မနေ့ညနေက သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ၏သေခြင်းဆိုင်ရာတရားကို နာကြားလိုက်ရသည်။
ဆရာတော်၏တရားစကားအချို့ အား တရားနာရင်းလိုက်ပြီးရေးမှတ်ခဲ့သည်။
"သေရမယ်ဆိုတာကို လူတိုင်းသိတယ်။
ဒီ အလွန်ကောင်းတဲ့ မှန်တဲ့သိစရာကို မသိဘူးတော့မဟုတ်ဘူး။
ဒါပေမယ့် ခဏခဏသိတာမဟုတ်တဲ့အတွက် ခေါင်းထဲသေသေချာချာ ထည့်ထားတာမဟုတ်တဲ့အတွက် အဲဒီအသိက စွဲမနေဘူး။
ပြတ်သားမှုမရှိဘူး။
အားမရှိဘူး။
မရှင်းဘူး။
အဲဒါကို နားလည်ဖို့လိုတယ်။
တကယ်တော့သေခြင်းတရားဆိုတာကော မသေချာဘူးလား။
သေချာတယ်နော်။
ကိုယ့်ထက်ကျန်းမာရေးကောင်းတဲ့သူတွေ သေသွားကြတာအများကြီးပဲ။
အိုပြီးမှ သေတာရှိသလို မအိုသေးဘဲသေသွားကြတာတွေကလဲ အများကြီးပဲ။
ဒါပေမယ့် သိတဲ့အကြိမ်အရေအတွက်က အလွန်နည်းတယ်။
အသားကျမနေဘူး။
ဝါးတားတားဖြစ်နေတယ်။"
ဆရာတော်၏တရားကို နာရင်းနာရင်း လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက သေခြင်းအကြောင်းကို မကြာခဏဆိုသကဲ့သို့ မိမိ၏စိတ်သန္တာန်တွင် တွေးတောဆင်ခြင်နေမိသည်ကို အမှတ်ရသွားပါသည်။
ယင်းသို့ပြောရခြင်းမှာ သေခြင်းနှင့်ပတ်သက်ပြီး မိမိတွင် တရားရှိနေပြီဟုဆိုလိုခြင်းကား လုံးဝမဟုတ်ပါချေ။
ထိုအဆင့်သို့ရောက်ရန် များစွာလိုပါဦးမည်။
မိမိဖာသာ ယနေ့တိုင် တစ်ခါတစ်ရံ တွေးနေမိတတ်ခြင်း ဆင်ခြင်နေမိခြင်းကိုသာ ပြောလိုခြင်းဖြစ်သည်။
ပုထုဇဉ်လောကီလူသားဖြစ်နေသည့်အလျှောက် တရားသဘောဆိုသည်ထက် လက်တွေ့သဘောအရကြောင်းကျိုးဆက်စပ်တွေးမိနေခြင်းသာဖြစ်ပါသည်။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment