"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, July 2, 2020

WCPT မှ World Physiotherapy သို့





ပြီးခဲ့သောဇွန်လ ၃၀ ရက်နေ့က ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီးထံမှ အီးမေးတစ်စောင်ရရှိခဲ့သည်။

WCPT Press Release (သတင်းထုတ်ပြန်ချက်) ဟု ထိပ်စီးမှာစာလုံးကြီးကြီးဖြင့်ရေးထားပြီး အလျင်အမြန်ထုတ်ပြန်ရန် (For immediate release) ဟုလည်း မှတ်ချက်ပေးထားကြောင့် အတော်လေးစိတ်ဝင်စားမိပါသည်။

နောက်ပြီး World Physiotherapy အမည်နှင့် သင်္ကေတဒီဇိုင်း (logo) အသစ်တို့ကို အထက်မှာမြင်ရသည့်အတိုင်း အတူတွဲလျက်တွေ့ကြရသည်။ 

World Physiotherapy ဟူသောအမည်သစ်သည် ယခင်ကသိထားသော World Confederation for Physical Therapy (WCPT) ၏ လုပ်ငန်းအမည် (Operating name) ဟုဆိုပါသည်။

ကုမ္ပဏီကြီးများ၏လုပ်ငန်းဖွဲ့စည်းဆောင်ရွက်မှုပုံစံအတိုင်း နည်းယူလုပ်ဆောင်ခြင်းဟု နားလည်မိပါသည်။  

သို့ဆိုရသော် WCPT အမည်ပျောက်သွားပါပြီလား။

WCPT ဆိုသည့်အမည်ကို  World Physiotherapy ဆိုသောအမည်သစ်ဖြင့် အစားထိုးလိုက်ခြင်းပေလားဟု ထင်စရာရှိသည်။

ထိုသို့မဟုတ်ပေ။

WCPT သည် အင်္ဂလန်နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ရရှိထားသည့် မိခင်အဖွဲ့အစည်းကြီးအဖြစ် ယခင်ကအတိုင်း တည်ရှိနေဆဲဖြစ်လေသည်။

အနှစ်ချုပ်ပြောရသော် World Physiotherapy သည် ယခင်ကအမည်ဟောင်းဖြစ်သော WCPT ၏ ဘရဲန်းအသစ် (new brand) ဖြစ်သည်။

World Physiotherapy was formerly known as the World Confederation for Physical Therapy.

အရပ်စကားဖြင့်ပြောရသော် WCPT ၏ထရိတ်မတ်ခ် (Trademark) ဟုလည်း ဆိုနိုင်ပါသည်။

ယင်း ဘရဲန်းအသစ်နှင့်အတူ ၀က်ဘ်ဆိုက် (Website) အသစ်ကိုပါ တစ်ချိန်တည်း ပွဲထုတ်လိုက်ပြီဖြစ်သည်။

ထိုကဲ့သို့ ဘရဲန်းအသစ်၊ လိုဂိုအသစ်၊ ၀က်ဘ်ဆိုက်အသစ်တို့ကို တည်ထွင်ဖန်တီးလိုက်ခြင်းနှင့်အတူ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီး၏ ပိုမိုထိရောက်ထက်မြက်သည့် ရှေ့ လုပ်ငန်းစဉ်များကို မိမိတို့ အားလုံး မလွှဲအသွေ မြင်တွေ့ကြရတော့မည်ဟု ယုံကြည်မိပါသည်။





No comments:

Post a Comment