"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 1, 2018

အသက်အရွယ်နှင့်အလုပ်



အသက်အရွယ်နှင့်အလုပ်


I went back to work after retirement.
Now I am 70.


အချိန်တွေအားနေတော့လည်း အပြင်ကို မကြာခဏခရီးထွက်ဖြစ်ကြပါတယ်။




ယခုနှစ်ထဲမှာ မိမိ၏အသက် ၇၀ နှစ်ပြည့်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ အချိန်ပြည့်အလုပ်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်ဇန်န၀ါရီလမှစ အလုပ်ကအ နားယူခဲ့သည်။ စင်ကာပူနိုင်ငံကိုရောက်သည့် ၁၉၉၀ ခုနှစ်မှစပြီး ဒီအလုပ်ကို တဆက်တည်းလုပ်လာခဲ့သည်မှာ ၂၆ နှစ်ကြာခဲ့၏။

အနားယူသည်ဟုဆိုရသော်လည်း မိမိအလုပ်က မိမိအား အသက်အရွယ်ကြောင့် အနားပေးခြင်းမျိုးမဟုတ် ပေ။ မိမိက အလုပ်မှအနားယူလိုသောဆန္ဒရှိကြောင်းပြောပြပြီး ခွင့်တောင်းအနားယူခဲ့ခြင်းဖြစ်သည်။ ယင်းသို့ မိမိကမပြောခဲ့သော် အနားယူရဦးမည်မဟုတ်သေး။ အဘယ်ကြောင့်ဆိုသော် မိမိ၏ပညာရပ်ဆိုင်ရာညွှန်ကြားရေးမှူး (Director of Allied Health Professionals) က မိမိကို လုံးဝအနားမယူသေးဘဲ တစ်ပတ်ကို ၃ ရက်ဖြစ်ဖြစ် ၄ ရက်ဖြစ်ဖြစ် အချိန်ပိုင်းဆက်လုပ်သွားရန် တိုက်တွန်းနေသေး၍ဖြစ်သည်။ အချိန်ပိုင်းဆိုသည်မှာ အချိန်ပြည့်လုပ်သကဲ့သို့ ၀န်ထမ်းတစ်ဦးပင်ဖြစ်သည်။ 

ယခင်ရနေကျလစာကိုအခြေခံပြီး အလုပ်လုပ်သည့်ရက်နှင့်တွက်ပြီးလစာအသစ် (prorated salary) ကိုပေးခြင်းသာဖြစ်သည်။ လုပ်သက်ခွင့်၊ ဆေးခွင့်၊ ဘိုးနပ်စ် (bonus) အစရှိသောရပိုင်ခွင့်အားလုံးကိုလည်း ထိုနည်းအတိုင်းပင်တွက်ပေးသည်။ 

သို့သော် မိမိက အသက်ကြီးပြီဖြစ်သည်ကတစ်ကြောင်း၊ မိမိနောက်ထပ်မည်မျှကြာကြာနေရဦးမည်မသိနိုင်ကြောင်းနှင့် ၀ါသနာပါသည့်စာဖတ်စာရေးခြင်းများကိုလည်းပြုလုပ်လိုသည်တို့ကတစ်ကြောင်းတို့ကြောင့် လုံးဝအနားယူလိုကြောင်းပြောပြသောအခါ ညွှန်ကြားရေးမှူးက လက်မခံသေးဘဲ စဉ်းစားပါဦးဆိုသဖြင့် သူ ကျေနပ်စေရန် မိသားစုနှင့်တိုင်ပင်ပါမည်ပြောပြီး နောက်တနေ့တွင် မိမိ၏ဇနီးနှင့်သားသမီးများကပါ အနားယူစေလိုကြောင်းအကြောင်းထပ်ပြလျက် အနားယူခွင့်ရခဲ့ပါတော့သည်။ သို့သော်လည်း မိမိအား လွတ်လွတ်ကျွတ်ကျွတ်ကြီး လက်လျှော့ခဲ့ခြင်းမဟုတ်။ ကတိက၀တ်တစ်ခုတောင်းပြီးမှ ညွှန်ကြားရေးမှူးက မတတ်နိုင်သည့်အဆုံးသဘောတူခဲ့ခြင်းဖြစ်သည်။

ထိုကတိမှာ အခြားမဟုတ်။ မိမိတို့၏အဖွဲ့အစည်းမှ မိမိပညာရပ်နှင့်ပတ်သက်ပြီးအကူအညီလိုအပ်လာပါက ပြန်လာလုပ်ပေးရန် မိမိက သဘောတူပေးရခြင်းပင်ဖြစ်သည်။

ဤသို့ဖြင့် ၂၀၁၇ ခုနှစ်တွင် ယခင်ကမိမိအလုပ်လုပ်ခဲ့ဖူးသောအထူးပညာရေးကျောင်းရှိ ကလေးငယ်များကို လှုပ်ရှားမှုဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (Gross Motor Training) ကို တစ်ပတ်လျင် ၁ ရက်ကျဖြင့် ၃ လကြာသွားလုပ်ပေးခဲ့ရသည်။ Locum Physiotherapist အဖြစ် တစ်နာရီကို စင်ကာပူဒေါ်လာ ၆၀ နှုန်းဖြင့် လစဉ်ရှင်းပေးသည်။  

ပြီးခဲ့သောလကမူ ယခင်ကမိမိအလုပ်လုပ်ခဲ့သောအဖွဲ့အစည်းအောက်ရှိ Training and Development Centre ၂ ခုတွင် Locum Physiotherapist အဖြစ် တစ်ပတ်လျင် ၂ ရက်သွားရောက်ကာ စက်တင်ဘာလကုန်အထိ အလုပ်လုပ်ပေးနေရပြန်သည်။ 

သို့ဖြစ်ရာ မိမိသည် အသက် ၇၀ ပြည့်ပြီဖြစ်သော်လည်း 'တတ်သည့်ပညာ မနေသာ' ဆိုသည့်မြန်မာစကားရှိသည့်အတိုင်း အလုပ်ကိုပုံစံသစ်တစ်မျိုးဖြင့် လုပ်နေရပေဦးမည်။












No comments:

Post a Comment