"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 25, 2020

သေခြင်းတရား ၀ါးတားတား (၂)





ဆရာတော်၏တရားကိုနာရင်း သေခြင်း
အကြောင်းကို မိမိ မကြာမကြာစဉ်းစား
မိခြင်းသည် 'မိမိ သေရမည်' ဆိုသည်ကို
ခဏခဏ သိနေစေခြင်းဖြစ်ကြောင်းနှင့်
ထိုအသိစိတ်အား ခေါင်းထဲသို့သေသေ
ချာချာထည့်ဖြစ်နေခြင်းပင်ဖြစ်ကြောင်းတို့ကို
အတွေးပေါက်ကာ ၀မ်းမြောက်မိသည်။။


အသိတစ်ခု သို့မဟုတ် အမှတ်တစ်ခုကို သူ့အလိုလို မကြာမကြာစဉ်းစားတွေးတောနေခြင်းဖြင့် ထိုအရာသည် တစ်ခါထက်တစ်ခါ ပြတ်သားမှု ပိုရှိလာပေမည်။

အသိအမြင်တို့ပြတ်ပြတ်သားသားရှိလာသည်နှင့်အမျှနားလည်သဘောပေါက်မှုများလည်း ယခင်အခါကထက် ပို၍ ပို၍ ရှင်းလင်းမှုဖြစ်လာမည်မှာသေချာနေပါသည်။

ထိုအခါ ကြီးမားသည့် အားကောင်းမှုဖြစ်လာတော့ပြီ။

သေခြင်းကို သူ့အရှိသဘာဝအတိုင်း အခက်အခဲမရှိ ကြည်ဖြူစွာလက်ခံနိုင်လာသည်။

အများသူငါများလို သေခြင်းအား အကြောက်တရားသက်သက်ဖြင့် မကြည့်မြင်မိလေတော့။

 နှစ်မြို့ စရာမကောင်းသော မတွေးသင့် မတွေးအပ်သောကိစ္စဟုလည်း မထင်လေတော့။

မိမိတို့မြန်မာလူမျိုးအတော်များများသည် သေခြင်းဟုဆိုလိုက်သည်နှင့်တပြိုင်နက် လူမှုရေး ဘာသာရေးနှင့်သက်ဆိုင်သော
မလုပ်ကောင်းသည့်အရာ၊
မပြောကောင်း မဆိုကောင်းသည့်အရာ၊
တားမြစ်ထားပိတ်ပင်ထားသည့်အရာသဖွယ် သဘောထားတတ်ကြသည်။

ထိုကဲ့သို့ အလွယ်တကူ ယုံကြည်လက်ခံထားခြင်းများရှိနေကြသည်။

ရဟန်းသံဃာတို့ထံမှ အို နာ သေခြင်းနှင့်သက်ဆိုင်သည့်တရားများကို အကြိမ်မည်မျှပင် ကြားနာနေကြစေကာမူ မိမိတို့ တစ်နေ့ သေရမည်ဆိုသည်ကို အလေးအနက်နားလည်လက်ခံထားကြသူ နည်းပေသေး၏။

အပေါ်ရံမျှလောက်သာ သိရှိလက်ခံထားကြသေး၏။

သေခြင်းအကြောင်းကို လက်တွေ့ကျကျ ပြောဆိုဆွေးနွေးရန် မ၀ံ့မရဲ ရှိနေကြဆဲပင်ဖြစ်သည်။


ဒါနှင့်ပတ်သက်၍ မဇ္ဈိမနေ့စဉ် (Mizzima Daily) တွင် မကြာလေးခင်က သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်ကို အမှတ်ရမိပါသည်။

                                   

လန်ဒန်မြို့ က သေခြင်းတရားအကြောင်းဆွေးနွေးနိုင်မည့် လက်ဘက်ရည်ဆိုင် (Death Cafe) တစ်ဆိုင်အကြောင်းဖြစ်သည်။

သေခြင်းတရားအကြောင်းကို ယခုကဲ့သို့ နားနားနေနေ လက်ဘက်ရည်သောက်ရင်း ကိတ်မုန့်စားရင်း သီးသန့်ဝိုင်းဖွဲ့ဆွေးနွေးလျက် ရင်ဖွင့်မျှဝေကြသည့်အကြောင်းကို မိမိ ယခင်က မကြားခဲ့ဘူးပေ။

မိမိကသာ မကြားခဲ့မိသော်လည်း ထိုကဲ့သို့သော သေခြင်းတရားအကြောင်းဆွေးနွေးနိုင်မည့် လက်ဘက်ရည်ဆိုင်များမှာ ယခုအခါ နိုင်ငံပေါင်း ၇၃ နိုင်ငံတွင်ရှိနေပြီဖြစ်သည်။

ယင်းသို့ပြုလုပ်ရသည့်အဓိကရည်ရွယ်ချက်တစ်ခုမှာ အကန့်အသတ်နှင့်ရှိနေသော ဘ၀၏အချိန်အများစုကို အကျိုးအရှိဆုံးနှင့်အမှန်ကန်ဆုံး အသုံးချနိုင်စေရန် လူများအားတိုက်တွန်းလိုသောကြောင့်ဟုဆိုပါသည်။

စည်းကမ်းချက်အနေဖြင့် စကားဝိုင်းတစ်ဝိုင်းမှာ အသက်အရွယ်မရွေး လူတန်းစားမရွေး အနည်းဆုံး လူ ၆ ယောက်ရှိပြီး စကားဝိုင်းကိုဦးဆောင်ဆွေးနွေးပေးမည့်သူ (facilitator) တစ်ဦးထားရှိပေးမည်ဖြစ်သည်။

ဆွေးနွေးကြသူများအနေဖြင့် ကိုယ်ချစ်ရသူတစ်ဦး သေဆုံးသွားပြီးနောက် ခံစားရလေ့ရှိသော ပူဆွေးဝမ်းနည်းမှု၊ ဆုံးရှုံးသွားရမှု၊ စိတ်သောကဖြစ်မှု အထီးကျန်မှု၊ ယူကြုံးမရဖြစ်မှု အစရှိသည့်လတ်တလော စိတ်ဝေဒနာများအကြောင်း ပြောပြနိုင်သည်။

ထို့ပြင် ယင်းစိတ်ဝေဒနာများအား မည်ကဲ့သို့ ရင်ဆိုင်ကျော်လွှားနိုင်သည်၊ ဖြေဆည်နိုင်သည်၊ အားပေးကူညီနိုင်သည်တို့ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆွေးနွေးကာ မျှဝေပြောဆိုနိုင်ကြလေသည်။




No comments:

Post a Comment