"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 4, 2013

မြန်မာပြည်က လာခဲ့တယ်




၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်




စင်ကာပူကိုရောက်တဲ့နေ့က ချန်ဂီလေဆိပ်မှာ အမှတ်တရ (၀ဲမှ - ဒေါ်အေးအေးသက်၊ ဒေါ်ခင်မိုးမိုး၊ မသန္တာတင်)။



မာရီးနားဘေးဆဲန်(စ)ဟိုတယ်ကြီးကို နောက်ခံထားပြီး အမှတ်တရရိုက်ခဲ့တဲ့ဓာတ်ပုံ။



ယခုမေလဆိုရင် သမီးက မီးဖွားတော့မှာ။

ဒါကြောင့် အဖေနဲ့အမေဖြစ်တဲ့ စာရေးသူတို့က မြန်မာပြည်မှာရှိတဲ့ သမီးရဲ့ အဒေါ်နှစ်ဦးကို လှမ်းမှာလိုက်ပြီး အကူအညီတောင်းခဲ့ကြရတယ်။

တူမလေး မီးမဖွားခင် ကြိုလာပေးကြပါပေါ့ ။ ကလေးမွေးပြီးတဲ့အခါကြတော့လည်း ဆက်ပြီးကူ ညီစောင့် ရှောက်ပေးကြပါဦးပေါ့ ။ အကူအညီတောင်းမယ့်သာတောင်းရတာ သူတို့နှစ်ဦးလုံးက အပျိုကြီးတွေ။

နောက်ပြီး ဒီစင်ကာပူကိုလာဖို့ကြတော့ သူတို့က ဘယ်လုပ်တတ်ကြပါ့ မလဲ။ သမီးရဲ့ အမေ့ဇာတိဖြစ်တဲ့ မုဒုံမှာ နေကြတာလေ။ ရန်ကုန်ကို အခေါက်ခေါက်အခါအခါရောက်ဖူးပေမယ့် နိုင်ငံ ခြားကိုတော့ ဘယ်က ရောက်ဖူး ပါ့ မလဲ။ လေယာဉ်ပျံကြီးနဲ့ နိုင်ငံခြားကို သွားဖို့နေနေသာသာ ပြည်တွင်းမှာတောင် လေယာဉ်တစ်ခါမှ စီးဖူး ကြတာမဟုတ်တာ။

ပတ်စပို့လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ရုံးပြင်ကန္နားသွားတာတို့ သံရုံးကိုသွားပြီး ဗီဇာ လျှောက်တာတို့ လေယာဉ်လက်မှတ်ဝယ်တာတို့ ဘာနားလည်တာမှတ်လို့။ ဒါကြောင့် ဒီအတွက် အိမ်ရှင်မက ရန်ကုန်ကသူ့ အကိုနဲ့အမကို အကူအညီတောင်းရတာ။ အကိုဆိုတာက သူ့အမရဲ့ ခင်ပွန်းပါ။ တပ်ထဲကအနားယူပြီး ကိုယ်ပိုင် လုပ်ငန်းလုပ်နေကြတာ။

အကိုနဲ့အမတို့ကလည်း အခုကိစ္စမှ မဟုတ်ဖူး။ စာရေးသူ စင်ကာပူကိုလာဖို့တုန်းကလည်း အကိုတို့ပဲ အကူအ ညီပေးခဲ့တာ။ အဲဒီတုန်းက မြန်မာပြည်ကနေ စင်ကာပူကို တိုက်ရိုက်လေယာဉ်မရှိလို့ ယိုးဒယားခေါ်တဲ့ ထိုင်း နိုင်ငံကနေ တစ်ဆင့်လာခဲ့ကြရတာ။

ထိုင်းမှာ ခဏနေဖို့ တည်းခိုဖို့ အကိုက သူ့မိတ်ဆွေစစ်သံမှူး ဗိုလ်မှူးကြီးဗဟိန်းကို ပြောထားပေးလို့ စာရေးသူ အဆင်ပြေခဲ့ရတာ။ ဗိုလ်မှူးကြီးဗဟိန်း၏အိမ်မှာတည်း၊ အဲဒီမှာပဲ ထမင်းစားပြီး၊ သံရုံးကကားနဲ့ လေဆိပ်ကို ပို့ ပေးခဲ့တာတွေကို ယနေ့တိုင် အထူးပဲကျေးဇူးတင်မိနေရပါတယ်။   



စာရေးသူတို့အိမ်က ပန်းခြံလေးမှာ သား၊ သားမက်၊ သမီးနှင့်ဇနီးရဲ့ ညီမနှစ်ဦး။ 

မကြာခင်က ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ဖြေလျှော့မှုတွေလုပ်ပေးနေလို့ နိုင်ငံကူးလက်မှတ်လျှောက်ဖို့ လုပ်ရကိုင်ရတာ ယခင်ထက်စာရင် အတော်လေးကို အဆင်ပြေလာတာ။ နို့မ ဟုတ်လို့ကတော့ မြန်မာပြည်ကနေ အပြင်ထွက်ဖို့ရာဟာ ဖတ်ဖတ်ကိုမောပြီး သွားချင်တဲ့စိတ်ကို ကုန်ပါလေ ကော။ ကြုံဖူးတဲ့သူအားလုံး မှတ်မိနေကြဦးမှာပါ။



စာရေးသူတို့အနေနဲ့ ရန်ကုန်က မှာတဲ့အတိုင်း နိုင်ငံကူးလက်မှတ်လျှောက်ဖို့အတွက် ‘ခေါ်စာ’ရေးပေးတာတို့ စင်ကာပူသံရုံးမှာ ဗီဇာလျှောက်ဖို့အတွက် ဗီဇာလျှောက်လွှာပုံစံကို ရေးဖြည့်ပေးရတာတို့ လုပ်ပေးရပါတယ်။ တကယ်က ရန်ကုန်ဖက်က အကိုတို့က စင်ကာပူခရီးစဉ်အတွက် အစစ အားလုံးချောချောမောမောဖြစ်အောင် အများဆုံး လုပ်ပေးခဲ့တာပါ။

သမီးရဲ့ အဒေါ်နှစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးသက်နှင့်ဒေါ်ခင်မိုးမိုးတို့ ဒီကိုလာဖို့ရာ အစစအဆင်ပြေတယ်လို့ ဆို ရပေမယ့် ဘာသာစကားအခက်အခဲက ရှိနေပြန်ပါတယ်။ မြန်မာပြည်လေဆိပ်ကနေ လေယာဉ်ထွက်လာတဲ့ အထိတော့ ဘာပြသနာမှ မရှိဘူးပေါ့။ လေဆိပ်မှာလည်း မြန်မာစကားပြောလို့ရတယ်။ လေယာဉ်ပေါ်မှာလည်း မြန်မာတွေခရီးသည်တွေက အများစုပဲ။ အဲ ပြသနာက စင်ကာပူရောက်မှ ရေရေလည်လည်ကြီးကို စ, တော့တာ။

ဝှိုက်ကတ် (white card) ဖြည့်ရေးပါတဲ့။

မရေးတတ်ဖူးလေ။ ဒါနဲ့ လေယာဉ်ပေါ်မှာကတည်းက အကူအညီပေးနိုင်မယ့် ပေးချင်မယ့်သူကို ရှာရကော။ ကံကောင်းထောက်မလို့ ခရီးဖော်အမကြီးတစ်ဦးကို မေးကြည့်တော့ သူက လိုလိုလားလားပဲ အကူအညီပေး လို့ ကျေးဇူးတင်မဆုံးပါပဲတဲ့။       

နိုင်ငံခြားကိုတစ်ခါမှ မထွက်ဖူးဘူးဆိုတော့ စင်ကာပူလေဆိပ်ကိုရောက်တာနဲ့ စိုးရိမ်စိတ်က လွန်ကဲနေပြီ။

လေဆိပ်ကြီးကလည်း နည်းနည်းလောလောကြီးတာမှ မဟုတ်တာကလား။ နောက်ပြီး မြန်မာပြည်က လေ ဆိပ်လို လှေကားကတက်ပြီးတာနဲ့ ပတ်စပို့စစ်တဲ့နေရာကို တန်းရောက်တာမှ မဟုတ်တာ။ ဟိုကွေ့ဒီကွေ့ သွားရသေးတာ။ ဟိုကြည့် ဒီကြည့်သွားရင်း လာကြိုတဲ့အမနဲ့တူမတွေကို တွေ့မှတွေ့ပါ့ မလားလို့ ပူမိသေး တယ်။ ဘယ်မှလည်း မသွားတတ် မလာတတ်တာနဲ့။ အင်္ဂလိပ်စကားကလည်း မပြောတတ်တာနဲ့။

ဒါပေမယ့် ခရီးဖော်အမကြီးက လေဆိပ်ထဲကဖုန်းနဲ့ တူမလေးရဲ့  လက်ကိုင်ဖုန်းကိုဆက်ပေးပြီး အဆက်အ သွယ်ရတော့မှ ရင်ထဲက ‘ဟင်’ကျနိုင်ခဲ့တယ်။ ဒီကြားထဲ ယူလာတဲ့အိတ်တစ်လုံးက တော်တော်နဲ့ မထွက် လာလို့ ပျောက်များသွားလေပြီလားလို့ စိတ်ပူရပြန်တယ်။ နောက် အတော်လေးကြာမှ ထွက်လာပေလို့ စိတ် အေးရတာ။

စောစောကဖုန်းဆက်ထားလို့ အမနဲ့တူမတို့က လေဆိပ်ထဲမှာရောက်နေပြီမို့ တွေ့ချင်တာကလွဲလို့ စိုးရိမ်စိတ် မရှိတော့ပါဘူး။ ပစ္စည်းတွေစုံလို့ အပြင်ဖက်ကို တွန်းလှည်းလေးနဲ့ထွက်လာတဲ့အခါ အမနဲ့တူမလေးတို့စောင့် နေကြတာနဲ့ အတော်ပါပဲ။

ဒါနဲ့ အဲဒီနားကထိုင်ခုံမှာ တူမလေးနဲ့အတူထိုင်ကြပြီး ဓာတ်ပုံရိုက်တော့ အမက ဓာတ်ပုံဆရာ။ တစ်ခါ အမနဲ့ အတူ ရိုက်ကြပြန်တော့ တူမလေးက ဓာတ်ပုံဆရာပေါ့လေ။  

လေဆိပ်ကနေ တက္ကဆီငှားပြီး မြို့ ထဲဖက်လည်းထွက်လာကော ပထမဆုံးသတိပြုမိတာက .... 

ဟယ် စင်ကာပူမှာ သစ်ပင်တွေ အများကြီး ရှိတာပါလားလို့။       







ဆက်ပြီးရေးပါဦးမယ်။





Saturday, April 27, 2013

မပြောမပြီး… မတီးမမည်



၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်။



ဆိုရေးရှိက၊ ဆိုအပ်လှ၏’ဆိုသည့် မြန်မာအဆုံးအမ စကားတစ်ရပ်ရှိပါသည်။

ယင်းဆုံးမစကားကို အများနားလည်အောင်ပြောရသော် ‘ပြောစရာအကြောင်းရှိက ပြောဖြစ်အောင်ကို ပြော သင့်သည်’ ဟူ ဖြစ်ပါလေ၏။ အဘယ်ကြောင့်ဆိုသော် ပြောသင့်ပြောထိုက်သည်များကို သိသူများက မ ပြောပါလျင် မသိကြသူအများစုအဖို့ အမှားများကို အမှန်ဟုထင်နေတတ်သည်။ အမှန်ကို သိခွင့်မရပဲ ရှိနိုင် သည်။  

ပြောသည်ဟုဆိုရာတွင် စကားဖြင့် ပြောနိုင်သည်။ စာဖြင့်လည်း ရေးသားဖော်ပြနိုင်သည်။

အမှန်က မိမိတို့တွင် ပြောချင်သည့်စကားများ အနည်းနှင့်အများ ရှိနေတတ်ကြပါသည်။ သို့တစေ အ ကြောင်းကြောင်းကိုတွေးဆလျက် လုံးဝမပြောဖြစ်သည်များရှိခဲ့သလို နည်းနည်းပါးပါးလောက်သာ ပြော ဖြစ်ခဲ့ခြင်းများလည်း ရှိခဲ့ဖူးကြသည်။

သို့မို့ကြောင့် မိမိသည် မိမိ၏ရင်ထဲမှ ပြောချင်ရာရာများကို ဤနေရာမှတဆင့် ရိုးသားပွင့်လင်းစွာ တင်ပြ ဆွေးနွေးသွားပါမည်။ 



ကျောနံပတ်






ယခင်က ဒီအသုံးအနှုံး ရှိမရှိ သေသေချာချာကြီးတော့ မမှတ်မိတော့ဘူး။ သိရသလောက်တော့ ဟိုတုန်းက ဘောလုံးသမားများရဲ့ အမည်နဲ့ သူတို့ဝတ်တဲ့အားကစားအင်္ကျီဂျာစီကို မြန်မာတွေက “နံပါတ်”လို့ပဲ ပြောလေ့ ရှိကြတာရယ်ပါ။ 

“ကျောနံပါတ်”ရယ်လို့ “ကျော”ကြီးထည့်ပြီး မပြောကြပါဘူး။ 

အပေါ်က ဓာတ်ပုံရဲ့ ပုံစာကို ဖတ်ကြည့်ကြပါ။ 'နံပါတ် ၇ ခရစ္စတီယာနို ရိုနားဒိုး' လို့ ရေးထားတာပါ။ အင်္ဂလိပ်လိုမှာလည်း 'ကျော'ဆို တဲ့စာလုံး မပါပါဘူး။

အခုတော့ဗျာ .. “ကျောနံပါတ်” တဲ့။ 

ဖတ်လို့လည်း မကောင်းဘူး။ မြင်လို့လည်း ကြည့်မရဘူး။ မှားတယ် မှန်တယ် ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာစကား မဟုတ်သလိုပဲ။ ထောင့်ထောင့်ကြီး ဘာသာပြန်ထားသလို ခံစားမိတယ်။ မြန်မာပြည်မှာ ရုပ်မြင်သံကြားစက်တွေ မရှိခင်တုန်းက ဘောလုံးပြိုင်ပွဲတွေကို မြန်မာ့အသံ ရေဒီယိုကနေ တိုက်ရိုက်ကြေညာပေးတာ။ ကြေညာပေးတဲ့သူတွေက ပြောတာကောင်းလွန်းလို့ ဒီကနေ့အထိ နားထဲမှာ မနေ့တနေ့က ကြားရသလိုပဲ ‘စွဲ’နေရတုန်းပါ။

ဥပမာ၊

“ဧရာဝတီတိုင်းက ဘယ်တောင်ပံ .. နံပတ် ၅ .. တင်ထွန်း ၊ ကွင်းလယ်က နံပတ် ၇.. စိုးသိမ်း..ဖြတ်ပို့ပေး လိုက်တဲ့ဘောလုံးကို ညာခြေနဲ့ အသာလေးဖမ်းထိန်းပြီး ဂိုးဆီကို သုတ်ခြေတင် သယ် သွားတယ်ခင်ဗျ .. ” 






Wednesday, April 17, 2013

ဓာတ်ပုံများကပြောပြနေတဲ့ မြန်မာ့သင်္ကြန်



၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်



မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်သည် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်နှင့်အတူ ကုန်လွန်သွားခဲ့ပေပြီ။

မိမိတို့သည် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ဖြင့် နှစ်ဟောင်းကို အေးချမ်းပျော်ရွှင်စွာ ကျော်ဖြတ် ပြီး မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် နှစ်သစ်ကို နွေးထွေးလှိုက်လဲစွာ ကြိုဆိုခဲ့ကြပါ၏။

သို့တစေ မနေ့တနေ့ကမှ ကုန်လွန်သွားခဲ့သည့် နှစ်ဟောင်းနှင့် အတာသင်္ကြန်တို့ကို တကယ်က မေ့မေ့ ပျောက်ပျောက် မရှိနိုင်ကြသေးပေ။

အထူးသဖြင့် သင်္ကြန်တွင်းကာလများကို တမ်းတမ်းတတ လွမ်းနေကြရဆဲပင် ရှိနေပါသေးသည်။

သို့မို့ကြောင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို မိမိလို "တူးပို့ တူးပို့" မလုပ်လိုက်ကြရသူများအားလုံးအတွက် အလွမ်းတော်ပြေနိုင်ကြစေရန် ..........  


























မန္တလေးမြို့  မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်၏ "မြို့ မငွေငန်းဖြူ"အလှပြယာဉ်။









































































Sunday, April 14, 2013

ကျနော်တို့ ကန့်ဘလူသူ ကန့်ဘလူသား



၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်။   


ဒေါက်တာအရှင်ဝိစိတ္တသာရ(၀ဲဖက်)နှင့် အရှင်ဥာဏိန္ဒ (ထေရ၀ါဒတက္ကသိုလ်)တို့အား ဧပြီလ ၁၃ ရက်နေ့က ဖူးတွေ့ရသည်။

ဆရာတော်များနှင့် စကားလက်ဆုံကျလျက် .. (စာရေးသူ - ၀ဲဖက်စွန်)။



ပြီးခဲ့တဲ့ ကြာသပတေးနေ့ည ၈ နာရီခွဲလောက်မှာ မိမိတို့ဇာတိ ကန့်ဘလူမြို့ က ဒီမှာလာပြီးအလုပ်လုပ်နေတဲ့ ကိုကြည်ရွှင်ထံမှ အက်စ်အမ်အက်စ်တစ်ခု ရောက်လာတယ်။

သူရဲ့ စာလေးကို ‘ချစ်ခင်ရပါသော ကန့်ဘလူသူ ကန့်ဘလူသား ညီအစ်ကိုမောင်နှမများ’လို့ ,ရေးထား တာ ဖြစ်လို့ အတော်လေးကို နွေးနွေးထွေးထွေး ခံစားမိပါတယ်။

ညီအစ်ကို မောင်နှမများ .. ပါတဲ့။

တကယ်က လာမည့်စနေနေ့တွင် သူ့အိမ်မှာ ဆွမ်းကျွေးအလှူလုပ်ဖို့ရှိလို့ ဖိတ်တာရယ်ပါ။ ဒါပေမယ့် သူ့မိတ် ဆွေတိုင်းကို ဖိတ်ကြားတာမျိုး မဟုတ်ပဲ သူ့ဇာတိမြို့ ကသူတွေကိုပဲ ရွေးပြီးဖိတ်တာဆိုတော့ အကြောင်းရှိလို့ ပါ။

ဒါနဲ့ပတ်သက်ပြီး သူ့စာမှာ ဆက်ပြီးရေးထားတာက ‘ကန့်ဘလူသူ ကန့်ဘလူသား ညီအစ်ကိုမောင်နှမများကို ကန့်ဘလူဇာတိ ဆရာတော်ဓမ္မဂင်္ဂါက တွေ့ချင်တယ်’ လို့ပါတဲ့။  

သူ့ဖိတ်ကြားစာလေးကိုဖတ်ပြီး စာရေးသူ စိတ်ဝင်စားရသလို ဘွဲ့အမည်ကိုသာ ကြားဖူးရုံကြားဖူးခဲ့ပြီး ကိုယ် တိုင် မဖူးမျှော်ဘူးသေးသော ဆရာတော်အား တွေ့ချင်လိုစိတ်များ ပြင်းပြင်းပျပျ ဖြစ်မိပါတယ်။



ဒေါက်တာအရှင်ဝိစိတ္တသာရမှ သူပြုစုရေးသားထားသည့် စာအုပ်များကို လက်မှတ်ရေးထိုးပေးပါသည်။


ဆရာတော်၏ ရဟန်းဘွဲ့တော်မှာ ‘ဒေါက်တာအရှင်ဝိစိတ္တသာရ’ဖြစ်ပြီး အိန္ဒိယနိုင်ငံ ဗာရာဏသိမြို့ ရှိ ဗဟိုတိ ဘက် လေ့လာရေးတက္ကသိုလ်တွင် ပါဋ္ဌိစာပေဌာန၏ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြာင်း နှင့် ‘ဓမ္မဂင်္ဂါ’ကလောင်ဘွဲ့ဖြင့် စာပေများ ရေးသားလျက်ရှိနေကြောင်းတို့ကို အတန်ကြာကတည်းက ကြားဖူးခဲ့ ပါတယ်။   

ထိုနေ့က မိမိတွင် အလုပ်တာဝန်ရှိနေတာမို့ ဇနီးဖြစ်သူအား နံနက် ၁၁ နာရီမထိုးမီ ကိုကြည်ရွှင်တို့အိမ်သို့ ဦးစွာသွားနှင့်စေခဲ့ပြီး နေ့ ၁၂ နာရီထိုးခါနီးမှ မိမိရောက်သွားခဲ့ပါတယ်။ မိမိ ရောက်သွားပြီး ဆရာတော်နှစ် ပါးကို ဦးချကန်တော့သောအခါ ဆရာတော် ဓမ္မဂင်္ဂါက "ဒကာကြီးရဲ့ စာတွေကို ဘုန်းကြီး ဖတ်ဖူးတယ်" ဟု အမိန့်ရှိပါတယ်။ ဆရာတော်များ အချိုပွဲဘုန်းပေးနေကြစဉ် မိမိတို့ဧည့်သည်များ နေ့လည်စာ စားလိုက်ကြပါ တယ်။ 






နေ့လည်စာ စားပြီးတော့ ဆရာတော်များနှင့် စကားစမြည်ပြောကြရင်း ရယ်စရာများလည်း ပြောဖြစ်ကြပါ သေးတယ်။ ဆရာတော်၏ နိုင်ငံတကာသို့ခရီးသွားခဲ့သည့် အတွေ့အကြုံများ စာဖတ်စာရေးအတွေ့အကြုံများ ပညာသင်ကြားမှုအတွေ့အကြုံများ ဓမ္မစာပေ အင်္ဂလိပ်စာပို့ချခြင်းနှင့် သာသနာရေးဆောင်ရွက်ချက်များကို မှတ်သားဖွယ်ရာ ကြားနာခဲ့ရပါတယ်။  







နောက်ပြီး ဆရာတော်က သူရေးသားပြုစုထားသည့် "ရဟန်းနှင့်... အတွေးအမြင် ရသစာစုများ"နှင့် "အဖေ လို့သာခေါ်ပါလေ သားရဟန်းနှင့် မစိုးရိမ်အလွမ်းစာစုများ" ဆိုတဲ့ စာအုပ် ၂ အုပ်ကို သူကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ဒကာ ဒကာမများအား ဓမ္မဒါနပြုတော်မူပါတယ်။

ဆရာတော်၏စာအုပ်များကို ဖတ်ရှုလေ့လာပြီး ကျွန်းသာယာဘလော့တွင် စာဖတ်သူများအတွက် ခံစားတင်ပြပါဦးမယ်။ 










ကန့်ဘလူဇာတိ ဆရာတော်ကို ပင့်ဖိတ်ပြီးဆွမ်းကပ်တာဆိုတော့ အိမ်ရှင်ကိုကြည်ရွှင်တို့ဇနီးမောင်နှံက ကန့်ဘလူဟင်းလျာလေးတစ်ခွက် ထူးထူးခြားခြားချက်ထားလို့ စားလို့လည်းကောင်း ပြောစရာလေး လည်းဖြစ်ခဲ့ရပါတယ်။ 

အဲဒီဟင်းအ မယ်ကတော့ ပဲရေပွကျော်ပါ။ 

ပဲရေပွကျော်က ချဉ်ပေါင်ရွက်ဟင်းရည်နဲ့ဆို အလွန်လိုက်ဖက်တာ။ ဆရာတော်က သူ့ဇာတိရပ်ရွာကိုပြန်တဲ့အ ခါတိုင်း ကြက်သားအစရှိတဲ့သားငါးတွေထက် ပဲရေပွကျော်လိုမျိုး ရိုးရိုးဟင်းအမယ်တွေပဲ ချက်ခိုင်းတာဖြစ်လို့ ရင်းနှီးတဲ့ဒကာဒကာမတွေက “ဘုန်းကြီးကြွလာလို့ အသားဟင်းကောင်းကောင်းလေးများစားရမလား အောက် မေ့တယ်။ ဒါတွေက ဒီမှာ တပည့်တော်တို့ နေ့တိုင်းစားနေရတာဘုရား” လို့ လျောက်ကြပါသတဲ့။ 


ကန့်ဘလူသူ ကန့်ဘလူသားတွေအကြောင်းပြောကြရင်း အမေရိကန်နိုင်ငံပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ မှာ ကျောင်းထိုင်နေတဲ့ ကန့်ဘလူသားဆရာတော် ဒေါက်တာဦးညာဏ၀ရ အကြောင်း ပြောဖြစ်ကြပါတယ်။ ဆရာတော်သည် တက္ကသိုလ်ဝင်တန်းအောင်ပြီးနောက် အများသူငါတွေလို တက္ကသိုလ်ကို ဆက်ပြီးမတက်ပဲ ရဟန်းဘောင်ထဲ ၀င်သွားခဲ့တာ။ ကန့်ဘလူမြို့ ရဲ့ အရှေ့ ဖက်နားမှာရှိတဲ့ ညောင်အိုင်ဆိုတဲ့ ရွာကပါ။


ကန့်ဘလူမြို့ နဲ့ညောင်အိုင်ရွာက နီးနီးလေးဆိုတော့ နောင်အခါမှာ ဆရာတော် ဒေါက်တာဦးညာဏ၀ရဖြစ် လာမည့် ထိုစဉ်က ‘ဦးပဉ္စင်းညွန့်မောင်’ဟာ ညနေပိုင်းဆိုရင် စာရေးဆရာမာန်မြင့်နဲ့မိမိတို့ထံ မကြာခဏ လမ်းလျောက်ပြီး ရောက်လာတတ်တာ။ စာရေးသူတို့ဆီက စာအုပ်တွေ လာငှားပြီးဖတ်လေ့ရှိတယ်။ သူ့မှာ ရှိတဲ့ စာအုပ်တွေလည်း ယူလာပြီး စာရေးသူတို့ကို ပေးဖတ်တတ်ပါသေးတယ်။ 

စိတ်မြန်ကိုယ်မြန်နဲ့ လမ်းမြန်မြန်လျောက်တတ်တဲ့ ထိုစဉ်ကဆရာတော်ကို သင်္ကန်းတဖါးဖါးနဲ့ မျက်စိထဲ မြင် ယောင်မိပါတယ်။ သင်္ကန်းရုံ ထားပေမယ့် စာဖတ်ဝါသနာပါတာခြင်းတူကြတာကြောင့် သူငယ်ချင်းတွေလို ဖြစ်နေတာမို့ အဲဒီတုန်းက ဆရာတော်ပြောခဲ့တဲ့ လူငယ်တို့ဘာဝစကားလေးကို မှတ်မှတ်ရရရှိနေပါတယ်။

“မင်းတို့ နှစ်ယောက်က လောကီဖက်မှာ ပေါက်မြောက်အောင်လုပ်ကြကွာ။ ငါက လောကုတ္တရာဖက်မှာ ပေါက်မြောက်အောင် လုပ်မယ်ကွ” လို့ပေါ့။ 


ဒေါက်တာဦးညာဏ၀ရအား မဖူးတွေ့ရသည်မှာ ကြာလှပြီဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က စာရေးသူ ကနေဒါနိုင်ငံ ဗင်ကူးဗားသို့ မသွားခင်မှာ မိမိနေထိုင်ရာ စင်ကာပူကနေ ဆရာ တော်ဦးညာဏ၀ရထံ ဖုန်းဆက်ခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာကျင်းပမည့် ကမ္ဘာ့အကြောအဆစ်ကုညီလာခံ တက်ပြီးလျင် ဆရာတော်ကျောင်းထိုင်သော လော့စ်အိန်ဂျလိစ်မြို့ သို့ မိမိအလည်လာမည့်အကြောင်းကို လျောက်ထားခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက ဆရာတော်သည် ပါရဂူဘွဲ့အတွက် ကျမ်းပြုစုနေတာဖြစ်လို့ ဗုဒ္ဓဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများစွာရှိသော စာကြည့်တိုက်ရှိသည့် အခြားသောမြို့ တစ်မြို့ သို့ ရောက်နေတာကြောင့် မဖူးတွေ့နိုင်ခဲ့ပါ။ ဒါကြောင့် စာရေးသူက လော့စ်အင်ဂျလိစ်မြို့ သို့ မသွားဖြစ်တော့ပဲ ကနေဒါနိုင်ငံနဲ့နီးတဲ့ အမေရိကန်နိုင်ငံရဲ့  အနောက်မြောက်ပိုင်းက ထင်ရှားတဲ့မြို့ ကြီးတစ်မြို့ ဖြစ်သော စီယာ တယ်မြို့ (Seattle)ကိုပဲ သွားလည်လိုက်ပါတယ်။       







ဆက်ပြီးရေးပါဦးမယ်။






Sunday, April 7, 2013

လွမ်းရပြန်ပါ သင်္ကြန်အခါ



၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော်၁၂ ရက်။     


နံနက် ၈ နာရီခွဲခန့် ရှိပါဦးမည်။

မိမိ အိပ်ယာမှ နိုးလာခဲ့သည်။

စနေနေ့ဖြစ်ရာ အလုပ်သွားရန် မလိုသောကြောင့် ညက နောက်ကျမှ အိပ်ယာဝင်ခဲ့သဖြင့် နေမြင့်မှ အိပ်ယာက ထဖြစ်သည်။ နေမြင့်သည်ဟု ဆိုရသော်လည်း တကယ်က နေကို မမြင်ရပါ။    

အပြင်ဖက်ကိုကြည့်လိုက်တော့ မိုးအေးနေ၏။ မိုးကောင်ကင်တစ်ခုလုံး မှိုင်းမှိုင်းမှုံမှုံလေး ရှိနေ၏။ 

ကားလမ်း၏တစ်ဖက်တွင်ရှိနေသည့်တောအုပ်မှ သစ်ပင်အချို့ ၏ထိပ်ဖျားတွင် နီနီရဲရဲ ပန်းကလေးများနှင့် ၀ါလွင်လွင်ပန်းကလေးများကို ချစ်စဖွယ်တွေ့မြင်ရသည်။

မှန်ပြတင်းကို ဖွင့်လိုက်သောအခါ စောစောကပြောသည့် တောအုပ်ကလေးဆီမှလာသော လေနုအေးက မိမိအား ညင်သာစွာ တိုးဝင်တိုက်ခတ်သွားသည်ကို ကြည်နူးစွာခံစားရင်း ယုတ်တရက် သင်္ကြန်ကို သတိရမိ သည်။

အော် ဧပြီလကိုရောက်လို့ နောက်အပတ်ဆိုရင် မြန်မာ့နှစ်သစ်ကူး တန်ခူးလကို ရောက်ပေတော့မည်။

နံနက်စာစားရန် ဇနီးနှင့်အတူ ဈေးဖက်သို့လမ်းလျောက်သွားရင်း ဒီကနေ့မနက်၏ရာသီဥတုလေးက မြန်မာ ပြည်က သင်္ကြန်ကျခါနီး သို့မဟုတ် သင်္ကြန်တွင်းနံနက်ခင်းလေးနှင့်တူကြောင်း ပြောမိကြသည်။ မြန်မာပြည်မှာ မဟုတ်ပေမယ့် အမြင်နှင့် အထိအတွေ့များက မိမိတို့အား မြန်မာ့သင်္ကြန်၏ရနံ့ မြန်မာ့သင်္ကြန်၏ အငွေ့အသက် တို့ကို ခံစားစေမိပါသည်။ 

မြန်မာ့မြေပေါ်က မြန်မာ့သင်္ကြန်နှင့် ဝေးနေခဲ့ရသည်မှာ အနှစ် ၂၀ ကျော်ခဲ့ပြီဆိုတော့ မြန်မာ့သင်္ကြန်ကို တမ်း တမ်း တတ လွမ်းမောမိရသည်မှာ တကယ်က မဆန်းလှပါပေ။  

ငယ်ငယ်က ကန့်ဘလူမြို့ ရှိ အမေကြီး(အဘွား)၏အိမ်ရှေ့ လမ်းမှ ဖြတ်သွားကြသူများကို အလွတ်မပေးတမ်း ရေပက်ကစားခဲ့သည့် ၀ါးဖြင့်ပြုလုပ်ထားသည့် ရေပြွတ်လေးအား သတိရမိသည်။

ရွှေဘိုရဲစခန်းဝင်းအတွင်းမှာ တွေ့သမျှလူကြီးလူငယ်မရွေးတို့ကို အပြေးလိုက်ကာ အဆိုအဆဲခံပြီး ရေပက်က စားခဲ့သည့် သံဖြူပါးပါးဖြင့်လုပ်ထားသော ရေပြွတ်အနီလေးကိုလည်း မြင်ယောင်အမှတ်ရမိသည်။

မိမိတို့ ကလေးတွေက ရေပက်တာကို မကျေနပ်လို့ မျက်စောင်းထိုး ငြူဆူစိတ်ဆိုးကြသည့် အမကြီးများကို “သင်္ကြန်ကျလို့ ရေပက်တာ .. စိတ်မဆိုးနဲ့ အမရာ“ လို့ စ,နောက်ပြီး ပြောခဲ့ရတဲ့အရသာလေးကို ယနေ့တိုင် တွေးမိပြီး ရယ်ချင်မိသေးတော့။

နောက်ပြီး တခြားရေပက်စရာလူမရှိသည့်အချိန်တွင် မိမိတို့ကလေးတွေအချင်းချင်း တစ်ဦးနှင့်တစ်ဦး ဒါမှမ ဟုတ် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်ပက်ကြပြီး “ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာ ပေါ့“ လို့ မခံချင်အောင် အပြောင်အပျက် စ,နောက်ပြီး ပြောရင်း ကပြခဲ့ကြသည်တို့ကိုလည်း မြင်ယောင်မိပါ၏။

တစ်ခါ ရန်ကုန်တက္ကသိုလ်ကိုရောက်တဲ့ ပထမနှစ်က မိမိ တစ်ခါမှ မတွေ့ကြုံဖူးသေးသော ရန်ကုန်သင်္ကြန်ကို ထွက်ကြည့်လိုသဖြင့် တက္ကသိုလ်ဆေးရုံက ဆရာဝန်မကို နေကောင်းသွားပြီလို့ ညာပြောပြီး နေမကောင်း တ ကောင်းဖြင့် ဆေးရုံမှဆင်းခဲ့ကာ ကမာရွတ် လှည်းတန်းတ၀ိုက်ရှိ ရေသဘင်ပွဲများကြည့်ခဲ့ဖြစ်သည်ကို တွေးပြီး ပြုံးမိသေးတော့။


နောက် ရန်ကုန်မြို့ ရှိ မသန်မစွမ်းလူနာများဆေးရုံမှ မွန်ပြည်နယ် မော်လမြိုင်မြို့ ရှိ ပြည်နယ်ပြည်သူ့ ဆေးရုံ ကြီးသို့ တာဝန်နှင့်ပြောင်းရွေ့ သွားတော့ မိမိ တစ်သက်နှင့်တစ်ကိုယ် တစ်ခါဖူးမျှ မကြည့်ခဲ့ဖူးသော မြန်မာ့ရိုး ရာလက်ဝှေ့ပွဲများကို ကြည့်ဖြစ်ခဲ့သည်မှာ သင်္ကြန်ကြောင့်ပင် ဖြစ်ပါ၏။

အောက်ပြည်အောက်ရွာက သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ထည့်သွင်းကျင်းပလေ့ရှိရာ မုဒုံမြို့ ကန်ကြီးဘုရားအနီးတွင် ကပ်ကာကပ်မိုးပြီး ၀ါးလုံးဖြင့်ပြုလုပ်ထားသည့် စင်များပေါ်မှာထိုင်လျက် ရိုးရာ လက်ဝှေ့ပွဲကို မုဒုံသင်္ကြန် ပထမဦးဆုံးကြည့်ခဲ့ရသည်အား အမှတ်ရမိပါ၏။


ဤမုဒုံကန်ကြီးသင်္ကြန်မှာပင် မိမိဘ၀၏အရေးအကြီးဆုံးသော ဘ၀အချိုးအကွေ့တစ်ခု မှတ်မှတ်ရရ ဖြစ်ခဲ့ပါ သည်။ မိမိ၏ဘ၀လက်တွဲဖော် ချစ်ဇနီးအလောင်းအလျာကို မုဒုံကန်ကြီးဘုရားဝင်အတွင်းတွင် သင်္ကြန်အကြပ် နေ့က ပထမဆုံးတွေ့ခဲ့ရသည်။ သင်္ကြန်အမှတ်တရ ဒီစာလေးကို ရေးရင်း ရေးရင်းဖြင့် လွမ်းစရာလေးတွေ ဖြစ် ကုန်ပြီ။  

စာရေးသူ ရန်ကုန်မြို့ ရှိ မသန်မစွမ်းလူနာများဆေးရုံ၌ တာဝန်ကျနေစဉ်က လူနာတစ်ဦး၏မိသားစုနှင့်ရင်းနှီး ခဲ့သည်။ မိမိ၏ လေဖြတ်လူနာဖြစ်သော အဖွားကြီး၏အမည်ကိုတော့ မမှတ်မိတော့ပေ။ လူနာ၏ခင်ပွန်းဖြစ်သူ (‘ဦးအောင်ချီ’လား၊ ‘ဦးအောင်ချိ’လား အသေအချာ မမှတ်မိတော့ပါ။)က မိမိအား နတ်မောက်လမ်းရှိ မိုးကုတ် ၀ိပသနာကျောင်းသို့ သူ့ကားဖြင့်ခေါ်ဆောင်သွားပြီး ၀ိပသနာတရားစဉ်ပြပေးသည့် ဘုန်းကြီးတစ်ပါးထံ အပ်နှံ ပေးခဲ့ပါသည်။ ထိုစဉ်က ဦးအောင်ချိသည် ရန်ကုန်မိုးကုတ်ဝိပသနာတရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးတွင် အမှုဆောင်လူကြီးတစ်ဦးဖြစ်ခဲ့သည်။

  

သူတို့မိသားစုမှာ ချမ်းသာကြွယ်ဝသူများဖြစ်ကြပြီး မြေနီကုန်းလမ်းဆုံအနီးတွင် ခြံနှင့် ၀င်းနှင့် နေကြပါသည်။ နောင်တွင် ယင်းအိမ်ကို စင်ကာပူသံရုံးက ငှားရမ်းအသုံးပြုခဲ့သေး၏။ စာရေးသူအား ၀ိပသနာ ကျောင်းနှင့်မိတ် ဆက်ပေးခဲ့သည့်အပြင် မိမိ တရားဝင်နေသော သင်္ကြန်ကာလအတွင်း သူတို့၏မာစီဒီးကား အနက်ကြီးဖြင့် မိမိ နေထိုင်ရာ ကမာရွတ်ဝဂ္ဂီရပ်မှ အကြိုအပို့လုပ်ပေးခဲ့ပါသည်။  
    
သူတို့မိသားစု၏ ကူညီဆောင်ရွက်ပေးမှုကြောင့် မိမိသည် မိုးကုတ်ဝိပသနာ တရားစဉ်နှင့်လုပ်ငန်းစဉ်တို့ကို ကြားနာသိရှိခဲ့ပြီး လက်တွေ့ကျင့်ကြံအားထုတ်မှုများ ပြုလုပ်နိုင်ခဲ့ပေရာ ကျေးဇူးတရား ကြီးမားလှပါဘိ၏။

မြန်မာနိုင်ငံအနှံ့တွင် သင်္ကြန်ပွဲတော် ရေပက်ကစားခြင်းကို  သင်္ကြန်အကြို၊ သင်္ကြန်အကျ၊ သင်္ကြန်အကြတ်နှင့် သင်္ကြန်အတက်နေ့(၄)ရက်သာ ကစားကြလေ့ရှိသော်လည်း ထားဝယ်ရိုးရာသင်္ကြန်မှာမူ ၆ ရက်(သင်္ကြန်အကြို နေ့မတိုင်မီက ၂ ရက်၊ သင်္ကြန်အကြို၊ သင်္ကြန်အကျ၊ သင်္ကြန်အကြတ်နှင့် သင်္ကြန်အတက်နေ့များ) ကစားကြ ကြောင်းသိရသည်။ ကိုယ်တိုင်တော့ မကြုံဖူးပါ။ မော်လမြိုင်၊မုဒုံမြို့ များအပါအ၀င် မွန်ပြည်နယ်တွင်မူ သင်္ကြန် အကြို၊ အကျ၊ အကြတ်နှင့် အတက်နေ့များအပြင် နှစ်ဆန်း ၁ ရက်နေ့ပါ ရေပက်ကစားကြသည်ကို မိမိကိုယ် တိုင် ကြုံဖူးခဲ့ပါသည်။


ထိုနေ့တွင် မော်လမြိုင်မြို့ ၏တောင်ဖက်ရှိ ဖါးအောက်ရွာကြီးတွင် ကျိုက်မရော၊ သံဖြူဇရပ်၊ ကျိုက္ခမီ၊ မော် လမြိုင် အစရှိသည့်မြို့ နယ်များမှ အရိုးဂိုးဘုရားပွဲသို့ လာကြသူများ သင်္ကြန်ပျော်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို စာရေးသူ ထူးထူးခြားခြား တွေ့ခဲ့ရ၏။ ဖါးအောက်ရွာကြီးသည် မော်လမြိုင်-မုဒုံကား လမ်း၏အနောက်ဖက်တွင်ရှိပြီး ရေပက်ကစားခြင်းမှာ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ဖြစ်လေသည်။ ကျောင်းဝင်းအ၀င်မှာရှိသော ဆွမ်းလောင်းရုံအနီးတွင် သားသတ်လွတ်ဟင်းကို အိုးကြီးများဖြင့်ချက်ပြုတ် ကြပြီး အရပ်လေးမျက်နှာမှ လာကြသူအားလုံးကို စတုဒိသာ ကျွေးမွေးလှူဒါန်းလေသည်။

သင်္ကြန်ပျော်သူကာလသားအချို့ က ဘုရားပွဲတော်လာ အမျိုးသမီးများကို လက်ညှိုးထိုးလျက် ပိုင်စိုးပိုင်နင်း အပြောင်အပျက်ပြောကြသည့် “နို့တွေ အေးကုန်ပြီ .. နို့တွေ အေးကုန်ပြီ”  “အိမ်က ကလေးတွေ နို့ဆာလို့ငို နေပြီ အိမ်ပြန်တော့” ဆိုသောစကားများကိုလည်း ကြားခဲ့ရပါ၏။


ဓာတ်ပုံ - www.narinjara.com
 

ရန်ကုန်တက္ကသိုလ်မှာတုန်းက တက္ကသိုလ်အ၀င်ပေါက်အနား(တက္ကသိုလ်ဆေးရုံနှင့်မျက်နှာချင်းဆိုင်)က ရ ခိုင်ကျောင်းသူကျောင်းသားများ၏ သင်္ကြန်ရေလောင်းမဏ္ဍပ်တွင် ရေပက်ကစားခဲ့ဖူးသည်။ ယင်းအတွ့အ ကြုံမှာ မိမိအဖို့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် လောင်းပက်ဖူးခြင်းဖြစ်သော်လည်း အလွန်စိတ်ဝင်စားစရာ ကောင်းလှသည့်အတွက် ယနေ့တိုင်အမှတ်အရ ရှိနေပါသေးသည်။ လောင်းကိုကျောပေးပြီးထိုင်နေသည့် မဏ္ဍပ်အတွင်းက ရခိုင်တိုင်းရင်းသူအမျိုးသမီးလေးများကို လောင်းထဲမှရေဖြင့် “ပုဝါတကမ်း လက်တလှမ်း” အကွာအဝေးမှ လှမ်းပက်ကြရပြီး သူတို့ကလည်း အားတက်သရော ပြန်ပက်ကြလေရာ ပျော်စရာကောင်း လှသည်။ ပျော်ရွှင်မှုကို ရိုးရာမပျက် ယဉ်ကျေးလှပစွာ ကစားခြင်းပါတည်း။  




ဆက်ပြီးရေးပါဦးမည်။


Thursday, April 4, 2013

မြန်မာပြည်မှ သတင်းများ (ဧပြီလ)


၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ရက်    (4 April 2013)


ဒေါက်တာသန်းထွန်း (၉၀)နှစ်ပြည့် စာတမ်းဖတ်ပွဲ ကျင်းပမည်



ဆရာကြီး ဒေါက်တာသန်းထွန်း (၁၉၂၃ - ၂၀၀၅)။ ဓါတ်ပုံ - အင်တာနက်။


နိုင်ငံကျော် သမိုင်းသုတေသီပညာရှင်ကြီး ပါမောက္ခ ဒေါက်တာသန်းထွန်း နှစ် (၉၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စာတမ်းဖတ်ပွဲနှင့်ပြပွဲများ ကျင်းပမည်ဖြစ်ရာ ဒေါက်တာခင်လှဟန်၊ ဒေါက် တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒေါက်တာတိုးလှစသည့် သမိုင်းပညာရှင်သုတေသီများက ဧပြီလ ၆ ရက်နေ့တွင် စာတမ်းများဖတ်ကြား ကြမည်ဖြစ်ကြောင်း သိရသည်။ 



ပြန်လည် သစ်လွင်လှပလာသည့် မဟာဗန္ဓုလပန်းခြံ  


ကြေးမုံသတင်း - ဇော်ဇော်။


ယခုနှစ် နှစ်သစ်ကူးသင်္ကြန်အမီ ပြင်ဆင်နေသည့် မဟာဗန္ဓုလပန်းခြံကို ရေပန်းလေးများနှင့် မီး ရောင်စုံများ ဖြင့် အမြင်ထူး အသွင်ထူးစွာ လှလှပပတွေ့ရသည်။ 



ချောင်းသာကမ်းခြေမှာ အပူရှောင် အနားယူကြ   


ချောင်းသာကမ်းခြေ - ဓါတ်ပုံ ကြေးမုံ။


နွေရာသီမှာ အပူချိန်မြင့်တက်လာပြီဖြစ်သဖြင့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေများတွင် မတ် လ ၂၆ ရက်နှင့်၂၇ ရက်နေ့ အလုပ်ပိတ်ရက်များက အပန်းဖြေအနားယူကြသူများနှင့် ကြိတ်ကြိတ် တိုး စည်ကားလျက်ရှိကြောင်း သိရှိရသည်။










Sunday, March 24, 2013

ထူးခြားသတင်း



၁၃၇၄ ခုနှစ်  တပေါင်းလဆန်း ၁၃ ရက်   


◊  ရန်ကုန်မြစ်တွင်း ကျတဲ့နှင်း

မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြစ်အတွင်းတွင် ဆီးနှင်းများဖွေးနေအောင် မကျစဖူး ထူးကဲစွာ ကျရောက်ခဲ့သဖြင့် ဒလနှင့်ပန်းဆိုးတန်းကို အသွားအပြန် ပြေးဆွဲပေးနေသည့် သင်္ဘော ၅ ခေါက်အား ရပ် ဆိုင်းထားခဲ့ရကြောင်းနှင့် နံနက် ၇ နာရီမှာ သင်္ဘော စထွက်တော့လည်း ပုံမှန် ၁၀ မိနစ်ခန့်ကြာသောခရီး  အား နာရီဝက်ခန့် မောင်းရကြောင်း  ကြားသိရသည်။



◊  ခြေ ၃ ချောင်းရှိ ကြက်ကလေး





ဓာတ်ပုံ - မြန်မာသတင်းစာ။





အကောင်ပေါက်လာခါစက လိမ်တိန်ပိန်တိန်ဖြင့် ဘယ်နေ့မှာ သေလိမ့်နိုးထင်ခဲ့ရသော ကြက်ကလေး၏စ အိုအောက်နားမှ ခြေတစ်ချောင်း အပိုပါလာသဖြင့် ခြေ ၃ ချောင်းပါ ကြက်ထူးကြက်ဆန်း ‘သက်ပြင်း က လေးကို စဥ့်ကိုင်မြို့ နယ် ရွှေကာကျေးရွာ (မန္တလေးတိုင်း)တွင် မွေးဖွားခဲ့ကြောင်း ကြားသိရသည်။



◊  ဇနီးက ခင်ပွန်းကို ဓာတ်ဆီလောင်း မီးရှို့ 

ရွှေသောင်ယံမြို့ နယ် ဂျိုင်းလယ်ကျေးရွာတွင် မတ်လ ၂၁ ရက်နေ့က အိမ်မှာအိပ်ပျော်နေသော ခင်ပွန်းကို ဇနီးဖြစ်သူက ဓာတ်ဆီလောင်း မီးရှို့ ပြီး ထွက်ပြေးသွားသဖြင့် ဂွမြို့ ဆေးရုံသို့ တင်ပို့ကုသရကြောင်း သိရှိရ သည်။





◊  ၁၄ နာရီကြာ ယာဉ်ပိတ်ဆို့ စံချိန်တင်



မတ်လ ၂၅ ရက်နေ့က ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်စခန်းတို့တွင် နံနက် ၉ နာရီမှ ည ၁၁ နာရီအထိ ၁၄ နာရီကြာ ယာဉ်ပိတ်ဆို့မှုဖြစ်ခဲ့ရာ ပွဲရုံများအနေဖြင့် ကုန်ပစ္စည်းတင်ရန် ညဥ့်နက်အထိ စောင့်ဆိုင်းဖွင့်လှစ် ပေးရခြင်း၊ အဝေးပြေးကားဂိတ်များမှ ပုံမှန်ထက် ကားစင်းရေ သုံးပုံတစ်ပုံသာ ထွက်ရှိနိုင်ခြင်းနှင့် ပွဲရုံဝင်းအနီး ရှိ သီရိမွန်ပလာဇာဝင်းပါ ယာဉ်ပိတ်ဆို့ခဲ့ရာ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း ကြားသိရသည်။ 



◊ာတ်မင်းသားက ဆုချသူအား ခြေနဲ့ကန်ကျောက်

ဇလွန်မြို့  ဇလွန်ပြည်တော်ပြန်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် 'စွမ်း'ဇာတ်သဘင် ကပြလျက်ရှိရာ ဇာတ်မင်းသား သီချင်းဆိုနေစဉ် ပွဲကြည့်ပရိသတ်တစ်ဦးက ဇာတ်စင်ပေါ်တက်ပြီး ပုံစံအမျိုးမျိုးလုပ်၍ ဆုချလေရာ မင်းသား မှာ စိတ်မရှည်နိုင်တော့ပဲ ဆုချသူအား ကန်ကျောက်မိသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် ဇာတ်မီး လုံးများ ရိုက်ခွဲခံရခြင်း၊ ဇာတ်စင်နှင့် ဇာတ်အဖွဲ့မော်တော်ယာဉ်များ ပျက်စီးခံရကြောင်း ကြားသိရသည်။ 



◊  လင်မယား ရန်ဖြစ် နပန်းလုံးရာမှ ခင်ပွန်းသေဆုံး

တောင်ကြီးမြို့ နယ် အေးသာယာမြို့ တွင် လင်မယားနှစ်ဦး (ခင်ပွန်း-၄၇ နှစ်၊ ဇနီး-၂၁ နှစ်) တို့ ရန်ဖြစ်ကာ နပန်းလုံးကြပြီးနောက် ခင်ပွန်းဖြစ်သူ (တေးသံသွင်းလုပ်ငန်း)သည် အိပ်ယာမှာ ခဏလှဲအိပ်စဉ် သေဆုံး သွားကြောင်း သိရှိရသည်။





◊  ရန်ကုန်တက္ကစီ မီတာဖြင့်ပြေးဆွဲမည့်ကိစ္စ

ရန်ကုန်မြို့ တွင် ပြေးဆွဲလျက်ရှိသော တက္ကစီများကို မီတာဖြင့်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း၊ ဈေးနှုန်းကို လည်း တစ်ပြေးညီ သတ်မှတ်ထားမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း မလိုက်နာသော တက္ကစီများကို အရေး ယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီမှ ပြော ကြားခဲ့သော်လည်း တက္ကစီအများစုက မီတာတပ်ဆင်အသုံးပြုခြင်း မရှိကြသေးကြောင်း ကြားသိရသည်။ 




◊  ကမ္ဘာလှည့်ခရီးသွားများ နေပြည်တော်ဟိုတယ် တစ်ရက် အခမဲ့တည်းနိုင်

ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့လာရောက်ခြင်း များပြားလျက်ရှိရာ ယခုထက် ပိုမိုများပြားလာစေ ရန်အတွက် နေပြည်တော်ဟိုတယ်ဇုံရှိ ဟိုတယ်အားလုံး(၃၁ ခု)တွင် တစ်ညတာ တည်းခိုခွင့်၊ တစ်မနက်တာ ၀န်ဆောင်မှုနှင့်လေဆိပ်မှဘတ်စ်ကားဖြင့်ကြိုပေးခြင်းတို့ကို လာမည့်ဧပြီလမှ ဇွန်လအထိ အခမဲ့ဆောင်ရွက် ပေးသွားမည်ဟု ကြားသိရသည်။  



◊  ကမ္ဘာလှည့်ခရီးသွားများ လက်ဖက်ရည်ဆိုင် ထိုင်တတ်ကြပြီ




ဓာတ်ပုံ - မြန်မာသတင်းစာ။




ယခုအခါ ကမ္ဘာလှည့်ခရီးသွားများသည် မြန်မာပြည်အနှံ့သို့ သွားလာလည်ပတ်ကြည့်ရှု့ ကြလျက်ရှိရာ နေရာမလတ်တွေ့ရသော လက်ဖက်ရည်ဆိုင်များတွင် ၀င်ရောက်စားသောက်ကြကာ မြန်မာလူမျိုးတို့၏ ထိုင်ခုံပုကလေးများမှာထိုင်သည့် “လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု့အရသာကို မြည်းစမ်းလာကြကြောင်း တွေ့မြင်ရလေသည်။ 



◊  အမှိုက်က ငွေဖြစ်





မြန်မာ့အလင်း သတင်းစာ။



ပဲဆန်ကျော်ဖိုအချို့ နှင့် ထန်းလျက်ချက်သူများက သစ်ရွက်အမှိုက်များကို ထင်းအစားသုံးလောင်စာအဖြစ် အသုံးပြုလာကြသဖြင့် အမှိုက်များကို ပီနံအိတ်ကြီးများဖြင့်ကောက်ပြီး ကြက်အုပ်ဆောင်းတစ်ဆောင်းလျှင် ငွေကျပ် ၁၀၀ ဖြင့်ဝယ်ယူကြရာ သစ်ရွက်အမှိုက်ကောက် ရောင်းသူများမှာ တစ်နေ့လျှင် ငွေကျပ် ၃၅၀၀ မှ ၄၀၀၀ အထိ ၀င်ငွေရရှိနေကြကြောင်း မြန်မာ့အလင်းသတင်းစာပါ အိမွန်ဆွေ၏သတင်းပေးပို့မှုအရ သိရှိရ သည်။ 




၁၃၇၄ ခုနှစ်  တပေါင်းလပြည့်ကျော် ၆ ရက် (တနင်္လာ)။                   1 April 2013 (Monday) 



◊  ရွှေလက် မတွဲခင် သတင်းစာမှာ ကြော်ငြာပါ



ချစ်သူစုံတွဲဖြစ်သွားသူ၊ အိမ်ထောင်ဖက်ဖြစ်သွားသူတွေထဲမှာ အဆင်ပြေချောမွေ့တဲ့သူတွေရှိသလို အချို့  လည်း ရွှေလက်တွဲပြီးကာမှ လိမ်ညာခံရသူ၊ လူကုန်ကူးခံရသူ၊ နောက်ကြောင်းမရှင်းလို့ ရတက်ပွေရသူ စ သည်ဖြင့် လူမှုရေးပြသနာတွေရှိနေတာကိုလည်း ကြားသိမြင်တွေ့ရပြန်ပါတယ်။

ဒါ့ကြောင့်လူမှုကွန်ရက်တွေမှာ အသိမိတ်ဆွေအဖြစ်မှ တစ်ဆင့်တက်လို့ ချစ်သူစုံတွဲ၊ ဒီကမှ ရွှေလက်တွဲကြဖို့ ပြင်ဆင်နေသူတွေကို သတိပေးချင်တာက နောက်ဆက်တွဲပြသနာတွေ မကြုံတွေ့ရလေအောင် ရွှေလက်မတွဲ ခင်မှာ ရွှေလက်တွဲမည့်အကြောင်း ဆိုင်ရေးဆိုင်ခွင့်ရှိသူတွေမှ ကန့်ကွက်ရန် ရှိ/မရှိကို သတင်းစာများမှာ ကြို တင် ကြော်ငြာထည့်သွင်းလို့ ၁၄ ရက်ခန့် စောင့်ဆိုင်းပြီး ကန့်ကွက်သူမရှိပါမှ ဆက်လက်ဆောင်ရွက် သင့် ကြောင်း ရဲညွန့်(မန်း) က အကြံပြုရေးသားထားတာကို ဒီကနေ့ ဧပြီ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်ရှုရသည်။



◊  အချိန် ၄ မျိုးပြ လေးဖက်မြင်နာရီစင်ကြီး  

မြစ်ကြီးနားမြို့ ၏ လမ်းဆုံတစ်ခုတွင်ရှိသော လေးဖက်မြင်နာရီစင်ကြီးမှ နာရီကြီး ၄ လုံးတို့သည် လည်ပတ်မှု ရှိနေသော်လည်း အချိန်အားဖြင့် တစ်လုံးတစ်မျိုးစီပြနေသောကြောင့် ဒေသခံပြည်သူများက မည်သည့်နာရီမှ အချိန်ကို အတည်ပြုရမှန်းမသိဖြစ်နေကြောင်း မိုဃ်းကျ(မြစ်ကြီးနား)က သတင်းပေးပို့ထားတာကို ဒီကနေ့ ဧပြီ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်ရှုရသည်။