"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 9, 2018

အသက်ကြီးသူများသတိထား၊ ချော်လဲကျရင် အရိုးကျိုးမယ်



Fracture neck of femur – NOF

Hip fractures are much more common and are often devastating injuries. 






အသက်ကြီးသူများသတိထား၊ ချော်လဲကျရင် အရိုးကျိုးမယ်


ယခုနှစ်ဆန်းက မြန်မာပြည်ကို အလည်ပြန်ရင်း ရန်ကုန်သို့ရောက်တုန်းရောက်ခိုက်မှာ စာ ရေးသူတို့၏ဇာတိမှ အသက်ရာကျော်ဖွားဖွားတစ်ဦးထံသွားရောက်ကန်တော့ခဲ့ပါသည်။

ပြီးခဲ့သောတစ်နှစ်ကျော် စာရေးသူသွားရောက်ကန်တော့ခဲ့စဉ်ကဖွားဖွား၏ကျန်းမာရေးအ ခြေအနေများနှင့် များစွာကွာခြားသွားသည်ကို တွေ့ရသဖြင့်စိတ်မကောင်းဖြစ်မိခဲ့ရသည်။

ဖွားဖွားအသက် ၁၀၃ နှစ်ပြည့်သောမနှစ်က အမှတ်မထင် ချောလဲကျသဖြင့် ပေါင်ထိပ်ရိုး ကျိုးပြီး အိပ်ယာပေါ်မှာလဲနေရရှာပြီဖြစ်သည်။

လွန်ခဲ့သောတစ်နှစ်ကျော်က ဖွားဖွားသည် အသက်ရာကျော်ရှိသော်လည်း သူ့ဖာသာလွတ် လွတ်လပ်လပ်သွားနိုင်လာနိုင်ဆဲ။ သူ့အတွက်လိုအပ်သောအခြေခံနိစ္စဓူဝကိစ္စများကို လုံးဝ အကူအညီမလိုပဲ သူ့ဖာသာလုပ်နိုင်နေဆဲ။ စာရေးသူတို့အလည်ရောက်လာသဖြင့် အိမ်အ နောက်ဖက်မှ သူ့ဖာသာလမ်းလျှောက်ထွက်လာပြီး ဧည့်ခန်းကကုလားထိုင်တွင် ခြေနှစ် ဖက်ကိုကျုံ့ ကျုံ့ လေးတင်ထိုင်ကာ ဧည့်ခံစကားပြောခဲ့သည်များအား ယနေ့တိုင်မြင်ယောင် နေမိပါသေးသည်။

ထိုမျှမကသေး။ ဖွားဖွား၏မှတ်ဥာဏ်နှင့်စဉ်းစားတွေးခေါ်နိုင်စွမ်း (cognitive functions) တို့မှာ အသက်အရွယ်နှင့်မလိုက်အောင်ပင် ထက်ထက်မြက်မြက်ရှိနေဆဲဖြစ်ကြောင်းကို လည်း စာရေးသူတွေ့ရှိခဲ့ရပါသည်။ စာရေးသူအား မည်သူဖြစ်ကြောင်း နာမည်နှင့်တကွ ပြောပြနိုင်ရုံမက မိဖအမည်များနှင့် စာရေးသူ၏မိခင်ဖက်မှ ညီအစ်ကိုမောင်နှစ်မ ၁၁ ဦး၏ အမည်များကို ကြီးစဉ်ငယ်လိုက်အမှားအယွင်းလုံးဝမရှိပဲပြောပြနိုင်လေရာ စာရေးသူတို့ တ အံ့တသြကြီးဖြစ်လျက် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရသည်။

သို့သော် ယခုနှစ်ဆန်းကမူ အိပ်ယာပေါ်လဲနေသောဖွားဖွားသည် စာရေးသူကိုပင် မမှတ် မိနိုင်ရှာလေတော့။ သူ့ဖာသာမဆိုထားနှင့် ဘေးလူအကူအညီနှင့်ပင် လမ်းကောင်းစွာမ လျှောက်နိုင်ရှာလေတော့။ ပေါင်ထိပ်ရိုကျိုးခြင်းသည် အသက်ကြီးသူတစ်ဦး၏ရုပ်ပိုင်းနှင့် မှတ်ဥာဏ်ပိုင်းဆိုင်ရာကျန်းမာရေးတို့အား သည်မျှအထိ ရက်ရက်စက်စက်ဆွဲချပစ်နိုင် ကြောင်းကို သတိသံဝေဂရမိပါသည်။

ပေါင်ထိပ်ရိုးကျိုးသူ ၁၀ ယောက်တွင် ၉  ယောက်မှာ အသက် ၆၀ နှင့်အထက်ဖြစ်ကြပါ သည်။ အသက်ကြီးသူများသည် များသောအားဖြင့် ချော်လဲကျလေ့ရှိတတ်ကြ၏။ 

ယင်းသို့ချော်လဲကျခြင်းနှင့်အရိုးကျိုးခြင်းတို့မှာ အောက်ပါတို့ကြောင့် အဓိကဖြစ်ရလေ သည်။

၁။ အရိုးပွဆပ်ခြင်း (Osteoporosis)

၂။ မျက်စိအမြင်အား မှုန်ဝါးချွတ်ယွင်းခြင်း (Impaired vision)

၃။ အစာအာဟာရ မပြည့်ဝခြင်း (Malnutrition)

၎။ အထွေထွေနှင့်ကြွက်သားများ အားနည်းခြင်း

၅။ ခန္ဓာကိုယ်ချိန်ဆထိန်းကျောင်းနိုင်မှု (balance, equilibrium) မကောင်းခြင်း 

၆။ ဦးနှောက်၊ အာရုံကြောနှင့်ကြွက်သားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စွမ်း (coordination) ကျဆင်းလာခြင်း

၇။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း (Decreased physical activity)

၈။ ဆေးဝါးအချို့ သုံးစွဲရသဖြင့် ခေါင်းမူးဝေခြင်း

ယူနိုက်တက်ကင်းဒန်း (UK) တွင် အသက်အရွယ်ကြီးရင့်သူများ ဆေးရုံတက်ကြရခြင်းအ ကြောင်းများကိုလေ့လာကြည့်သောအခါ ပေါင်ထိပ်ရိုးကျိုးခြင်း(Fracture neck of femur – NOF) ဖြစ်သဖြင့် ဆေးရုံတက်ရခြင်းသည် ဒုတိယအများဆုံးဖြစ်ကြောင်းတွေ့ရှိရသည် ဆို၏။ အသက် ၅၀ နှင့်အထက် အသက်ကြီးသူများတွင် အမျိုးသမီး ၁၁% နှင့် အမျိုးသား ၃% ဖြစ်တတ်ကြသည်။

လူများ၏ပျမ်းမျှအသက်အရွယ် (average age) နှင့် လူ့သက်တမ်း (life expectancy) တိုးလာ ရှည်လာသည်နှင့်အမျှ ပေါင်ထိပ်ရိုးကျိုးသူ အရေအတွက်မှာလည်း များလာခဲ့ရ သည်။ အမေရိကန်နိုင်ငံတွင် ယခုအခါနှစ်စဉ်ပေါင်ထိပ်ရိုးကျိုးသူ ၂၅၀,၀၀၀ မှ၂၈၀,၀၀၀ အထိရှိပြီး ၂၀၄၀-၅၀ ခုနှစ်များသို့ရောက်သောအခါ ပေါင်ထိပ်ရိုးကျိုးသူပေါင်း ငါးသိန်းအ ထိရှိလာကြမည်ဟု ခန့်မှန်းထားလေသည်။ ထိုသို့သောလူနာများအား ပြုစုကုသပေးရန် အမေရိကန်နိုင်ငံအနေဖြင့် နှစ်စဉ် ဒေါ်လာ ၈ ဘီလီယံကျော်ကုန်ကျမည်ဖြစ်သည်။

သို့ဖြစ်ရာ အသက်ကြီးသူများတွင်ဖြစ်လေ့ဖြစ်ထရှိသော ဤအမျိုးအစားအရိုးကျိုးခြင်းသည် တိုးတက်ပြီးနိုင်ငံများတွင် အဖြစ်များရုံမက မသန်စွမ်းဖြစ်မှု၊ သေဆုံးရမှုနှင့်လူမှုစီးပွားရေး ထိခိုက်မှုတို့ကို သိသိသာသာကြီးဖြစ်စေကြောင်း (Reginster et al. 1999) နှင့် အရိုးကျိုး ပြီးတစ်နှစ်အကြာတွင် လူနာသေဆုံးနှုန်းမှာလည်း ၂၃.၈% ရှိကြောင်း (Schurch et al. 1996) သိရှိရပါသည်။ 

ပေါင်ထိပ်ရိုးကျိုးခြင်းသည် များသောအားဖြင့် မတ်တတ်ရပ်အနေအထားမှဖြစ်ဖြစ် လမ်း လျှောက်နေရင်းဖြစ်ဖြစ် အိပ်ယာမှအထိုင်အထပြုလုပ်ရာမှာပဲဖြစ်ဖြစ် ချော်လဲကျသော ကြောင့်ဖြစ်ရလေသည်။ ပေါင်ရိုး၏အပေါ်ပိုင်း ၄ ပုံ ၁ ပုံနေရာတွင် ကျိုးခြင်းဖြစ်သည်။

ချော်လဲကျကျခြင်း အလွန်နာကျင်မှုဝေဒနာကိုခံစားရတတ်ပြီး ခြေထောက်လုံးဝမထောက် နိုင်တော့ခြင်းတို့သည် ပေါင်ထိပ်ရိုးကျိုးသည့်ထင်ရှားသောလက္ခဏာများဖြစ်ကြသည်။ လူ နာအားအရေးပေါ်ဌာနသို့ခေါ်သွားလျက် ဆရာဝန်မှဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် အရိုးကျိုး ကြောင်းသိနိုင်လေသည်။

ပေါင်ထိပ်ရိုးကျိုးသောလူနာများသည် ခွဲစိတ်ကုသရသည်ဖြစ်စေ မခွဲစိတ်ရသည်ဖြစ်စေ အကြောအဆစ်ဆိုင်ရာကုသမှုများ (Physiotherapy treatment) ကို စောစီးစွာပြုလုပ် ရန်လိုအပ်ပါသည်။ အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများသည် လူနာများကို အောက်ဖော် ပြပါလှုပ်ရှားလေ့ကျင့်ကုသမှုများပြုလုပ်ရန် အကြောအဆစ်ကုဌာန (Physiotherapy Department) များသို့ စေလွှတ်တတ်ပါသည်။ ဌာနတွင်ရှိသော အကြောအဆစ်ကုပညာ ရှင် (Physiotherapist) များက စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သောလေ့ကျင့်ကု သမှုများကို ပြုလုပ်ပေးကြမည်ဖြစ်သည်။

၁။ ခြေ လက်နှင့်ခန္ဓာကိုယ် (trunk) ကြွက်သားများ အားနည်းသွားခြင်းမှဟန့်တားလျက် ပိုမိုသန်စွမ်းလာစေရန်

၂။ အဆစ်လှုပ်ရှားမှုများ ချောမွေ့ခိုင်မာကောင်းမွန်လာစေရန်

၃။ လမ်းလျှောက်ခြင်း အထိုင်အထပြုလုပ်ခြင်းအစရှိသော သွားလာလှုပ်ရှားမှုများ ပြုလုပ် နိုင်စေရန်

၎။ အဆုတ်နှင့်နှလုံးတို့အား ရောဂါထွေမှုများမှကြိုတင်ကာကွယ်ရန် 

အသက်အရွယ်ကြီးသူများချော်လဲကျကာ ပေါင်ထိပ်ရိုးကျိုးရခြင်းသည် အဖြစ်များလေ့ရှိပြီး လူနာများ မိသားစုဝင်များနှင့်နိုင်ငံတော်ကိုပါ ပြုစုစောင့်ရှောက်ရေးနှင့်ကုသရေးတို့အတွက် လူအင်အား အချိန်နှင့် ငွေရေးကြေးရေးဆိုင်ရာဝန်ထုတ်ဝန်ပိုးကြီးဖြစ်ရလေသည်။  

သို့ဖြစ်ပေရာ အသက်ကြီသူများ အလွယ်တကူချော်လဲကျခြင်းမဖြစ်စေရန် အောက်ဖော်ပြပါ ဆောင်ရန်ရှောင်ရန်များကို အထူးဂရုပြုကြရန်လိုအပ်ပါသည်။

၁။ ခလုပ်တိုက်ခြင်းဖြစ်စေနိုင်သော ၀ါယာကြိုး၊ ခြေသုတ်အ၀တ်၊ ကြမ်းပေါ်ရှိအဖုထစ် အစရှိသည်များကို ဖယ်ရှားပစ်ရန်

၂။ မျက်စိအာရုံမကောင်းသော၊ ခေါင်းမူဝေတတ်သော၊ လမ်းကောင်းစွာမလျှောက်နိုင် သောအသက်ကြီးသူများအား အိမ်တွင်းအိမ်ပသွားလာရာတွင် အမြဲလက်တွဲကာဖေးကူ မပေးရန်

၃။ ကျန်းမာရေးနှင့်ညီညွတ်ပြီး ချော်လဲမကျနိုင်သော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း များ (exercises and physical activity) မှန်မှန်ပြုလုပ်ပေးရန်

၎။ အရိုးပွဆပ်ခြင်းရှိမရှိ ဆရာဝန်နှင့်ပြသတိုင်ပင်ရန်

အသက်ကြီးသူဖိုးဖိုးဖွားဖွားများ ချော်လဲကျခြင်းမှလုံးဝကင်းဝေးပြီး ဘေးကင်းကျန်းမာစွာ ရှိကြစေရန် ၀ိုင်းဝန်းဂရုစိုက်ကူညီကြပါစို့။

-      တင်မောင်အေး (ကန့်ဘလူ) –




မှတ်ချက်။  ။

အထက်ပါဆောင်းပါးကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့က ကြေးမုံသတင်းစာတွင်ဖော်ပြပါရှိခဲ့ပြီးအောက်တိုဘာ ၁၈ ရက်နေ့မှာလည်း မြန်မာ့အလင်းသတင်းစာတွင်နောက်တစ်ကြိမ်ဖော်ပြပါရှိခဲံပါသည်။




No comments:

Post a Comment