရာယ်ကင်းရှင်းပြီးထိရောက်မှုရှိ
ကြောင်းသက်သေပြပြီး ဆေးဝါးစိစစ်
ရေးဆိုင်ရာအတည်ပြုချက်ကိုရရှိရန် 
လူပေါင်းသုံးသောင်းအား စမ်းသပ်ထိုးနှံမှုစတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။  
(သတင်းဘာသာပြန် ကျွန်းသာယာ)



ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် 
သေဆုံးသူ ၈၅၀၀၀ ရှိလာ

ဘရာဇီးတစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူအရေအတွက်မှာ ၂ ဒသမ ၃ သန်းအထိရှိလာကာ ဇူလိုင်လ ၂၄ ရက်နေ့က ထပ်မံကူးစက်ခံရသူအရေအတွက် ၅၅၈၉၁ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၈၅၂၃၈ ဦးအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်းသိရသည်။












Saturday, July 25, 2020

သေခြင်းတရား ၀ါးတားတား (၂)





ဆရာတော်၏တရားကိုနာရင်း သေခြင်း
အကြောင်းကို မိမိ မကြာမကြာစဉ်းစား
မိခြင်းသည် 'မိမိ သေရမည်' ဆိုသည်ကို
ခဏခဏ သိနေစေခြင်းဖြစ်ကြောင်းနှင့်
ထိုအသိစိတ်အား ခေါင်းထဲသို့သေသေ
ချာချာထည့်ဖြစ်နေခြင်းပင်ဖြစ်ကြောင်းတို့ကို
အတွေးပေါက်ကာ ၀မ်းမြောက်မိသည်။။


အသိတစ်ခု သို့မဟုတ် အမှတ်တစ်ခုကို သူ့အလိုလို မကြာမကြာစဉ်းစားတွေးတောနေခြင်းဖြင့် ထိုအရာသည် တစ်ခါထက်တစ်ခါ ပြတ်သားမှု ပိုရှိလာပေမည်။

အသိအမြင်တို့ပြတ်ပြတ်သားသားရှိလာသည်နှင့်အမျှနားလည်သဘောပေါက်မှုများလည်း ယခင်အခါကထက် ပို၍ ပို၍ ရှင်းလင်းမှုဖြစ်လာမည်မှာသေချာနေပါသည်။

ထိုအခါ ကြီးမားသည့် အားကောင်းမှုဖြစ်လာတော့ပြီ။

သေခြင်းကို သူ့အရှိသဘာဝအတိုင်း အခက်အခဲမရှိ ကြည်ဖြူစွာလက်ခံနိုင်လာသည်။

အများသူငါများလို သေခြင်းအား အကြောက်တရားသက်သက်ဖြင့် မကြည့်မြင်မိလေတော့။

 နှစ်မြို့ စရာမကောင်းသော မတွေးသင့် မတွေးအပ်သောကိစ္စဟုလည်း မထင်လေတော့။

မိမိတို့မြန်မာလူမျိုးအတော်များများသည် သေခြင်းဟုဆိုလိုက်သည်နှင့်တပြိုင်နက် လူမှုရေး ဘာသာရေးနှင့်သက်ဆိုင်သော
မလုပ်ကောင်းသည့်အရာ၊
မပြောကောင်း မဆိုကောင်းသည့်အရာ၊
တားမြစ်ထားပိတ်ပင်ထားသည့်အရာသဖွယ် သဘောထားတတ်ကြသည်။

ထိုကဲ့သို့ အလွယ်တကူ ယုံကြည်လက်ခံထားခြင်းများရှိနေကြသည်။

ရဟန်းသံဃာတို့ထံမှ အို နာ သေခြင်းနှင့်သက်ဆိုင်သည့်တရားများကို အကြိမ်မည်မျှပင် ကြားနာနေကြစေကာမူ မိမိတို့ တစ်နေ့ သေရမည်ဆိုသည်ကို အလေးအနက်နားလည်လက်ခံထားကြသူ နည်းပေသေး၏။

အပေါ်ရံမျှလောက်သာ သိရှိလက်ခံထားကြသေး၏။

သေခြင်းအကြောင်းကို လက်တွေ့ကျကျ ပြောဆိုဆွေးနွေးရန် မ၀ံ့မရဲ ရှိနေကြဆဲပင်ဖြစ်သည်။


ဒါနှင့်ပတ်သက်၍ မဇ္ဈိမနေ့စဉ် (Mizzima Daily) တွင် မကြာလေးခင်က သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်ကို အမှတ်ရမိပါသည်။

                                   

လန်ဒန်မြို့ က သေခြင်းတရားအကြောင်းဆွေးနွေးနိုင်မည့် လက်ဘက်ရည်ဆိုင် (Death Cafe) တစ်ဆိုင်အကြောင်းဖြစ်သည်။

သေခြင်းတရားအကြောင်းကို ယခုကဲ့သို့ နားနားနေနေ လက်ဘက်ရည်သောက်ရင်း ကိတ်မုန့်စားရင်း သီးသန့်ဝိုင်းဖွဲ့ဆွေးနွေးလျက် ရင်ဖွင့်မျှဝေကြသည့်အကြောင်းကို မိမိ ယခင်က မကြားခဲ့ဘူးပေ။

မိမိကသာ မကြားခဲ့မိသော်လည်း ထိုကဲ့သို့သော သေခြင်းတရားအကြောင်းဆွေးနွေးနိုင်မည့် လက်ဘက်ရည်ဆိုင်များမှာ ယခုအခါ နိုင်ငံပေါင်း ၇၃ နိုင်ငံတွင်ရှိနေပြီဖြစ်သည်။

ယင်းသို့ပြုလုပ်ရသည့်အဓိကရည်ရွယ်ချက်တစ်ခုမှာ အကန့်အသတ်နှင့်ရှိနေသော ဘ၀၏အချိန်အများစုကို အကျိုးအရှိဆုံးနှင့်အမှန်ကန်ဆုံး အသုံးချနိုင်စေရန် လူများအားတိုက်တွန်းလိုသောကြောင့်ဟုဆိုပါသည်။

စည်းကမ်းချက်အနေဖြင့် စကားဝိုင်းတစ်ဝိုင်းမှာ အသက်အရွယ်မရွေး လူတန်းစားမရွေး အနည်းဆုံး လူ ၆ ယောက်ရှိပြီး စကားဝိုင်းကိုဦးဆောင်ဆွေးနွေးပေးမည့်သူ (facilitator) တစ်ဦးထားရှိပေးမည်ဖြစ်သည်။

ဆွေးနွေးကြသူများအနေဖြင့် ကိုယ်ချစ်ရသူတစ်ဦး သေဆုံးသွားပြီးနောက် ခံစားရလေ့ရှိသော ပူဆွေးဝမ်းနည်းမှု၊ ဆုံးရှုံးသွားရမှု၊ စိတ်သောကဖြစ်မှု အထီးကျန်မှု၊ ယူကြုံးမရဖြစ်မှု အစရှိသည့်လတ်တလော စိတ်ဝေဒနာများအကြောင်း ပြောပြနိုင်သည်။

ထို့ပြင် ယင်းစိတ်ဝေဒနာများအား မည်ကဲ့သို့ ရင်ဆိုင်ကျော်လွှားနိုင်သည်၊ ဖြေဆည်နိုင်သည်၊ အားပေးကူညီနိုင်သည်တို့ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆွေးနွေးကာ မျှဝေပြောဆိုနိုင်ကြလေသည်။




Thursday, July 23, 2020

သေခြင်းတရား ၀ါးတားတား (၁)



  

မနေ့ညနေက သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ၏သေခြင်းဆိုင်ရာတရားကို နာကြားလိုက်ရသည်။

ဆရာတော်၏တရားစကားအချို့ အား တရားနာရင်းလိုက်ပြီးရေးမှတ်ခဲ့သည်။


"သေရမယ်ဆိုတာကို လူတိုင်းသိတယ်။ 

ဒီ အလွန်ကောင်းတဲ့ မှန်တဲ့သိစရာကို မသိဘူးတော့မဟုတ်ဘူး။

ဒါပေမယ့် ခဏခဏသိတာမဟုတ်တဲ့အတွက် ခေါင်းထဲသေသေချာချာ ထည့်ထားတာမဟုတ်တဲ့အတွက် အဲဒီအသိက စွဲမနေဘူး။ 

ပြတ်သားမှုမရှိဘူး။ 
အားမရှိဘူး။ 
မရှင်းဘူး။ 

အဲဒါကို နားလည်ဖို့လိုတယ်။

တကယ်တော့သေခြင်းတရားဆိုတာကော မသေချာဘူးလား။ 

သေချာတယ်နော်။

ကိုယ့်ထက်ကျန်းမာရေးကောင်းတဲ့သူတွေ သေသွားကြတာအများကြီးပဲ။

အိုပြီးမှ သေတာရှိသလို မအိုသေးဘဲသေသွားကြတာတွေကလဲ အများကြီးပဲ။

ဒါပေမယ့် သိတဲ့အကြိမ်အရေအတွက်က အလွန်နည်းတယ်။ 

အသားကျမနေဘူး။ 

ဝါးတားတားဖြစ်နေတယ်။"

ဆရာတော်၏တရားကို နာရင်းနာရင်း လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက သေခြင်းအကြောင်းကို မကြာခဏဆိုသကဲ့သို့ မိမိ၏စိတ်သန္တာန်တွင် တွေးတောဆင်ခြင်နေမိသည်ကို အမှတ်ရသွားပါသည်။ 

ယင်းသို့ပြောရခြင်းမှာ သေခြင်းနှင့်ပတ်သက်ပြီး မိမိတွင် တရားရှိနေပြီဟုဆိုလိုခြင်းကား လုံးဝမဟုတ်ပါချေ။

ထိုအဆင့်သို့ရောက်ရန် များစွာလိုပါဦးမည်။

မိမိဖာသာ ယနေ့တိုင် တစ်ခါတစ်ရံ တွေးနေမိတတ်ခြင်း ဆင်ခြင်နေမိခြင်းကိုသာ ပြောလိုခြင်းဖြစ်သည်။

ပုထုဇဉ်လောကီလူသားဖြစ်နေသည့်အလျှောက် တရားသဘောဆိုသည်ထက် လက်တွေ့သဘောအရကြောင်းကျိုးဆက်စပ်တွေးမိနေခြင်းသာဖြစ်ပါသည်။


ဆက်ပြီးရေးပါဦးမည်။