"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 18, 2020

ကျွန်းသာယာ သတင်းစဉ် (၄)


ကျွန်းသာယာ သတင်းစဉ်
(Kyun Thar Yar News Magazine)





***




     




အရေးပေါ်သတင်း

၂၀  ဇူလိုင် (တနင်္လာနေ့)
အမရပူရ ရေထိန်းတံခါးအနီး 
ဂလိုင်ပေါက်ဖြစ်ပြီး မြစ်ရေစီးဝင်


 ဓာတ်ပုံများ - မဇ္ဈိမသတင်း


ဇူလိုင်လ ၁၉  ရက်ညပိုင်းက အမရပူရမြို့ နယ် မန္တလေး-စစ်ကိုင်းကားလမ်းဘေးရှိ ရွှေဂဲရေထိန်းတံခါးအနီးတွင် ဂလိုင်ပေါက်ဖြစ်ပြီး ဧရာဝတီမြစ်ရေစီးဝင်ကာ တာရိုးကျိုးပေါက်သွားသဖြင့် မြိုတော်ဝန်ဒေါက်တာဦးရဲလွင်ဦးဆောင်သော မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ၊ လူမှုရေးအဖွဲ့အစည်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်စစ်သည်များက ကျောက်ကြီးများ သဲအိတ်များချလျက် အချိန်မီပိတ်ဆို့နိုင်ရန် အပူတပြင်းလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ 




နောက်ဆက်တွဲသတင်း

၂၁ ဇူလိုင် (အင်္ဂါနေ့)






မြို့ တော်ဝန် ဒေါက်တာရဲလွင်နှင့်အဖွဲ့ 

ကျိုးသွားသည့်တာရိုးကိုပိတ်ထားနိုင်ပြီ
ဖြစ်သော ကျောက်ပုံကြီးအပေါ်မှာ 
ကြည်ကြည်နူးနူး အောင်ပွဲခံနေကြစဉ်။


 

            ဒီကနေ့နံနက် ၈ နာရီမြင်ကွင်း။ (ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့ )





***********************



ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဌာန 
တောင်ကြီးနှင့်လားရှိုးမြို့ များတွင် ဖွင့်မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဓာတ်ခွဲစစ်ဆေးမှုစွမ်းရည်နှင့်အရေအတွက်ကိုတိုးမြင့်ဆောင်ရွက်သည့်အနေဖြင့် လက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)၊ ပြည်သူ့ကျန်မာရေးဓာတ်ခွဲဆိုင်ရာဌာန မန္တလေးမြို့ နှင့်မော်လမြိုင်မြို့ တို့အပြင် တောင်ကြီးနှင့်လားရှိုးမြို့ များတွင် နောက်ထပ်တိုးချဲ့ ဖွင့်လှစ်ကာ ကိုဗစ်-၁၉  ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။   

အခြေခံလူတန်းစားများအား ထောက်ပံ့မှု
နှစ်ကြိမ်မှာ ကျပ် ၇၁ ဘီလီယံကျော် ကျခံပေးခဲ့


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကဇူလိုင်လ ၁၇ ရက်နေ့ကပြုလုပ်ခဲ့သော သတင်းစာရှင်လင်းပွဲတွင်  ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအားထောက်ပံ့ခြင်နှင့်ပတ်သက် ရှင်လင်းပြောကြားသည်။ 

ပထမအကြိမ် သင်္ကြန်ကာလတွင် အိမ်ထောင်စုပေါင်း ၄ သန်းကျော်အား အခြေခံစားနပ်ရိက္ခာ ၅ မျိုးဖြန့်ဝေ ပေးရာတွင် ငွေကျပ်ဘီလီယံ ၅၀ ကျော်ကျခံခဲ့ကြောင်း၊ တစ်ဖန် ပထမအကြိမ်အခြေခံစားနပ်ရိက္ခာ ၅ မျိုးဖြန့်ဝေစဉ်က ကျန်ရစ်ခဲ့သောအိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သန်းကျော်ကို  ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သောင်းခွဲထောက်ပံ့ရာတွင် ငွေကျပ် ၂၁ ဘီလီယံ ကျခံခဲ့ကြောင်း၊ တစ်ခါ တတိယအကြိမ်အဖြစ် ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစားအိမ်ထောင်းစု ၅ ဒသမ ၄ သန်းကျော်ကို ငွေကျပ်နှစ်သောင်းစီ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ စတုတ္ထအကြိမ်ထောက်ပံ့မှုအဖြစ်လည်း အိမ်ထောင်းစု ၅ ဒသမ ၄ သန်းကျော်ကို ငွေကျပ်နှစ်သောင်းစီ သြဂုတ်လနောက်ဆုံးအပတ်တွင် ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။


အထက်ကျောင်းများဖွင့်လှစ်ရာတွင်
ကျောင်းသားမိဘများ စိုးရိမ်မှုမရှိစေရန် စီစဉ်ဆောင်ရွက်ထား

  ဓာတ်ပုံ - sayar.com.mm


အခြေခံပညာအထက်တန်းအဆင့်ကျောင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေး Guidelines SOP များကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ မေလ ၂၂ ရက်နေ့ကတည်းကပင် ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း၊ ၄င်းညွှန်ကြားချက်တွင် ကျောင်းသားမိဘနှင့်ကျောင်သားများ ဆောင်ရွက်ရမည့်အပိုင်း၊ ကျောင်းသူကျောင်းသားနှင့်ဆရာဆရာမများ ဆောင်ရွက်ရမည့်အပိုင်း၊ ကျောင်းများမှ တာဝန်ရှိသူများဆောင်ရွက်ရမည့်အပိုင်းတို့အတွက် SOP များ ရေးဆွဲထားသည်။ 

 တနိုင်ငံလုံးပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်း ၆၁၇၁ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်း ၁၀၀၀ နှင့် ဘုန်းတော်ကြီးသင် အထက်တန်းအဆင့် စာသင်ကျောင်း ၄ ကျောင်းရှိပြီး အထက်တန်းကျောင်းသားကျောင်းသူ စုစုပေါင်း ၁ ဒသမ ၆ သန်းခန့်ရှိရာ ယခုအခါကျောင်းအပ်နှံပြီးသူ ၁ ဒသမ ၀၆ သန်းရှိနေကြောင်းသိရသည်။

ရွာသူရွာသားများအား ကယ်တင်ရန်
အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးပြုလုပ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ နယ်၊ ထီးစွဲ၊ အောင်သာဇေနှင့်ကျောက်တန်းကျေးရွာများရှိ ရွာသူရွာသားများကို လူသားတံတိုင်းအဖြစ်အသုံးချအခြေပြုလျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးပြုလုပ်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်ထားသည်ဟုသိရသည်။


စစ်ကိုင်းတိုင်းတွင် သွေးလွန်တုတ်ကွေးရောဂါ
ဖြစ်ပွားသူ ၅၅၈ ဦးရှိပြီး ၅ ဦး သေဆုံး

စစ်ကိုင်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာလွင်က ယခုနှစ် ဇွန်လလယ်အထိ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုမှာ ၅၅၈ ဦးရှိခဲ့ပြီး ဖြစ်ပွားသည့်နေရာများသို့ သွားကာ ခြင်ဆေးဖြန်းခြင်းနှင့်ပညာပေးခြင်းများပြုလုပ်ကြောင်း၊  ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ထမ်းများကိုသာ အားကိုးမနေကြဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များအတိုင်း မိမိတို့ကိုယ်တိုင်သန့်ရှင်းရေးနှင့်သွေးလွန်တုတ်ကွေးကာကွယ်နှိမ်နှင်းရေးများပြုလုပ်ကြမှသာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုနှင့်သေဆုံးမှုများ ကျဆင်းလာကြမည်ဟုပြောကြောင်းသိရသည်။  






တရား
ဓမ္မ 
အသိအမြင်


ဗုဒ္ဓဘာသာဆိုတာ (Mental Cultivation) စိတ်ကိုပျိုးထောင်ရေးအတွက် လက်တွေ့ကျင့်ကြံအားထုတ်ရတဲ့ ပညာပေးစနစ်ပါ။ 
ပြီးတော့ အလယ်အလတ်ကျင့်စဉ် မဇ္ဈိမပဋိပဒါလမ်းလို့လဲခေါ်ပါတယ်။ 
ကိုယ်ကျင့်ပညာနဲ့ အတွေးအခေါ်ပညာနှစ်ရပ် 
ပေါင်းစပ်ထားတဲ့စနစ်ဖြစ်ပါတယ်။
အဲဒီစနစ်ဟာ ဘာသာရေးနဲ့ သိပ္ပံပညာရပ်ကိုလည်း ထင်ဟပ်ပါတယ်။
ပြီးတော့ အကြောင်းအကျိုးနဲ့လွတ်မြောက်ခြင်းစနစ်လည်း ဖြစ်နေပြန်ပါတယ်။

ဘုန်းကြီးဦးပညာနန္ဒ - အမည်ရင်း မစ္စတာရပ်(ပ)မစ်ရှဲ(လ)စတီ(လ) 
နယူးမက္ကဆီကို၊ အမေရိကန်နိုင်ငံ။

  
****





အာဆီယံသတင်း

စင်ကာပူနိုင်ငံတော်အလံ 
ပျံသန်းလေ့ကျင့်ပြီ

ဓာတ်ပုံ - ကျွန်းသာယာ (၁၈၊၇၊၂၀၂၀)


သြဂုတ်လ ၉  ရက်နေ့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသော စင်ကာပူနိုင်ငံအမျိုးသားနေ့အခန်းအနား (National Day Parade - NDP) မှာ နိုင်ငံတော်လံကို လေတပ်မှ ချင်းနု(ခ)ဟယ်လီကော်ပတာကြီးဖြင့်ချိတ်ဆွဲလျက် ဝေဟင်မှပျံသန်းပြသခြင်းကို ၁၉၇၀ ခုနှစ်ကစပြီး Aerial Flypast Segment အဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ပြုလုပ်ခဲ့သည်။

စင်ကာပူနိုင်ငံ၏အလံကို ချင်းနု(ခ)ဟယ်လီကော်ပတာကြီးဖြင့်ချိတ်ဆွဲလျက် ဝေဟင်မှပျံသန်းလေ့ကျင့်လျက်ရှိသည်ကို စင်ကာပူနိုင်ငံသူနိုင်ငံသားများ ယနေ့နံနက်ပိုင်းက တွေ့ရှိကြရသည်။


ဗီယက်နမ်နိုင်ငံတွင်
သတင်းမီဒီယာပြတိုက်ဖွင့်လှစ်


   ဓာတ်ပုံ - AFP/Nhac Nguyen

အစိုးရနှင့်ပနံမသင့်သောသတင်းစာသမားများအား ထောင်ချပစ်လေ့ရှိသည်ဟု ဂုဏ်သတင်းညှိုးနွမ်းလျက်ရှိသည့်ဗီယက်နမ်နိုင်ငံသည် သတင်းစာလွတ်လပ်ခွင့်အဆင့်အတန်းအောက်ဆုံးနားရောက်နေသော်လည်း သူတို့နိုင်ငံ၏သတင်းမီဒီယာပွင့်လင်းမှုကို ပြသသည့်အနေဖြင့် သတင်းမီဒီယာပြတိုက်တစ်ခုကို လွန်ခဲ့သောလက ဖွင့်လှစ်ခဲ့သည်။

အဆိုပါပြတိုက်တွင် ပူလစ်ဇာဆုရထားသော ဗီယက်နမ်စစ်ပွဲကြီးအတွင်းကဓာတ်ပုံများနှင့် ပြင်သစ်ကိုလိုနီကာလအတွင်း သတင်းစာလွတ်လပ်ခွင့်အတွက် ဗီယက်နမ်သတင်းသမားတို့၏လှုပ်ရှားရုန်းကန်ခဲ့ရမှုများအကြောင်းကို စနစ်တကျရွေးခြယ်ပြသထားရာ ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံ၏သတင်းစာပညာသမိုင်းကို အဆင့်မြင့်မြင့်ဖော်ပြထားခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် သတင်းစာများနှင့်ရုပ်သံထုတ်လွှင့်မှုအားလုံးမှာ အစိုးရ၏ထိန်းချုပ်မှုအောက်တွင်ရှိနေကြပြီး နယ်စည်းမခြား သတင်းစာဆရာများအဖွဲ့က ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ တို့၏သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့်တွင် ဗီယက်နမ်နိုင်ငံသည် အဆင့် ၁၇၅ နေရာတွင်ရှိနေသည်သိရသည်။
(သတင်းဘာသာပြန် ကျွန်းသာယာ)


****


အမေရိကန်လယာဉ်တင်သင်္ဘောနှစ်စီး
တောင်တရုတ်ပင်လယ်တွင် ထပ်မံပူးတွဲလေ့ကျင့်ကြပြန်















                                  U.S. Navy photo by Mass Communication Specialist 3rd Class Cody Beam

အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောနှစ်စီးဖြစ်သည့် နီးမစ်(ဇ)နှင့်ရော်နယ်ရီဂင်တို့သည် ရက်သတ္တပတ်၂ ပတ်အတွင်းမှာ တောင်တရုတ်ပင်လယ်တွင် မဟာဗျူဟာမြောက်စစ်ရေးပူးတွဲလေ့ကျင့်ခြင်းကို ဒုတိယအကြိမ် ထပ်မံပြုလုပ်ခဲ့ကြသည်။ 

အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောနှစ်စီး ဤနေရာ၌ စ်ရေးပူးတွဲလေ့ကျင့်မှုလုပ်ခဲ့သည်မှာ လွန်ခဲ့သော ၆ နှစ်ကနောက်ဆုံးဖြစ်သည်။ ယခုအပတ်တွင် အမေရိကန်နိုင်ငံခြာရေးဝန်ကြီး မိုက်ပေါ(မ)ပီယိုက တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံက သူတို့၏ပင်လယ်ရေကြောင်းအင်ပါယာအဖြစ် လုပ်ကြံဖန်တီးယူခြင်းကို ကမ္ဘာနိုင်ငံများအနေဖြင့် ခွင့်ပြုကြလိမ့်မည်မဟုတ်ကြောင်းပြောခဲ့သည်။  

နီးမစ်(ဇ)လေယာဉ်တင်သင်္ဘော၏ရေတပ်တပ်မှူးကြီး ဂျင်မ်ကတ်က တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုများကို အပြည်ပြည်ဆိုင်ရာဥပဒေဘောင်အတွင်းမှ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ ပွင့်လင်းလွတ်လပ်မှုရှိသည့် အင်ဒိုပစိဖစ်ဒေသဖြစ်ရေးနှင့် ဒေသတွင်းရှိမဟာမိတ်များ လုပ်ဖော်ကိုင်ဖက်များအပေါ်ထားသောကတိက၀တ်များအတိုင်း အားဖြည့်ဆောင်ရွက်သွားမည်ဟုပြောကြောင်းသိရသည်။
(သတင်းဘာသာပြန် ကျွန်းသာယာ)


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
ရုရှာနိုင်ငံက ဖော်စပ်ထုတ်လုပ်နိုင်ပြီ


(Photo: REUTERS/Anton Vaganov)

ကိုဗစ်-၁၉  ကာကွယ်ဆေးအား လူ ၃၈ ဦးနှင့် ပထမအကြိမ် တစ်လကြာစမ်းသပ်ခဲ့ပြီးနောက် အသုံးပြုရန်စိတ်ချရကြောင်း၊ ခုခံစွမ်းအားတုန့်ပြန်မှုလည်းရှိကြောင်း၊ သို့သော် ခုခံစွမ်းအားတုန့်ပြန်မှု၏ပမာဏကိုမူ တိတိကျကျမသိရသေးကြောင်း၊ လူထောင်ပေါင်းများစွာပါဝင်မည့် တတိယအဆင့်စမ်သပ်မှုအား သြဂုတ်လတွင်ပြုမည်ဖြစ်ကြောင်း ရုရှားတိုက်ရိုက်ရင်းနှီးမှုရံပုံငွေအဖွဲ့ဥက္ကဋ္ဌ ကီရီးဒီမီထရီးအက်က ပြောခဲ့သည်။

ရုရှားနိုင်ငံသည် စမ်းသပ်ဆဲ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃၀ သန်းကို နိုင်ငံအတွင်းတွင် ယခုနှစ်မှာ ထုတ်လုပ်ရန်နှင့် နောက်ထပ်ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၇၀ သန်းကို နိုင်ငံခြားတိုင်းပြည်အချို့ တွင်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်းသိရသည်။  (သတင်းဘာသာပြန် ကျွန်းသာယာ)










Sunday, July 12, 2020

ကျွန်းသာယာ သတင်းစဉ် (၃)


ကျွန်းသာယာ သတင်းစဉ်
(Kyun Thar Yar News Magazine)





***




ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်
အင်္ဂလိပ်လိုရေးသည့်စာအုပ် ထွက်မည်

                           
 
                                                    ဓာတ်ပုံ - Wikipedia

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် The Power News
သတင်းဂျာနယ်တို့  ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ မှာ
သီးသန့်တွေ့ ဆုံမေးမြန်းရာတွင် ဦးရဲထွဋ်က သူ၏စာအုပ်ကို
အင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့ကြောင်းပြောခဲ့သည်။




၂၀၁၀ - ၂၀၁၆ မြန်မာ့နိုင်ငံရေးဖြစ်ရပ်များ စာအုပ်


ထိုစာအုပ်သည် ဦးသိန်းစိန်အစိုးရ၏အောင်မြင်မှုများအကြောင်း
ရေးသားထားခြင်းမဟုတ်ကြောင်း၊ စာအုပ်က ၂၀၁၀ နှင့် ၂၀၁၆
 နှစ်များအကြား ဦးသိန်းစိန်အစိုးရ ပြုလုပ်ခဲ့ သောပြုပြင်ပြောင်း
လဲရေးများကို  ၄င်းထက်ပိုပြီးကောင်းအောင်လုပ်နိုင်သည့်အခွင့်
အလမ်းများရှိခဲ့သော်လည်း မလုပ်နိုင်ခဲ့ကြောင်း၊ ယင်းသို့ဘာ့ကြောင့်
မလုပ်နိုင်ခဲ့ကြောင်းသင်ခန်းစာတို့ကို ဖော်ထုတ်ထားတာဖြစ်ကြောင်း၊
ထိုစဉ်က အဓိကဇာတ်ကောင်များဖြစ်သော ဥိးသိန်းစိန်နှင့်ဦးရွှေမန်း၊ အဓိကပါတီဖြစ်သောပြည်ခိုင်ဖြိုးပါတီ၊ အုပ်ချုပ်ရေးပိုင်းက အစိုးရ၀န်ကြီးတွေအကြောင်းဖြစ်ပြီး သူတို့အားလုံး၏သင်ခန်းစာများအား ဖော်ထုတ်ထားသည့်အတွက် ကောင်းသည်ထက် အားနည်းချက်တွေကသာ ပိုများကြောင်း စာရေးသူ ၀န်ကြီးဟောင်း ဦးရဲထွဋ်ကပြောကြောင်းသိရသည်။                                                                                                        


အထက်တန်းကျောင်းများ 
လာမည့်အပတ် ပြန်ဖွင့်မည်

ကျောင်းသူကျောင်းသားများ ပညာရှာရေးနှင့်ဝေးမသွားစေရန် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ပိတ်ထားခဲ့ရသောကျောင်းများကို လာမည့်အပတ်မှာပြန်ဖွင့်ရန် စပြီးခြေလှမ်းမှာဖြစ်ကြောင်း၊ ယင်းအစီအစဉ်အဆင်ပြေမှုအပေါ်မူတည်ပြီး အလယ်တန်းနှင့်မူလတန်းကျောင်းများကိုဖွင့်သွားရန် ဆက်လက်စီစဉ်မည့်အကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးစနစ်အမှန်တကယ်မြင့်ရန် လုပ်ရမည့်အရာများစွာရှိနေပါသေးကြောင်း၊ ထို ကြောင့် ပညာရေးကို ကျန်းမာရေးနှင့်တန်းတူအလေးထားဆောင်ရွက်နေရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၃ ရက်နေ့က သူ၏ဖေ့စ်စာမျက်နှာမှ သတင်းစကားပါး ရေးသားထားကြောင်းသိရသည်။



ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး ကျော်ဟိန်း
သြစတေးလျနိုင်ငံတွင် ကွယ်လွန်သွား


ဓာတ်ပုံ - မြန်မာ့အလင်းသတင်းစာ

သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ တွင် နေထိုင်သီတင်းသုံးလျက်ရှိသော ဦးပဉ္စင်းဦးကိတ္ထိသာရ (သက်တော် ၇၃ နှစ်) ဘွဲ့ အမည်ခံ စွယ်စုံရရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး ကျော်ဟိန်းသည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၂၇ မိနစ်တွင် ပျံလွန်တော်မူသွားသည်။ 

မင်းသားကြီးကျော်ဟိန်းအား ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်က ရန်ကုန်မြို့ တွင် အဖ အငြိမ်းစားခရိုင်ရဲဝန် ဦးဂျွန်မောင်စိန်နှင့်အမိ ဒေါ်ချိုချိုတို့မှမွေးဖွားခဲ့ပြီး မွေးချင်း မောင်နှမ ၆ ယောက်မှာ စတုတ္ထမြောက်ဖြစ်သည်။ 'အကာက အချစ်၊ အနှစ်က မေတ္ထာ'၊ 'မွန်းတည့်ချိန်တွင် နေ၀င်သည်'၊ 'ပန်းမြိုင်လည်က ဥယျာဉ်မှူး'၊ 'ဝေလည်းမွှေး ကြွေလည်းမွှေး'၊ 'နေကမွေးတဲ့လ' ရုပ်ရှင်ဇာတ်ကားများဖြင့် အကယ်ဒမီဆု ၅ ဆုကို ထူးချွန်စွာရရှိခဲ့သည်။ 

မင်းသားကြီးကျော်ဟိန်းသည် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်ခြင်းအပြင် သူကိုယ်တိုင်ဆိုခဲ့သည့်သီချင်းများကို စီးရီးခွေများထုတ်ခြင်းနှင့် ၀တ္တုတို၊ လုံးချင်းဝတ္တုရှည်နှင့်အက်ဆေး အစရှိသည့်စာပေရေးသားပြုစုခဲ့ကြောင်းသိရသည်။
 


ဖားကန့် မြေစာပုံပြိုကျ သေဆုံးသူများကို
လောပန်းများက ခိုင်းစေခဲ့ခြင်းဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ ဇူလိုင်လ ၂ ရက်နေ့ကဖြစ်ပွားခဲ့သော  မြေစာပုံပြိုကျသဖြင့်  သေးဆုံးသွားကြသူများကို ရေမဆေးကျောက်ရှာဖွေရန် လောပန်းများက နောက်ကွယ်မှစေခိုင်းခဲ့သည်ဟု မသေ၍ဆေးရုံတက်နေရသူများ၏ထွက်ဆိုချက်အရ လောပန်းများအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဖားကန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကပြောခဲ့သည်။

ထိုသို့ လောပန်းများ၏ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းကြောင့် ယခုကဲ့သို့အဖြစ်ဆိုးများဖြစ်ခဲ့ရပြီး သေဆုံးသူအလောင်းများ၏ သုံးပုံတစ်ပုံသည် ပိုင်ရှင်မဲ့ဖြစ်နေကာ ရေမဆေးလောပန်းဆိုသူများအနေဖြင့် တစ်စုံတယောက်မျှပေါ်လာခြင်းမရှိကြောင်း ဦးတင်စိုးကဆက်လက်ပြောခဲ့သည်။ 

သေဆုံးကြရသူများနှင့် ထိခိုက်ဒဏ်ရာရရှိကြသူများကို အစိုးရအနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ပြီး နိုင်ငံတော်သမ္မတရုံးအနေဖြင့်လည်း မြေပြိုကျခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းဖော်ထုတ်ရန်၊ သေဆုံးသူများနှင့်ထိခိုက်ဒဏ်ရာရရှိကြသူများ၏မိသားစုများအတွက် လိုအပ်သည့်ထောက်ပံ့ကူညီမှုများ စီစဉ်ဆောင်ရွက်ပေးရန်နှင့် နောင်တွင် အလားတူဖြစ်စဉ်များမဖြစ်ပွားစေရေးတို့အတွက် လုံခြုံရေးအပါအ၀င်အစီအမံများအကြံပြုတင်ပြရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်ူဆောင်ရွက်နေကြောင်းသိရှိရသည်။    



 နောက်ဆုံးပေါ် ဆမ်ဆောင်းစမတ်ဖုန်း
မြန်မာပြည်မှာ မိတ်ဆက်
  



ဈေးနှုန်းများမှာ 3GB RAM/32GB ROM version ကို မြန်မာကျပ်ငွေ ၂၆၉ ၀၀၀ ဖြင့်လည်းကောင်း၊ 6GB RAM/32GB ROM version ကို မြန်မာကျပ်ငွေ ၃၂၉ ၀၀၀ ဖြင့်လည်းကောင်း ရောင်းချကြောင်းသိရသည်။



တရား
ဓမ္မ 
အသိအမြင်


ကမ္မဋ္ဌာန်းလေးဆယ်ထဲမှာ မေတ္တာကမ္မဋ္ဌာန်းနဲ့ မရဏသ၁တိကမ္မဋ္ဌာန်း၊ အဲဒီကမ္မဋ္ဌာန်း နှစ်ပါးကိုသဗ္ဗတ္တကမ္မဋ္ဌာန်းလို့ခေါ်ပါတယ်။

ဘယ်ယောဂီမဆို တရားမထိုင်မီ ရှေးဦးစွာ ဘုရားကိုရှိခိုးပူဇော်ပြီးတဲ့အခါမှာ -

(၁) နတ် လူ သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ (မေတ္တာ ကမ္မဋ္ဌာန်း)

(၂) ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည်လို့ သေခြင်းတရားကို အောက်မေ့ဆင်ခြင်ရခြင်း (မရဏသ၁တိကမ္မဋ္ဌာန်း)၊ အဲဒီကမ္မဋ္ဌာန်း နှစ်ပါးကိုတော့ ဘယ်သောအခါမှ လက်မလွှတ် ချန်မထားရဘူး။ 

ဘယ်တရားကိုပဲ အားထုတ် အားထုတ်၊ သည်နှစ်ပါးကိုတော့ ရှေးဦးအရင် ပြုလုပ်ကြရမှာချည်းပဲ။ ဒါကြောင့် သူ့ကို သဗ္ဗတ္တကမ္မဋ္ဌာန်းလို့ခေါ်တယ်။

အလုံးစုံသော ကမ္မဋ္ဌာန်းတို့ရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်ထိန်းသိမ်းပေးနိုင်တဲ့ ပွဲဦးထွက်ကမ္မဋ္ဌာန်းပါပဲ။

ဒေါက်တာဘဒ္ဒန္တဝဏ္ဏသာရ (Ph.D)   
   


အားကစားသတင်း


ပြည်တွင်းဘောလုံးပြိုင်ပွဲများ
ပြန်လည်ကျင်းပရန်ပြင်ဆင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ပြည်တွင်းဘောလုံးပြိုင်ပွဲများပြန်လည်ကျင်းပရန် ကျန်းမာရေးနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ ပြိုင်ပွဲကျင်းပမည့်ကွင်း၊ အ၀တ်လဲခန်း၊ လေ့ကျင့် (Gym) ခန်းမ၊ ထမင်းစားခန်း၊ အားကစားသမားများ၏အိပ်ဆောင်များကို သွားရောက်စစ်ဆေးခဲ့သည်။ 

ပြိုင်ပွဲကျင်းပခွင့် ရ မရအား ယခုရက်ပိုင်းအတွင်း သိရမည်ဟုယုံကြည်ကြောင်း မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကပြောကြောင်းသိရသည်။ 







အာဆီယံသတင်း

စင်ကာပူနိုင်ငံ အထွေထွေရွေးကောက်ပွဲ
နောက်ဆက်တွဲ

Photo - The Sunday Times


စင်ကာပူနိုင်ငံ ၁၃ ကြိမ်မြောက်အထွေထွေရွေးကောင်ပွဲတွင် အနိုင်ရရှိခဲ့သော လက်ရှိအာဏာရပါတီမှဝန်ကြီးချုပ် လီရှန်လွန်းက ဆန့်ကျင်ဘက်ပါတီဖြစ်သော ဒဗလျှူပီ (WP - Workers' Party) ခေါင်းဆောင် ပရစ်တမ်ကို ရွေးကောက်ပွဲတွင် သိသိသာသာတိုးတက်လာသည့်အတွက်လည်းကောင်း၊ ပါတီများနှင့်နိုင်ငံရေးသမားများအကြားမှာရှိနေသော ကွာဟချက်များထက် စင်ကာပူနိုင်ငံ၏ကောင်းကျိုးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ကြရန်အတွက်လည်းကောင်း  မနေ့က ဂုဏ်ပြုချီးကျူးလိုက်သည်။ 

ထို့အပြင် ပြည်သူလူထုက သူ၏ပါတီအား ပြတ်ပြတ်သားသားထောက်ခံလျက် နိုင်ငံ့တာဝန်ကိုဆက်လက်ထမ်းဆောင်ရန်ထပ်မံတာဝန်ပေးအပ်မှုကို တာဝန်သိသိဖြင့်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါလီမန်တွင် ဆန့်ကျင်ဖက်ပါတီမှ အမတ်အရေအတွက် ပိုမိုရှိလာစေလိုသည့်မဲဆန္ဒရှင်များ၏လိုလားမှုကိုလည်း အသိအမှတ်ပြုကြောင်း ၀န်ကြီးချုပ်လီရှန်လွန်းက ပြောကြားခဲ့သည်။  (သတင်းဘာသာပြန် ကျွန်းသာယာ)


စင်ကာပူ-မလေးရှား နယ်စပ်ဖြတ်ကျော်
ခွင့် သြဂုတ်လဖွင့်မည်



  TNP Photo
စင်ကာပူ-မလေးရှား နယ်စပ်ဖြတ်ကျော်တံတား (Causeway)


ကာလတာရှည်နေထိုင်ခွင့်ရထားသူများ၊ အဓိကစီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသူများနှင့် အစိုးရအလုပ်ဖြင့်လာကြသူများကို စင်ကာပူနိုင်ငံနှင့်မလေးရှားနိုင်ငံတို့က နယ်စပ်ဖြတ်ကျော်သွားလာခွင့်ပြုခြင်းကို သြဂုတ်လ ၁၀ နေ့တွင်စတင်မည်ဖြစ်သည်။ 

၎င်းခရီးသွားများသည် ကိုဗစ်-၁၉ ပိုး ရှိ မရှိ အစစ်ဆေးခံခြင်းနှင့် သွားမည့်ခရီးစဉ်အသေးစိတ်တင်ပြခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်ကြောင်း သိရသည်။ (သတင်းဘာသာပြန် ကျွန်းသာယာ)



***


ဂျပန်နိုင်ငံတွင် မိုးသည်းထန် ရေကြီး မြေပြိုသဖြင့်
လူ ၅၈ ဦးသေဆုံး

 (ဓာတ်ပုံ-အင်န်အိတ်ခ်ျကေ)

ဂျပန်နိုင်ငံ၏တောင်ဖက်အစွန်ဆုံးကျွန်းကြီးဖြစ်သော ကျူရှူးကျွန်းနေရာအတော်များများတွင် ရက်သတ္တတစ်ပတ်ကျော်စွာ မိုးသည်းထန်စွာရွာသွန်မှုများဆက်လက်ဖြစ်ပွားလျက်ရှိရာ ကူမာမိုတို၊ ဆာဂါ၊ အိုအီတာ၊ မီယာဇာကီ၊ တိုကူရှီးမား၊ ဂီဖုနှင့် အကီတာခရိုင်များအတွက် မြေပြိုကျမှုသတိပေးချက်များနှင့် ရေကြီးရေလျှံခြင်းအတွက် ပြင်ဆင်ထားကြရန် ထုတ်ပြန်ထားသည်။ ထောင်ပေါင်းများစွာသော စစ်တပ်နှင့်ရဲအဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ကူမမြစ်တလျှောက်ရှိ ထိခိုက်မှုအများဆုံးမြို့ ရွာများသို့ ရွံ့ ဗွက်များ အပျက်အစီးအမှိုက်ဒိုက်သရောများကိုကျော်ဖြတ်သွားနေကြရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များတွင် အဆိုးဆုံးမိုးသည်းထန်မှုဖြစ်သဖြင့် ပြီးခဲ့သောဗုဒ္ဓဟူးနေ့အထိ သေဆုံးသူအနည်းဆုံး ၅၈ ဦးရှိကြောင်းသိရသည်။ 
(သတင်းဘာသာပြန် ကျွန်းသာယာ)


တောင်တရုတ်ပင်လယ်ကိစ္စ
တရုတ်နိုင်ငံကို အမေရိကန်ကန့်ကွက် 
  
တရုတ်နိုင်ငံ၏အငြင်းပွားဖွယ်ဖြစ်သော တောင်တရုတ်ပင်လယ်ရှိအရင်းအမြစ်များပိုင်ဆိုင်မှုကျေညာချက်ကို အမေရိကန်နိုင်ငံက တနင်္လာနေ့ (ဇူလိုင် ၁၃ ရက်)က ရှုတ်ချကန့်ကွက်ပြီး ဒေသတွင်းမငြိမ်မသက်ဖြစ်အောင်လုပ်ခြင်းနှင့် အမေရိကန်-တရုတ်ဆက်ဆံရေးအား တိုးမြင့်အားစမ်းနေခြင်းသာဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။

တရုတ်၏တောင်တရုတ်ပင်လယ်ရှိအရင်းအမြစ်ပိုင်ဆိုင်မှုကျေညာချက်သည် တရားမ၀င်သည့်အပြင် အရှေ့ တောင်အာရှက ကမ်းရိုးတန်းနိုင်ငံများကို သက်သက်ခြိမ်းခြောက်အနိုင်ကျင့်ခြင်းသာဖြစ်ကြောင်း၊ ၄င်းကို ကမ္ဘာက လုံးဝခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပေါ(မ)ပီယိုကပြောခဲ့ကြောင်းသိရသည်။ (သတင်းဘာသာပြန် ကျွန်းသာယာ)



ဆေးပညာနှင့်ကျန်းမာရေးသတင်း


ကိုဗစ်-၁၉ က အဆုတ်အပြင်
 အခြားအင်္ဂါအစိတ်အပိုင်းများ ထိခိုက်စေနိုင်




ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးခဲ့သည့်
သမားတော်များက ၄င်းတို့၏ကုသမှုအတွေ့အကြုံများ
အပေါ်အခြေခံပြီး ကိုရိုနာဗိုင်းရပ်ပိုးသည် အဆုတ်အပြင်
 နှလုံး၊ ကျောက်ကပ်၊ ဦးနှောက် အစရှိသောကိုယ်အင်္ဂါ
အစိတ်အပိုင်းများနှင့် လုပ်ငန်းစနစ်တို့ကိုပါ ထိခိုက်ပျက်စီး
စေကြောင်း  ဇူလိုင်လ ၁၀ ရက်နေ့ထုတ် Nature Medicine
လစဉ်ထုတ်ဂျာနယ်တွင် သုံးသပ်ရေးသားခဲ့ကြသည်။


ထိုကြောင့် ကိုဗစ်-၁၉ လူနာများအားကုသပေးနေကြသေည့်
သမားတော်များအနေဖြင့် ဒီရောဂါကို ခန္ဓာကိုယ်စနစ်အားလုံးတိုက်ခိုက်သည့်ရောဂါ (multisystem disease) အဖြစ် သဘောထားကြရန်လိုအပ်ကြောင်း ကိုလန်ဘီယာတက္ကသိုလ် အားဗင်းဆေးသိပ္ပံပညာဌာနမှ နှလုံးအထူးကုအမားတော်ကြီး ဒေါက်တာအာ ကရစ်တီဂွပ်တားက ပြောဆိုခဲ့သည်ဟုသိရသည်။
(သတင်းဘာသာပြန် ကျွန်းသာယာ)








Saturday, July 4, 2020

ကျွန်းသာယာ သတင်းစဉ် (၂)




ကျွန်းသာယာ သတင်းစဉ်
(Kyun Thar Yar News Magazine)


'ကျွန်းသာယာ သတင်းစဉ်'သည် မြန်မာပြည်တွင် ထုတ်ဝေလျက်ရှိသော နိုင်ငံပိုင်နှင့်ပုဂ္ဂလိက  ပိုင် နေ့စဉ်သတင်းစာများနှင့်အပတ်စဉ်ထုတ်ဂျာနယ်များမှ သိမှတ်ဖွယ် စိတ်ဝင်စားဖွယ်ရာဖြစ်သည့် ကောင်းနိုးရာရာသတင်းများနှင့်မှတ်သားစရာများကို ကျွန်းသာယာစာဖတ်ပရိတ်သတ်အတွက် ရှာဖွေစုစည်းတင်ပြထားခြင်းဖြစ်သည်။

အထူးသဖြင့် အဝေးရောက်မြန်မာနိုင်ငံသားများကို ရည်ရွယ်ပါသည်။


ယင်းသို့စုစည်းတင်ပြရာတွင် မူရင်းသတင်းအချက်အလက်များကို တိုက်ရိုက်ကူးယူဖော်ပြခြင်းမပြုလုပ်ပါ။


မူရင်းသတင်းအချက်အလက်များထဲမှ အချို့ ကိုသာ ကျွန်းသာယာအယ်ဒီတာက သင့်တော်သလို ရွေးနှုတ်လျက် အကျဉ်းချုပ်ပြန်လည်ရေးသားထားပါသည်။ နိုင်ငံခြားသတင်းအချို့ ကို ကျွန်းသာယာမှ တိုက်ရိုက်ဘာသာပြန်ဖော်ပြ ပေးပါမည်။



***




ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် 
သေဆုံးသူ ၁၇၂ ဦး၊ ဒဏ်ရာရသူ ၄၃ ဦးရှိ


ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ ဇူလိုင်လ ၂ ရက် နံနက် ၇ နာရီခန့်က မြေစာပုံပြိုကျသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်ပြည်သူများပူးပေါင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၃ ရက်နေ့အထိ သေဆုံးသူရုပ်အလောင်း ၁၇၂ လောင်းရှာဖွေတွေ့ရှိပြီး ဒဏ်ရာရရှိသူ ကျား ၄၃ ဦးကို ကယ်ဆယ်ခဲ့ကြောင်းသိရှိရသည်။


ပြည်ထောင်စုဝန်ကြီးများ
လုံးခင်း၊ ဖားကန့်ရတနာမြေသို့ ရောက်ရှိ

မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးခြင်းနှင့်ထိခိုက်ဒဏ်ရာရခြင်းတို့ကို စုံစမ်းဖော်ထုတ်ရန်နှင့်ကူညီပံ့ပိုးပေးခြင်းများဆောင်ရွက်နိုင်ရန် ယင်းဖြစ်စဉ်စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်းစုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့ နယ်သို့ရောက်ရှိကြကြောင်း သိရှိရသည်။


မြန်မာရွှေ့ ပြောင်းလုပ်သား ၄၁ ဦး 
ထိုင်းနိုင်ငံ ရနောင်းမြို့ မှ ပြန်လည်ဝင်ရောက်လာ



ဇွန်လိုင်  ရက်နေ့ ညနေပိုင်းက မြန်မာရွှေ့ ပြောင်းအလုပ်သမား အမျိုးသား ၁၄ ဦး  အမျိုးသမီး ၂၇ ဦးတို့ သည် ထိုင်းနိုင်ငံ ရနောင်းမြို့ မှ မြန်မာနိုင်ငံကော့သောင်းမြို့ သို့ ရေလမ်းခရီးဖြင့် ပြန်လည်ဝင်ရောက်ခဲ့ကြကြောင်းသိရသည်။

(ဓာတ်ပုံ - မြန်မာ့အလင်း)




မြန်မာရွှေ့ ပြောင်းလုပ်သား ၇၂၈ ဦး 
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာ

ထိုင်းနိုင်ငံမှမြန်မာရွှေ့ ပြောင်းလုပ်သား အမျိုးသား ၄၁၇ ဦး၊ အမျိုးသမီး ၃၁၁ ဦး စုစုပေါင်း ၇၂၈ ဦးတို့သည် ဇူလိုင်  ရက်နေ့က  မြ၀တီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်ခဲ့ကြကြောင်းသိရသည်။


ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်
ရောင်စုံဓာတ်ပုံပြိုင်ပွဲဖိတ်ခေါ်

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ရောင်စုံဓာတ်ပုံပြိုင်ပွဲအား'ရာပြည့်တက္ကသိုလ် မြကျွန်းညို' ဟူသောခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရန်ကုန်တက္ကသိုလ်၏ခမ်းနားတင့်တယ်မှု၊ သမိုင်းအစဉ်အလာ ကြီးမြင့်မြတ်မှုများ၊ ခေတ်အဆက်ဆက်ပြုပြင်ပြောင်းလဲခဲ့မှုများ၊ ဖွံ့ ဖြိုးတိုးတက်မှုများ၊ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုပုံရိပ်များ၊ အောင်မြင်ထူးချွန်ထင်ရှားသည့်ပုဂ္ဂိုလ်များ၊ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် အဆောက်အဦများ၊ ရန်ကုန်တက္ကသိုလ် နှစ်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ခဲ့သည့်လှုပ်ရှားမှုများနှင့် ပွဲတော်ပုံရိပ်များ စသည့်ရန်ကုန်တက္ကသိုလ်၏အနှစ်သာရများကို ဖော်ညွှန်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။



ဇူလိုင် ၄ ရက် (ည ၈ နာရီ)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ကိုဗစ်-၁၉ သတင်း
  • ပိုးတွေ့လူနာအသစ် = ဦး 
  • ပိုးတွေ့ပြီးလူနာ စုစုပေါင်း = ၃၁၃ ဦး
  • ရောဂါပိုးကင်းစင်သွားပြီးသူ စုစုပေါင်း = ၂၄၀ ဦး
  • သေဆုံးသူ စုစုပေါင်း =  ဦး
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
လုပ်ငန်းစဉ်သတင်းများ

ကိုဗစ်-၁၉ ဖြစ်ပွားသူလူနာများအထဲမှ ၈၀ ရာနှုန်း (၂၅၄ ဦး) သည် ရောဂါပိုးကင်းစင်သွားခဲ့ပြီး၊ ၅၀ ရာနှုန်းသည်ပြည်ပမှ ကူးစက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ လတ်တလောကာလတွင်တွေ့ ရှိရသော လူနာအသစ်များမှာလည်း ပြည်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရသူ ၁၉ ဦးတွင် အသက်ရှူအထောက်အကူပြုကိရိယာ အသုံးပြုခဲ့ရသောလူနာမှာ ၅ ဦးသာရှိကြောင်း၊ လူနာအားလုံး၏ ၅၈ ရာနှုန်းသည် မည်သည့်ရောဂါလက္ခဏာမှမပြသော်လည်း ရောဂါပိုးရှိနေပါကြောင်း၊ ယခုအခါဆေးရုံအသီးသီး၌ သီးခြားထားရှိကုသမှုခံယူနေသောလူနာများတွင် အထူးကြပ်မတ်ကုသမှုခံယူနေရသူ တစ်ဦးမျှမရှိကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ပြောကြားခဲ့ကြောင်းသိရသည်။


အသေးစား အရင်းအနှီးချေးငွေလုပ်ငန်း 
သမ၀ါယမအသင်းများ

ယခုအခါ မြန်မာနိုင်ငံတွင် အသေးစား အရင်းအနှီးချေးငွေလုပ်ငန်းကို လုပ်ဆောင်ပေးနေသော သမ၀ါယမအသင်းပေါင်း (၃၀၅၁၃) သင်းအား ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်မှစ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေကြသူများအနေဖြင့် အလုပ်ကိုတစိုက်မတ်မတ်လုပ်ကိုင်နိုင်ကြစေရန်လိုအပ်သည့်အရင်းအနှီးအတွက် ငွေချေးပေးမည်းဖြစ်ကြောင်းသိရှိရသည်။  
   


စာရင်းအင်းဦးစီးဌာန မြို့ နယ်ဦးစီးမှူး 
အဂတိလိုက်စားမှုဖြင့် အရေးယူထား 

ရေကြည်မြို့ နယ်ကျေးရွာအုပ်စု ငါးအုပ်စုမှ တောင်သူများအား လယ်ယာမြေခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးရာတွင် တောင်သူများထံက ငွေကြေးတောင်းခံခြင်း၊ လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုခွင့်လျှောက်ထားခြင်းနှင့်စိုက်ပျိုးရေးဘဏ်မှချေးငွေထုတ်ယူခြင်းတို့အတွက် ငွေကြေးတောင်းခံရယူကာ အဂတိလိုက်စားနေသည့် ရေကြည်မြို့ နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုနိုင်(ယခု ပုသိမ်မြို့ နယ်) အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်းသိရှိရသည်။


အခက်အခဲကြုံ မြန်မာနိုင်ငံသားများနှင့်သင်္ဘောသားများအား
ဖိလစ်ပိုင်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့မှ ပြန်လည်ခေါ်ဆောင်ခဲ့

ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့်မြန်မာနိုင်ငံသား ၁၅ ဦးနှင့် အိန္ဒိယနိုင်ငံတွင် အခက်အခဲကြုံ တွေ့နေသည့်မြန်မာနိုင်ငံသား ၄၈ ဦး၊ Carnival အပျော်စီးသင်္ဘောလိုင်း၏ Conquest၊ Dream၊ Holland America သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသင်္ဘောသား ၁၀၇ ဦးတို့အား သင်္ဘောကုမ္ပဏီနှင့်မြန်မာသံရုံးတို့၏စီစဉ်ပေးမှုဖြင့် မြန်မာကယ်ဆယ်ရေးလေယာဉ်ဖြင့် ဇူလိုင်လ ၅ ရက်နေ့ ည နေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။   



ပြည်တွင်းခရီးသွားလုပ်ငန်း 
အဓိကထားဆောင်ရွက်မည်

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် ယခင်က ပြည်းပခရီးသွားများကိုသာ အဓိကဦးတည်ချက်ထားပြီးဝန်ဆောင်မှုပေးခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းခရီးသွားများကို အဓိကထားကာပြန်လည်စတင်ရမည်ဖြစ်သည်။ ပြည်ပခရီးသွားနှင့်ပြည်တွင်ခရီးသွားတို့၏မတူညီးသောသဘာဝ၊ မျှော်လင့်ချက်နှင့်သုံးစွဲနိုင်စွမ်းများကိုထည့်သွင်းစဉ်းစားရမည်ဖြစ်သလို ပြည်တွင်းခရီးသွားများကိုဆွဲဆောင်နိုင်သည့်ခရီးစဉ်များ စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဇူလိုင်လ ၇ ရက်နေ့ကပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ ဖြိုတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ 


ကျောက်ကပ်ဆေးစက်
ဆေးရုံသို့လှူဒါန်း 

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့ နယ်နေ အသက် ၈၀ အရွယ်ရှိအလှူရှင်ဖြစ်သူ ဒေါ်ရာဆူလ်ဂျီ မိုဟာမက်မိုဂျီသည် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ကျောက်ကပ်ဆေးစက် ၁ လုံးကို ဇူလိုင်လ ၆ ရက်နေ့က လှူဒါန်းရာ ဆေးရုံအုပ်ကြီးဒေါက်တာဒေါ်သန်းလှနှင့်အဖွဲ့ က လက်ခံခဲ့ကြသည်။ ထို့အပြင် မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုနှင့်သင်ကြားရေးဆေးရုံကြီး၊ ကုတင် ၅၀၀ အထူးကုဆေးရုံကြီးနှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံတို့ကိုလည်း ကျောက်ကပ်ဆေးစက် ၁ လုံးစီ ထပ်မံလှူဒါန်းသွားရန်စီစဉ်ထားကြောင်း သိရှိရသည်။ 



ဇွန်လ ဒုတိယပတ်
မြန်မာ့ဆန်နှင့်ဆန်ကွဲတင်ပို့မှု


၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လ ၁၄ ရက်မှ ၂၀ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၇ ဒသမ ၄၀၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၈၅၀၀ နီးပါးတင်ပို့နိုင်ခဲ့ကြောင်း၊ အာရှနိုင်ငံများသို့တန်ချိန် ၉၅၀၀ ခန့်၊ အီးယူနိုင်ငံများသို့ဆန်တန်ချိန် ၅၆၀၀ ခန့်၊ အာဖရိကနိုင်ငံများသို့တန်ချိန် ၃၃၄၀ ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၄၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲတင်ပို့မှု ဒေါ်လာ ၄ ဒသမ ၉၁၂၊ ဆန်ကွဲတန်ချိန် ၁၆၉၀၀ နီးပါးတင်ပို့နိုင်ခဲ့ပြီး အီးယူနိုင်ငံများသို့ တန်ချိန် ၁၂၇၀၀ ခန့်၊ အာရှနိုင်ငံများသို့တန်ချိန် ၃၇၅၀ ခန့်၊ အာဖရိကနိုင်ငံများသို့တန်ချိန် ၄၀၀ ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၉ ၀၀ ကျော် လျှော်နည်းတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။







အာဆီယံသတင်း

စင်ကာပူနိုင်ငံ အထွေထွေရွေးကောက်ပွဲ
လက်ရှိအာဏာရပါတီ ပီအေပီအစိုးရနိုင်

  

ဇူလိုင်က ၁၀ ရက်နေ့ကပြုလုပ်ခဲ့သော စင်ကာပူနိုင်ငံ၏ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောင်ပွဲတွင် လွှတ်တော်နေရာစုစုပေါင်း (၉၃) နေရာအနက် လက်ရှိအာဏာရပါတီ ပီအေပီ (PAP - The People's Action Party) က (၈၃) နေရာအနိုင်ရရှိခဲ့ပြီး ဆန့်ကျင်ဘက်ပါတီဖြစ်သော ဒဗလျှူပီ (WP - Workers' Party) က ကျန် (၁၀) နေရာကို ရရှိသွားခဲ့သည်။ ပီအေပီပါတီ၏မဲရရှိမှုရာနှုန်းသည် ၉ ရာနှုန်းခန့်လျှော့နည်းကာ အမတ်လောင်းအုပ်စုဖွဲ့ ရွေးကောက်ခံခြင်းနေရာ (GRC - Group Representation Constituency) တစ်နေရာလည်း လက်လွတ်သွားခဲ့ရကြောင်းသိရသည်။  (သတင်းဘာသာပြန် - ကျွန်းသာယာ)

****


ရုရှားနိုင်ငံ သမတ ဗလာဒီမာပူတင်
၂၀၃၆ ခုနှစ်အထိ အာဏာတည်မြဲမည်ဆို


ဇူလိုင်လ ၁ ရက်နေ့ကပြုလုပ်ခဲ့သော ဖွဲ့ စည်းပုံ
ဥပဒေပြောင်းလဲရေးဆန္ဒခံယူပွဲတွင် သမတဗ
လာဒီမာပူတင်ကို နောက်ထပ် ဆယ်စုနှစ် န
နှစ်ကြိမ်ဆက်လက်ရှိစေရန် သောင်းသောင်း
ဖြဖြထောက်ခံမှုရရှိခဲ့သည်။ မဲပုံးအရေအတွက်

စုစုပေါင်း၏ ၈၅ ရာနှုန်းကိုသာ ရေတွက်ကြည့်သေးသော်လည်း မဲပေးသူအားလုံး၏ ၇၇.၈ ရာနှုန်းက ဖွဲ့ စည်းပုံဥပဒေပြောင်းလဲရေးကို လိုလားကြကြောင်းသိရှိရသည်။  
(သတင်းဘာသာပြန် - ကျွန်းသာယာ)



ဂျပန်နိုင်ငံအနောက်ပိုင်းတွင် မိုးသည်းထန်စွာရွာပြီး
ရေကြီးမြေပြို ၂ ဦးသေ ၁၃ ဦးပျောက်

ဇူလိုင်လ ၃ ရက်နေ့က ဂျပန်နိုင်ငံအနောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ၁၃ ဦးပျောက်ဆုံးခဲ့ကြောင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အရေးပေါ်ကူညီဆောင်ရွက်ပေးနိုင်ရန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို အသင့်ရှိနေစေရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။


တရုတ်သည်အမေရိကန်၏ 
အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်


တရုတ်အစိုးရ၏ 'တန်ပြန်ထောက်လှမ်းရေးနှင့်
စီးပွားရေးခိုးဝှက်သူလျှိုလုပ်ခြင်း'အပြုအမူများသည်
အမေရိကန်နိုင်ငံ၏သတင်းအချက်အလက်များ၊
အသိဥာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စီးပွားရေးစွမ်းအားတို့ကို 
ရေရှည်ခြိမ်းခြောက်လျက်ရှိနေကြောင်းနှင့် အကျိုးဆက်
အနေဖြင့် အမေရိကန်တို့၏အမျိုးသားလုံခြုံရေးကိုပါ 
အန်တုရန်ပြုလာကြောင်း အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး 
ခရစ္စတိုဖာဝရေးက ပြောခဲ့ကြောင်းသိရသည်။ 
(သတင်းဘာသာပြန် - ကျွန်းသာယာ)
   

အားကစားသတင်း

အောင်လအန်ဆန်၏ချန်ပီယံကာကွယ်ပွဲ
အောက်တိုဘာမှာကျင်းပမည်



ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉  ကြောင့် ရွှေ့ ဆိုင်းထားခဲ့
ရသည့် အောင်လအန်ဆန်၏မစ်ဒယ်ဝိတ်တန်းချံပီယံ
ကာကွယ်ပွဲကို ယခုနှစ်အောက်တိုဘာလတွင် ပြန်
လည်ကျင်းပမည်ဖြစ်ကြောင်း One Champion က 
ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။  







Thursday, July 2, 2020

WCPT မှ World Physiotherapy သို့





ပြီးခဲ့သောဇွန်လ ၃၀ ရက်နေ့က ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီးထံမှ အီးမေးတစ်စောင်ရရှိခဲ့သည်။

WCPT Press Release (သတင်းထုတ်ပြန်ချက်) ဟု ထိပ်စီးမှာစာလုံးကြီးကြီးဖြင့်ရေးထားပြီး အလျင်အမြန်ထုတ်ပြန်ရန် (For immediate release) ဟုလည်း မှတ်ချက်ပေးထားကြောင့် အတော်လေးစိတ်ဝင်စားမိပါသည်။

နောက်ပြီး World Physiotherapy အမည်နှင့် သင်္ကေတဒီဇိုင်း (logo) အသစ်တို့ကို အထက်မှာမြင်ရသည့်အတိုင်း အတူတွဲလျက်တွေ့ကြရသည်။ 

World Physiotherapy ဟူသောအမည်သစ်သည် ယခင်ကသိထားသော World Confederation for Physical Therapy (WCPT) ၏ လုပ်ငန်းအမည် (Operating name) ဟုဆိုပါသည်။

ကုမ္ပဏီကြီးများ၏လုပ်ငန်းဖွဲ့စည်းဆောင်ရွက်မှုပုံစံအတိုင်း နည်းယူလုပ်ဆောင်ခြင်းဟု နားလည်မိပါသည်။  

သို့ဆိုရသော် WCPT အမည်ပျောက်သွားပါပြီလား။

WCPT ဆိုသည့်အမည်ကို  World Physiotherapy ဆိုသောအမည်သစ်ဖြင့် အစားထိုးလိုက်ခြင်းပေလားဟု ထင်စရာရှိသည်။

ထိုသို့မဟုတ်ပေ။

WCPT သည် အင်္ဂလန်နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ရရှိထားသည့် မိခင်အဖွဲ့အစည်းကြီးအဖြစ် ယခင်ကအတိုင်း တည်ရှိနေဆဲဖြစ်လေသည်။

အနှစ်ချုပ်ပြောရသော် World Physiotherapy သည် ယခင်ကအမည်ဟောင်းဖြစ်သော WCPT ၏ ဘရဲန်းအသစ် (new brand) ဖြစ်သည်။

World Physiotherapy was formerly known as the World Confederation for Physical Therapy.

အရပ်စကားဖြင့်ပြောရသော် WCPT ၏ထရိတ်မတ်ခ် (Trademark) ဟုလည်း ဆိုနိုင်ပါသည်။

ယင်း ဘရဲန်းအသစ်နှင့်အတူ ၀က်ဘ်ဆိုက် (Website) အသစ်ကိုပါ တစ်ချိန်တည်း ပွဲထုတ်လိုက်ပြီဖြစ်သည်။

ထိုကဲ့သို့ ဘရဲန်းအသစ်၊ လိုဂိုအသစ်၊ ၀က်ဘ်ဆိုက်အသစ်တို့ကို တည်ထွင်ဖန်တီးလိုက်ခြင်းနှင့်အတူ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီး၏ ပိုမိုထိရောက်ထက်မြက်သည့် ရှေ့ လုပ်ငန်းစဉ်များကို မိမိတို့ အားလုံး မလွှဲအသွေ မြင်တွေ့ကြရတော့မည်ဟု ယုံကြည်မိပါသည်။





Saturday, June 27, 2020

ဆိုင်မှာစားလို့ ရပါပြီဗျို့  (၂)




                                                                    ဒီကနေ့စားတဲ့ တူနှစ်ကိုယ်နံနက်စာ။


ပြီးခဲ့တဲ့အမှတ် (၁) မှာတုန်းက ဧပြီလ  ရက်နေ့ကစပြီး စင်ကာပူနိုင်ငံမှာ 'စားကစ်ဘရိတ်ကာ' (circuit breaker) လို့ခေါ်တဲ့ တင်းကျပ်တဲ့ ခပ်ခွာခွာနေထိုင်ရေးမူ(safe distancing measures) ကို လကြာ ချမှတ်ခဲ့တဲ့အကြောင်း၊

ဒါကြောင့် မိမိတို့တတွေဟာ လက်ဘက်ရည်ဆိုင်အပါအ၀င် စားသောက်ဆိုင်တွေမှာ အစားအစာများကို ပုံမှန်လို ထိုင်စားလို့မရတော့ကြောင်း၊ 

ဒါပေမယ့် 'စားကစ်ဘရိတ်ကာအလွန်'(post-circuit breaker) ပထမကာလ (Phase One) အပြီးဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ကစပြီး ဆိုင်တွေမှာ မိမိတို့ ထိုင်စားလို့ရလာကြောင်း ရေးခဲ့ပါတယ်။

ဒါကြောင့် အဲဒီဇွန်လ ၁၉ ရက်နေ့နေ့ခင်းက ဆေးရုံအလုပ်ပြီးတော့ အိမ်ရှင်မကို ဖုန်းဆက်လိုက်ပါတယ်။

ဒီကနေ့ကစပြီး ဆိုင်တွေမှာ ထိုင်စားလို့ရပြီဖြစ်လို့ အခါတိုင်း မိမိတို့စားနေကျ ကော့(စ)ဝေးပွိုင့်ကုန်တိုက်ကြီးက ကေအက်(ဖ)စီဆိုင်မှာ အတူစားကြဖို့လှမ်းခေါ်တာပါ။

ဒါပေမယ့် အဲဒီနေ့က အိမ်ရှင်မက ချောင်းနဲနဲဆိုးနေတာကြောင့် မလာနိုင်လို့ မိမိတစ်ယောက်ထဲပဲစားဖြစ်ခဲ့ပါတယ်။

အဲ .. ဒီကနေ့မနက်မှာတော့ မိမိတို့အဖိုးကြီးအဖွားကြီး ၂ ယောက် ရပ်ကွက်ကဈေးကိုသွားပြီး ဆိုင်ထဲမှာ ပထမဆုံးအကြိမ် အတူထိုင်ပြီး နံနက်စာစားဖြစ်ခဲ့ပါတယ်။

ယခင်က တစ်ပတ်တစ်ခါ နံနက်တိုင်း လာလာစားနေကျဖြစ်တဲ့ ဒီဈေးက စားသောက်ဆိုင်ကို ၂ လကျော်ကြ လာမစားနိုင်ပဲစောင့်ထိန်းခဲ့ရသော ခပ်ခွာခွာနေထိုင်ရေးဥပုသ်ကြီးကို အောင်မြင်စွာ ချိုးဖောက်နိုင်ခဲ့ကြောင်း ပါ။

ဝမ်းသာရပါ၏။



WCPT Congress 2021 ကျင်းပဖြစ်မည်





ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် ကမ္ဘာတ၀ှမ်းလုံးမှာ ကြိမ်မီးအုံးပမာ ဒုက္ခသုက္ခမျိုးစုံနှင့်ရင်ဆိုင်ဖြေရှင်း နေကြရသည်။

အချိန်အကန့်အသတ် လုံးဝမရှိ။
အတိုင်းအဆကိုလည်း ကြိုတင်ခန့်မှန်း၍ မရတတ်။

၆ လကျော်မျှကြာမြင့်ခဲ့သည့်တိုင် စမ်းတ၀ါးဝါး လုပ်ကိုင်နေကြရဆဲ ရှိနေသေးဆဲပင်။

လူတို့၏နိစ္စဒူဝ သွားမှု လာမှု နေထိုင်စားသောက်မှုအားလုံး ကမောက်ကမဖြစ်ကုန်ကြသည်။

ယင်းတို့အထဲတွင် ပုံမှန်ပြုလုပ်နေကျ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ ပြပွဲပြိုင်ပွဲ အစရှိသည်များ ပါရှိကြ၏။

ယခုအချိန်လောက်ဆိုက အတော်လေးလှုပ်လှုပ်ရှားရှားရှိနေလောက်သော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာညီလာခံ (WCPT Congress 2021) ၏အသံလည်း တိတ်တိတ်ဆိတ်ဆိတ်ရှိနေသည်။

တစ်ခါတစ်ခါမှ အသံလေးထွက်လာတတ်သော်လည်း ယခင်ညီလာခံများ၏ အကြိုကာလများကကဲ့သို့ အားမရှိ အင်မရှိလှ။

တက်ကြွဖို့ဆိုသည်မှာ ဝေလှဝေးချေသေးတော့။

ငြိမ်ချက်သားကောင်းနေလေသည်။

တခြားကိုကြည့်ရန်မလို။

မိမိကိုယ်ကို မိမိ ပြန်ကြည့်ရုံဖြင့် သိနိုင်လေသည်။

ပုံမှန်အားဖြင့် ယခုလောက်အချိန်မျိုးတွင် မိမိသည် ညီလာခံအကြောင်းတွေ ရေးတင်တတ်သည်။ 

မိမိ၏ယခင်ကညီလာခံအတွေ့အကြုံများကို မျှဝေပေးတတ်သည်။ 
လာမည့်ညီလာခံအကြောင်းကိုလည်း သိရှိသ ဖောက်သည်ချသတင်းပေးတတ်သည်။

မျိုးဆက်သစ် မြန်မာအကြောအဆစ်ကုပညာရှင်များ (Physiotherapists) အနေဖြင့် ကမ္ဘာ့ညီလာခံကြီးကို စိတ်ဝင်တစားရှိကြပြီး တက်ရောက်ကြရန်အားပေးလေ့ရှိပါသည်။

မည်သည့်နိုင်ငံ မည်သည့်မြို့ တွင်ကျင်းပမည်။

ညီလာခံမှတ်ပုံတင်ကြးက ဘယ်၍ဘယ်မျှရှိသည်။ ဆွေးနွေးတင်ပြကြမည့် သုတေသနစာတမ်းများ၏အကြောင်းခြင်းရာအချို့  အစရှိသဖြင့်ဖြစ်သည်။

သို့သော် လာမည့် ၂၀၂၁ တွင်ကျင်းပမည့် WCPT Congress ကား အထက်တွင်ဆိုခဲ့သည့်အတိုင်း ကိုဗစ်- ၁၉ ၏လောင်းရိပ်အောက်တွင် မှုန်ဝါးဝါးဖြင့် မသေမချာရှိနေခဲ့သည်။

ဘာမှရေရေရာရာမရှိပါချေ။

မည်သို့ဆိုစေကာမူ လာမည့်နှစ် ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ တွင် ကျင်းပရန်စီစဉ်ထားသော WCPT Congress 2021 ကို သတ်မှတ်ထားသည့်အတိုင်းပြုလုပ်သွားမည်ဟုတော့ သိရသည်။



            ယူအေအီးနိုင်ငံကိုယ်စားလှယ်အဖွဲ့

၂၀၁၉ ခုနှစ်မေလက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ တွင်ကျင်းပခဲ့သော ညီလာခံနောက်ဆုံးနေ့က '၂၀၂၁ ညီ လာခံ'ကို ဒူဘိုင်းမြို့ တွင်ကျင်းပမည်ဖြစ်ကြောင်း WCPT President 'အဲ(မ)မာစတုတ်(စ)' က တရားဝင်ထုတ်ဖော်ကြေညာခဲ့ပါသည် (အပေါ်ပုံ)။




ဂျနီဗာမြို့ တွင်ကျင်းပခဲ့သော WCPT Congress 2019 တွင် ယူအေအီးနိုင်ငံ
ကိုယ်စားလှယ်က ဒူဘိုင်းညီလာခံသို့ ဖော်ရွေရင်းနှီးစွာဖိတ်ကြားနေစဉ်။


ညီလာခံကျင်းပရေးကော်မတီမှ မိမိတို့ထံ အီးမေးများပေးပို့လျက် သတင်းပေးအကြောင်းကြားနေပါသည်။

အဲင်းမိရိတ်(စ)အကြောအဆစ်ကုပညာရှင်အသင်း (Emirates Physiotherapy Society - EPS) သည် ၂၀၀၇ ခုနှစ်က ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းကြီး (World Confederation for Physical Therapy - WCPT) တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။

ထိုနှစ်ကို မိမိကောင်းစွာမှတ်မိနေပါသည်။

အကြောင်းမှာ ၂၀၀၇ ခုနှစ်က ကနေဒါနိုင်ငံ ဗဲန်ကူးဗားမြို့ တွင်ကျင်းပခဲ့သော WCPT Congress ကို မိမိသည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ဖူး၍ဖြစ်သည်။


ဆက်ရေးပါဦးမည်။

Wednesday, June 24, 2020

ကျွန်းသာယာ သတင်းစဉ် (၁)


ကျွန်းသာယာ သတင်းစဉ်
(Kyun Thar Yar News Magazine)



'ကျွန်းသာယာ သတင်းစဉ်'သည် မြန်မာပြည်တွင် ထုတ်ဝေလျက်ရှိသော နိုင်ငံပိုင်နှင့်ပုဂ္ဂလိက  ပိုင် နေ့စဉ်သတင်းစာများနှင့်အပတ်စဉ်ထုတ်ဂျာနယ်များမှ သိမှတ်ဖွယ် စိတ်ဝင်စားဖွယ်ရာဖြစ်သည့် ကောင်းနိုးရာရာသတင်းများနှင့်မှတ်သားစရာများကို ကျွန်းသာယာစာဖတ်ပရိတ်သတ်အတွက် ရှာဖွေစုစည်းတင်ပြထားခြင်းဖြစ်သည်။

အထူးသဖြင့် အဝေးရောက်မြန်မာနိုင်ငံသားများကို ရည်ရွယ်ပါသည်။


ယင်းသို့စုစည်းတင်ပြရာတွင် မူရင်းသတင်းအချက်အလက်များကို တိုက်ရိုက်ကူးယူဖော်ပြခြင်းမပြုလုပ်ပါ။


မူရင်းသတင်းအချက်အလက်များထဲမှ အချို့ ကိုသာ ကျွန်းသာယာအယ်ဒီတာက သင့်တော်သလို ရွေးနှုတ်လျက် အကျဉ်းချုပ်ပြန်လည်ရေးသားထားပါသည်။ 



***





မြန်မာရွှေ့ ပြောင်းလုပ်သား ၉၈၉ ဦး 
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာ

ထိုင်းနိုင်ငံရှိဒေသအသီးသီးမှမြန်မာရွှေ့ ပြောင်းလုပ်သား ၄၆၂ ဦးသည် ထိုင်းနိုင်ငံရှိမြန်မာသံရုံး၏ခွင့်ပြုချက်အရ ဇွန်လ ၂၁ ရက်နေ့က သူတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့် မြ၀တီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည် ၀င်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇွန်လ ၂၃ ရက်နေ့က ရွှေ့ ပြောင်းလုပ်သား ၄၈၇ ဦးသည် မြန်မာသံရုံး၏ခွင့်ပြုချက်အရ သူတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့်လည်းကောင်း၊  ရွှေ့ ပြောင်းလုပ်သား ၄၀ ဦးသည် ထိုင်းနိုင်ငံရှိ Immigration Detention Center မှလည်းကောင်း မြ၀တီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်ခဲ့ကြကြောင်းသိရသည်။



တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၆ ဦး 
ထပ်မံဝင်ရောက်လာခဲ့

တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသားများ (အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၄၃ ဦး) သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ နယ် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေ့စဉ် ၀င်ရောက်လျက်ရှိရာ ဇွန်လ ၂၃ ရက်နေ့က ၁၀၆ ဦး ထပ်မံဝင်ရောက်ခဲ့ကြကြောင်းသိရသည်။



ပြည်ပနိင်ငံများမှပြန်လာရန် အခက်အခဲတွေ့နေသည့် 
မြန်မာ ၁၂၉ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

နိုင်ငံတကာလေယာဉ်ခရီးစဉ်များ ယာယီရပ်ဆိုင်းထားသဖြင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲတွေ့နေသည့် ကိုရီးယားနိုင်ငံမှ ၉၂ ဦး၊ အမေရိကန်၊ ဘယ်(လ)ဂျီယံ၊ နော်ဝေနှင့်ဆွစ်ဇာလန်များမှ ၃၇ ဦး၊ စုစုပေါင်း ၁၂၉ ဦးတို့ကို MAI ကယ်ဆယ်ရေးလေယာဉ်ဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ဇွန်လ ၂၃ ရက်နေ့ ည ၈ နာရီက ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။



ဇွန် ၂၄ ရက် 
ကိုဗစ်-၁၉ သတင်း

  • ပိုးတွေ့လူနာအသစ် = ဦး (ဘင်္ဂလားဒေ့ရှ်မှပြန်လည်ဝင်ရောက်လာသူများ)
  • ဓာတ်ခွဲစစ်ဆေးပြီးသူ စုစုပေါင်း = ၆၄,၅၃၂ ဦး
  • ပိုးတွေ့ပြီးလူနာ စုစုပေါင်း = ၂၉၂ ဦး
  • ရောဂါပိုးကင်းစင်သွားပြီးသူ စုစုပေါင်း = ၂၀၄ ဦး
  • သေဆုံးသူ စုစုပေါင်း = ဦး
  • စောင့်ကြည့်လူနာစုစုပေါင်း ၅၇၅၉ ဦး



ရေးမြို့ နယ် မော့ကနင်းကျေးရွာ 
အိမ် ၁၈ လုံး မီးလောင်ပျက်စီး

မွန်ပြည်နယ် ရေးမြို့ နယ် မော့ကနင်းကျေးရွာ ရပ်ကွက် (၃) ယုဇနလမ်းတွင် ဇွန်လ ၂၂ ရက်က လျှပ်စစ်ဝါ ယာကြိုးရှော့ဖြစ်ကာမီးလောင်ရာ နေအိမ် ၁၈ လုံး ပျက်စီးသွားသဖြင့် မီးဘေးသင့်ပြည်သူ ၉၇ ဦးအား မော့ကနင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်းသိရသည်။








စင်ကာပူ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
လေယာဉ်ပြောင်းစီးသောခရီးသည်များလာမည်


ဇွန်လ ၁၁ ရက်နေ့ကစပြီး စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြောင်းစီးခရီသည် (transit passengers) အရေအတွက် ရာချီပြီးရှိခဲ့ကြောင်း စင်ကာပူလေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ CAAS က မနေ့ကပြောခဲ့သည်။

တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများရှိ မြို့ အတော်များများသို့သွားရောက်ကြမည့် လေယာဉ်ပြောင်းစီးခရီးသည်များကို စင်ကာပူလေကြောင်းလိုင်းမှဝန်ဆောင်မှုပေးတော့မည်ဖြစ်ရာ လာမည့်ရက်သတ္တပတ်များတွင် ခရီးသည်များပြားလာမည်ဟုမျှော်လင့်ထားသည်။  
(The Straits Times မှ သတင်းဘာသာပြန် - ကျွန်းသာယာ)



ဆိုက်ဘေးရီးယားဒေသက မြို့ တစ်မြို့ 
အပူချိန်စံချိန်သစ်တင်



ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၏ဝေးလန်
ခေါင်ပါးမြို့ တစ်မြို့ ဖြစ်သော 'ဗာခိုယန့်(စ)(ခ)' (Verkhoyansk) တွင် ပြီးခဲ့သောစနေနေ့က 
အပူချိန် ၃၈ ဒီဂရီရှိခဲ့သည်။ အာတိတ်စက်ဝန်း (Arctic Circle) အတွင်းရှိနေသည့် ဗာခိုယန့်(စ)
(ခ)မြို့ ၏ ဇွန်လပျမ်းမျှအပူချိန်ထက် ၁၈ ဒီဂရီပို
လွန်သွားသောကြောင့် အာတိတ်စက်ဝန်း၏
အပူဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်သွား
ခဲ့ကြောင်းသိရသည်။  
(The Straits Times မှ သတင်းဘာသာပြန် - ကျွန်းသာယာ)




သတင်းများကို အခါအားလျော်စွာ ဆက်လက်တင်ပေးသွားပါမည်။