"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 7, 2013

လွမ်းရပြန်ပါ သင်္ကြန်အခါ



၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော်၁၂ ရက်။     


နံနက် ၈ နာရီခွဲခန့် ရှိပါဦးမည်။

မိမိ အိပ်ယာမှ နိုးလာခဲ့သည်။

စနေနေ့ဖြစ်ရာ အလုပ်သွားရန် မလိုသောကြောင့် ညက နောက်ကျမှ အိပ်ယာဝင်ခဲ့သဖြင့် နေမြင့်မှ အိပ်ယာက ထဖြစ်သည်။ နေမြင့်သည်ဟု ဆိုရသော်လည်း တကယ်က နေကို မမြင်ရပါ။    

အပြင်ဖက်ကိုကြည့်လိုက်တော့ မိုးအေးနေ၏။ မိုးကောင်ကင်တစ်ခုလုံး မှိုင်းမှိုင်းမှုံမှုံလေး ရှိနေ၏။ 

ကားလမ်း၏တစ်ဖက်တွင်ရှိနေသည့်တောအုပ်မှ သစ်ပင်အချို့ ၏ထိပ်ဖျားတွင် နီနီရဲရဲ ပန်းကလေးများနှင့် ၀ါလွင်လွင်ပန်းကလေးများကို ချစ်စဖွယ်တွေ့မြင်ရသည်။

မှန်ပြတင်းကို ဖွင့်လိုက်သောအခါ စောစောကပြောသည့် တောအုပ်ကလေးဆီမှလာသော လေနုအေးက မိမိအား ညင်သာစွာ တိုးဝင်တိုက်ခတ်သွားသည်ကို ကြည်နူးစွာခံစားရင်း ယုတ်တရက် သင်္ကြန်ကို သတိရမိ သည်။

အော် ဧပြီလကိုရောက်လို့ နောက်အပတ်ဆိုရင် မြန်မာ့နှစ်သစ်ကူး တန်ခူးလကို ရောက်ပေတော့မည်။

နံနက်စာစားရန် ဇနီးနှင့်အတူ ဈေးဖက်သို့လမ်းလျောက်သွားရင်း ဒီကနေ့မနက်၏ရာသီဥတုလေးက မြန်မာ ပြည်က သင်္ကြန်ကျခါနီး သို့မဟုတ် သင်္ကြန်တွင်းနံနက်ခင်းလေးနှင့်တူကြောင်း ပြောမိကြသည်။ မြန်မာပြည်မှာ မဟုတ်ပေမယ့် အမြင်နှင့် အထိအတွေ့များက မိမိတို့အား မြန်မာ့သင်္ကြန်၏ရနံ့ မြန်မာ့သင်္ကြန်၏ အငွေ့အသက် တို့ကို ခံစားစေမိပါသည်။ 

မြန်မာ့မြေပေါ်က မြန်မာ့သင်္ကြန်နှင့် ဝေးနေခဲ့ရသည်မှာ အနှစ် ၂၀ ကျော်ခဲ့ပြီဆိုတော့ မြန်မာ့သင်္ကြန်ကို တမ်း တမ်း တတ လွမ်းမောမိရသည်မှာ တကယ်က မဆန်းလှပါပေ။  

ငယ်ငယ်က ကန့်ဘလူမြို့ ရှိ အမေကြီး(အဘွား)၏အိမ်ရှေ့ လမ်းမှ ဖြတ်သွားကြသူများကို အလွတ်မပေးတမ်း ရေပက်ကစားခဲ့သည့် ၀ါးဖြင့်ပြုလုပ်ထားသည့် ရေပြွတ်လေးအား သတိရမိသည်။

ရွှေဘိုရဲစခန်းဝင်းအတွင်းမှာ တွေ့သမျှလူကြီးလူငယ်မရွေးတို့ကို အပြေးလိုက်ကာ အဆိုအဆဲခံပြီး ရေပက်က စားခဲ့သည့် သံဖြူပါးပါးဖြင့်လုပ်ထားသော ရေပြွတ်အနီလေးကိုလည်း မြင်ယောင်အမှတ်ရမိသည်။

မိမိတို့ ကလေးတွေက ရေပက်တာကို မကျေနပ်လို့ မျက်စောင်းထိုး ငြူဆူစိတ်ဆိုးကြသည့် အမကြီးများကို “သင်္ကြန်ကျလို့ ရေပက်တာ .. စိတ်မဆိုးနဲ့ အမရာ“ လို့ စ,နောက်ပြီး ပြောခဲ့ရတဲ့အရသာလေးကို ယနေ့တိုင် တွေးမိပြီး ရယ်ချင်မိသေးတော့။

နောက်ပြီး တခြားရေပက်စရာလူမရှိသည့်အချိန်တွင် မိမိတို့ကလေးတွေအချင်းချင်း တစ်ဦးနှင့်တစ်ဦး ဒါမှမ ဟုတ် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်ပက်ကြပြီး “ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာ ပေါ့“ လို့ မခံချင်အောင် အပြောင်အပျက် စ,နောက်ပြီး ပြောရင်း ကပြခဲ့ကြသည်တို့ကိုလည်း မြင်ယောင်မိပါ၏။

တစ်ခါ ရန်ကုန်တက္ကသိုလ်ကိုရောက်တဲ့ ပထမနှစ်က မိမိ တစ်ခါမှ မတွေ့ကြုံဖူးသေးသော ရန်ကုန်သင်္ကြန်ကို ထွက်ကြည့်လိုသဖြင့် တက္ကသိုလ်ဆေးရုံက ဆရာဝန်မကို နေကောင်းသွားပြီလို့ ညာပြောပြီး နေမကောင်း တ ကောင်းဖြင့် ဆေးရုံမှဆင်းခဲ့ကာ ကမာရွတ် လှည်းတန်းတ၀ိုက်ရှိ ရေသဘင်ပွဲများကြည့်ခဲ့ဖြစ်သည်ကို တွေးပြီး ပြုံးမိသေးတော့။


နောက် ရန်ကုန်မြို့ ရှိ မသန်မစွမ်းလူနာများဆေးရုံမှ မွန်ပြည်နယ် မော်လမြိုင်မြို့ ရှိ ပြည်နယ်ပြည်သူ့ ဆေးရုံ ကြီးသို့ တာဝန်နှင့်ပြောင်းရွေ့ သွားတော့ မိမိ တစ်သက်နှင့်တစ်ကိုယ် တစ်ခါဖူးမျှ မကြည့်ခဲ့ဖူးသော မြန်မာ့ရိုး ရာလက်ဝှေ့ပွဲများကို ကြည့်ဖြစ်ခဲ့သည်မှာ သင်္ကြန်ကြောင့်ပင် ဖြစ်ပါ၏။

အောက်ပြည်အောက်ရွာက သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ထည့်သွင်းကျင်းပလေ့ရှိရာ မုဒုံမြို့ ကန်ကြီးဘုရားအနီးတွင် ကပ်ကာကပ်မိုးပြီး ၀ါးလုံးဖြင့်ပြုလုပ်ထားသည့် စင်များပေါ်မှာထိုင်လျက် ရိုးရာ လက်ဝှေ့ပွဲကို မုဒုံသင်္ကြန် ပထမဦးဆုံးကြည့်ခဲ့ရသည်အား အမှတ်ရမိပါ၏။


ဤမုဒုံကန်ကြီးသင်္ကြန်မှာပင် မိမိဘ၀၏အရေးအကြီးဆုံးသော ဘ၀အချိုးအကွေ့တစ်ခု မှတ်မှတ်ရရ ဖြစ်ခဲ့ပါ သည်။ မိမိ၏ဘ၀လက်တွဲဖော် ချစ်ဇနီးအလောင်းအလျာကို မုဒုံကန်ကြီးဘုရားဝင်အတွင်းတွင် သင်္ကြန်အကြပ် နေ့က ပထမဆုံးတွေ့ခဲ့ရသည်။ သင်္ကြန်အမှတ်တရ ဒီစာလေးကို ရေးရင်း ရေးရင်းဖြင့် လွမ်းစရာလေးတွေ ဖြစ် ကုန်ပြီ။  

စာရေးသူ ရန်ကုန်မြို့ ရှိ မသန်မစွမ်းလူနာများဆေးရုံ၌ တာဝန်ကျနေစဉ်က လူနာတစ်ဦး၏မိသားစုနှင့်ရင်းနှီး ခဲ့သည်။ မိမိ၏ လေဖြတ်လူနာဖြစ်သော အဖွားကြီး၏အမည်ကိုတော့ မမှတ်မိတော့ပေ။ လူနာ၏ခင်ပွန်းဖြစ်သူ (‘ဦးအောင်ချီ’လား၊ ‘ဦးအောင်ချိ’လား အသေအချာ မမှတ်မိတော့ပါ။)က မိမိအား နတ်မောက်လမ်းရှိ မိုးကုတ် ၀ိပသနာကျောင်းသို့ သူ့ကားဖြင့်ခေါ်ဆောင်သွားပြီး ၀ိပသနာတရားစဉ်ပြပေးသည့် ဘုန်းကြီးတစ်ပါးထံ အပ်နှံ ပေးခဲ့ပါသည်။ ထိုစဉ်က ဦးအောင်ချိသည် ရန်ကုန်မိုးကုတ်ဝိပသနာတရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးတွင် အမှုဆောင်လူကြီးတစ်ဦးဖြစ်ခဲ့သည်။

  

သူတို့မိသားစုမှာ ချမ်းသာကြွယ်ဝသူများဖြစ်ကြပြီး မြေနီကုန်းလမ်းဆုံအနီးတွင် ခြံနှင့် ၀င်းနှင့် နေကြပါသည်။ နောင်တွင် ယင်းအိမ်ကို စင်ကာပူသံရုံးက ငှားရမ်းအသုံးပြုခဲ့သေး၏။ စာရေးသူအား ၀ိပသနာ ကျောင်းနှင့်မိတ် ဆက်ပေးခဲ့သည့်အပြင် မိမိ တရားဝင်နေသော သင်္ကြန်ကာလအတွင်း သူတို့၏မာစီဒီးကား အနက်ကြီးဖြင့် မိမိ နေထိုင်ရာ ကမာရွတ်ဝဂ္ဂီရပ်မှ အကြိုအပို့လုပ်ပေးခဲ့ပါသည်။  
    
သူတို့မိသားစု၏ ကူညီဆောင်ရွက်ပေးမှုကြောင့် မိမိသည် မိုးကုတ်ဝိပသနာ တရားစဉ်နှင့်လုပ်ငန်းစဉ်တို့ကို ကြားနာသိရှိခဲ့ပြီး လက်တွေ့ကျင့်ကြံအားထုတ်မှုများ ပြုလုပ်နိုင်ခဲ့ပေရာ ကျေးဇူးတရား ကြီးမားလှပါဘိ၏။

မြန်မာနိုင်ငံအနှံ့တွင် သင်္ကြန်ပွဲတော် ရေပက်ကစားခြင်းကို  သင်္ကြန်အကြို၊ သင်္ကြန်အကျ၊ သင်္ကြန်အကြတ်နှင့် သင်္ကြန်အတက်နေ့(၄)ရက်သာ ကစားကြလေ့ရှိသော်လည်း ထားဝယ်ရိုးရာသင်္ကြန်မှာမူ ၆ ရက်(သင်္ကြန်အကြို နေ့မတိုင်မီက ၂ ရက်၊ သင်္ကြန်အကြို၊ သင်္ကြန်အကျ၊ သင်္ကြန်အကြတ်နှင့် သင်္ကြန်အတက်နေ့များ) ကစားကြ ကြောင်းသိရသည်။ ကိုယ်တိုင်တော့ မကြုံဖူးပါ။ မော်လမြိုင်၊မုဒုံမြို့ များအပါအ၀င် မွန်ပြည်နယ်တွင်မူ သင်္ကြန် အကြို၊ အကျ၊ အကြတ်နှင့် အတက်နေ့များအပြင် နှစ်ဆန်း ၁ ရက်နေ့ပါ ရေပက်ကစားကြသည်ကို မိမိကိုယ် တိုင် ကြုံဖူးခဲ့ပါသည်။


ထိုနေ့တွင် မော်လမြိုင်မြို့ ၏တောင်ဖက်ရှိ ဖါးအောက်ရွာကြီးတွင် ကျိုက်မရော၊ သံဖြူဇရပ်၊ ကျိုက္ခမီ၊ မော် လမြိုင် အစရှိသည့်မြို့ နယ်များမှ အရိုးဂိုးဘုရားပွဲသို့ လာကြသူများ သင်္ကြန်ပျော်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို စာရေးသူ ထူးထူးခြားခြား တွေ့ခဲ့ရ၏။ ဖါးအောက်ရွာကြီးသည် မော်လမြိုင်-မုဒုံကား လမ်း၏အနောက်ဖက်တွင်ရှိပြီး ရေပက်ကစားခြင်းမှာ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ဖြစ်လေသည်။ ကျောင်းဝင်းအ၀င်မှာရှိသော ဆွမ်းလောင်းရုံအနီးတွင် သားသတ်လွတ်ဟင်းကို အိုးကြီးများဖြင့်ချက်ပြုတ် ကြပြီး အရပ်လေးမျက်နှာမှ လာကြသူအားလုံးကို စတုဒိသာ ကျွေးမွေးလှူဒါန်းလေသည်။

သင်္ကြန်ပျော်သူကာလသားအချို့ က ဘုရားပွဲတော်လာ အမျိုးသမီးများကို လက်ညှိုးထိုးလျက် ပိုင်စိုးပိုင်နင်း အပြောင်အပျက်ပြောကြသည့် “နို့တွေ အေးကုန်ပြီ .. နို့တွေ အေးကုန်ပြီ”  “အိမ်က ကလေးတွေ နို့ဆာလို့ငို နေပြီ အိမ်ပြန်တော့” ဆိုသောစကားများကိုလည်း ကြားခဲ့ရပါ၏။


ဓာတ်ပုံ - www.narinjara.com
 

ရန်ကုန်တက္ကသိုလ်မှာတုန်းက တက္ကသိုလ်အ၀င်ပေါက်အနား(တက္ကသိုလ်ဆေးရုံနှင့်မျက်နှာချင်းဆိုင်)က ရ ခိုင်ကျောင်းသူကျောင်းသားများ၏ သင်္ကြန်ရေလောင်းမဏ္ဍပ်တွင် ရေပက်ကစားခဲ့ဖူးသည်။ ယင်းအတွ့အ ကြုံမှာ မိမိအဖို့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် လောင်းပက်ဖူးခြင်းဖြစ်သော်လည်း အလွန်စိတ်ဝင်စားစရာ ကောင်းလှသည့်အတွက် ယနေ့တိုင်အမှတ်အရ ရှိနေပါသေးသည်။ လောင်းကိုကျောပေးပြီးထိုင်နေသည့် မဏ္ဍပ်အတွင်းက ရခိုင်တိုင်းရင်းသူအမျိုးသမီးလေးများကို လောင်းထဲမှရေဖြင့် “ပုဝါတကမ်း လက်တလှမ်း” အကွာအဝေးမှ လှမ်းပက်ကြရပြီး သူတို့ကလည်း အားတက်သရော ပြန်ပက်ကြလေရာ ပျော်စရာကောင်း လှသည်။ ပျော်ရွှင်မှုကို ရိုးရာမပျက် ယဉ်ကျေးလှပစွာ ကစားခြင်းပါတည်း။  




ဆက်ပြီးရေးပါဦးမည်။


No comments:

Post a Comment