"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 14, 2013

ကျနော်တို့ ကန့်ဘလူသူ ကန့်ဘလူသား



၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်။   


ဒေါက်တာအရှင်ဝိစိတ္တသာရ(၀ဲဖက်)နှင့် အရှင်ဥာဏိန္ဒ (ထေရ၀ါဒတက္ကသိုလ်)တို့အား ဧပြီလ ၁၃ ရက်နေ့က ဖူးတွေ့ရသည်။

ဆရာတော်များနှင့် စကားလက်ဆုံကျလျက် .. (စာရေးသူ - ၀ဲဖက်စွန်)။



ပြီးခဲ့တဲ့ ကြာသပတေးနေ့ည ၈ နာရီခွဲလောက်မှာ မိမိတို့ဇာတိ ကန့်ဘလူမြို့ က ဒီမှာလာပြီးအလုပ်လုပ်နေတဲ့ ကိုကြည်ရွှင်ထံမှ အက်စ်အမ်အက်စ်တစ်ခု ရောက်လာတယ်။

သူရဲ့ စာလေးကို ‘ချစ်ခင်ရပါသော ကန့်ဘလူသူ ကန့်ဘလူသား ညီအစ်ကိုမောင်နှမများ’လို့ ,ရေးထား တာ ဖြစ်လို့ အတော်လေးကို နွေးနွေးထွေးထွေး ခံစားမိပါတယ်။

ညီအစ်ကို မောင်နှမများ .. ပါတဲ့။

တကယ်က လာမည့်စနေနေ့တွင် သူ့အိမ်မှာ ဆွမ်းကျွေးအလှူလုပ်ဖို့ရှိလို့ ဖိတ်တာရယ်ပါ။ ဒါပေမယ့် သူ့မိတ် ဆွေတိုင်းကို ဖိတ်ကြားတာမျိုး မဟုတ်ပဲ သူ့ဇာတိမြို့ ကသူတွေကိုပဲ ရွေးပြီးဖိတ်တာဆိုတော့ အကြောင်းရှိလို့ ပါ။

ဒါနဲ့ပတ်သက်ပြီး သူ့စာမှာ ဆက်ပြီးရေးထားတာက ‘ကန့်ဘလူသူ ကန့်ဘလူသား ညီအစ်ကိုမောင်နှမများကို ကန့်ဘလူဇာတိ ဆရာတော်ဓမ္မဂင်္ဂါက တွေ့ချင်တယ်’ လို့ပါတဲ့။  

သူ့ဖိတ်ကြားစာလေးကိုဖတ်ပြီး စာရေးသူ စိတ်ဝင်စားရသလို ဘွဲ့အမည်ကိုသာ ကြားဖူးရုံကြားဖူးခဲ့ပြီး ကိုယ် တိုင် မဖူးမျှော်ဘူးသေးသော ဆရာတော်အား တွေ့ချင်လိုစိတ်များ ပြင်းပြင်းပျပျ ဖြစ်မိပါတယ်။



ဒေါက်တာအရှင်ဝိစိတ္တသာရမှ သူပြုစုရေးသားထားသည့် စာအုပ်များကို လက်မှတ်ရေးထိုးပေးပါသည်။


ဆရာတော်၏ ရဟန်းဘွဲ့တော်မှာ ‘ဒေါက်တာအရှင်ဝိစိတ္တသာရ’ဖြစ်ပြီး အိန္ဒိယနိုင်ငံ ဗာရာဏသိမြို့ ရှိ ဗဟိုတိ ဘက် လေ့လာရေးတက္ကသိုလ်တွင် ပါဋ္ဌိစာပေဌာန၏ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြာင်း နှင့် ‘ဓမ္မဂင်္ဂါ’ကလောင်ဘွဲ့ဖြင့် စာပေများ ရေးသားလျက်ရှိနေကြောင်းတို့ကို အတန်ကြာကတည်းက ကြားဖူးခဲ့ ပါတယ်။   

ထိုနေ့က မိမိတွင် အလုပ်တာဝန်ရှိနေတာမို့ ဇနီးဖြစ်သူအား နံနက် ၁၁ နာရီမထိုးမီ ကိုကြည်ရွှင်တို့အိမ်သို့ ဦးစွာသွားနှင့်စေခဲ့ပြီး နေ့ ၁၂ နာရီထိုးခါနီးမှ မိမိရောက်သွားခဲ့ပါတယ်။ မိမိ ရောက်သွားပြီး ဆရာတော်နှစ် ပါးကို ဦးချကန်တော့သောအခါ ဆရာတော် ဓမ္မဂင်္ဂါက "ဒကာကြီးရဲ့ စာတွေကို ဘုန်းကြီး ဖတ်ဖူးတယ်" ဟု အမိန့်ရှိပါတယ်။ ဆရာတော်များ အချိုပွဲဘုန်းပေးနေကြစဉ် မိမိတို့ဧည့်သည်များ နေ့လည်စာ စားလိုက်ကြပါ တယ်။ 






နေ့လည်စာ စားပြီးတော့ ဆရာတော်များနှင့် စကားစမြည်ပြောကြရင်း ရယ်စရာများလည်း ပြောဖြစ်ကြပါ သေးတယ်။ ဆရာတော်၏ နိုင်ငံတကာသို့ခရီးသွားခဲ့သည့် အတွေ့အကြုံများ စာဖတ်စာရေးအတွေ့အကြုံများ ပညာသင်ကြားမှုအတွေ့အကြုံများ ဓမ္မစာပေ အင်္ဂလိပ်စာပို့ချခြင်းနှင့် သာသနာရေးဆောင်ရွက်ချက်များကို မှတ်သားဖွယ်ရာ ကြားနာခဲ့ရပါတယ်။  







နောက်ပြီး ဆရာတော်က သူရေးသားပြုစုထားသည့် "ရဟန်းနှင့်... အတွေးအမြင် ရသစာစုများ"နှင့် "အဖေ လို့သာခေါ်ပါလေ သားရဟန်းနှင့် မစိုးရိမ်အလွမ်းစာစုများ" ဆိုတဲ့ စာအုပ် ၂ အုပ်ကို သူကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ဒကာ ဒကာမများအား ဓမ္မဒါနပြုတော်မူပါတယ်။

ဆရာတော်၏စာအုပ်များကို ဖတ်ရှုလေ့လာပြီး ကျွန်းသာယာဘလော့တွင် စာဖတ်သူများအတွက် ခံစားတင်ပြပါဦးမယ်။ 










ကန့်ဘလူဇာတိ ဆရာတော်ကို ပင့်ဖိတ်ပြီးဆွမ်းကပ်တာဆိုတော့ အိမ်ရှင်ကိုကြည်ရွှင်တို့ဇနီးမောင်နှံက ကန့်ဘလူဟင်းလျာလေးတစ်ခွက် ထူးထူးခြားခြားချက်ထားလို့ စားလို့လည်းကောင်း ပြောစရာလေး လည်းဖြစ်ခဲ့ရပါတယ်။ 

အဲဒီဟင်းအ မယ်ကတော့ ပဲရေပွကျော်ပါ။ 

ပဲရေပွကျော်က ချဉ်ပေါင်ရွက်ဟင်းရည်နဲ့ဆို အလွန်လိုက်ဖက်တာ။ ဆရာတော်က သူ့ဇာတိရပ်ရွာကိုပြန်တဲ့အ ခါတိုင်း ကြက်သားအစရှိတဲ့သားငါးတွေထက် ပဲရေပွကျော်လိုမျိုး ရိုးရိုးဟင်းအမယ်တွေပဲ ချက်ခိုင်းတာဖြစ်လို့ ရင်းနှီးတဲ့ဒကာဒကာမတွေက “ဘုန်းကြီးကြွလာလို့ အသားဟင်းကောင်းကောင်းလေးများစားရမလား အောက် မေ့တယ်။ ဒါတွေက ဒီမှာ တပည့်တော်တို့ နေ့တိုင်းစားနေရတာဘုရား” လို့ လျောက်ကြပါသတဲ့။ 


ကန့်ဘလူသူ ကန့်ဘလူသားတွေအကြောင်းပြောကြရင်း အမေရိကန်နိုင်ငံပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ မှာ ကျောင်းထိုင်နေတဲ့ ကန့်ဘလူသားဆရာတော် ဒေါက်တာဦးညာဏ၀ရ အကြောင်း ပြောဖြစ်ကြပါတယ်။ ဆရာတော်သည် တက္ကသိုလ်ဝင်တန်းအောင်ပြီးနောက် အများသူငါတွေလို တက္ကသိုလ်ကို ဆက်ပြီးမတက်ပဲ ရဟန်းဘောင်ထဲ ၀င်သွားခဲ့တာ။ ကန့်ဘလူမြို့ ရဲ့ အရှေ့ ဖက်နားမှာရှိတဲ့ ညောင်အိုင်ဆိုတဲ့ ရွာကပါ။


ကန့်ဘလူမြို့ နဲ့ညောင်အိုင်ရွာက နီးနီးလေးဆိုတော့ နောင်အခါမှာ ဆရာတော် ဒေါက်တာဦးညာဏ၀ရဖြစ် လာမည့် ထိုစဉ်က ‘ဦးပဉ္စင်းညွန့်မောင်’ဟာ ညနေပိုင်းဆိုရင် စာရေးဆရာမာန်မြင့်နဲ့မိမိတို့ထံ မကြာခဏ လမ်းလျောက်ပြီး ရောက်လာတတ်တာ။ စာရေးသူတို့ဆီက စာအုပ်တွေ လာငှားပြီးဖတ်လေ့ရှိတယ်။ သူ့မှာ ရှိတဲ့ စာအုပ်တွေလည်း ယူလာပြီး စာရေးသူတို့ကို ပေးဖတ်တတ်ပါသေးတယ်။ 

စိတ်မြန်ကိုယ်မြန်နဲ့ လမ်းမြန်မြန်လျောက်တတ်တဲ့ ထိုစဉ်ကဆရာတော်ကို သင်္ကန်းတဖါးဖါးနဲ့ မျက်စိထဲ မြင် ယောင်မိပါတယ်။ သင်္ကန်းရုံ ထားပေမယ့် စာဖတ်ဝါသနာပါတာခြင်းတူကြတာကြောင့် သူငယ်ချင်းတွေလို ဖြစ်နေတာမို့ အဲဒီတုန်းက ဆရာတော်ပြောခဲ့တဲ့ လူငယ်တို့ဘာဝစကားလေးကို မှတ်မှတ်ရရရှိနေပါတယ်။

“မင်းတို့ နှစ်ယောက်က လောကီဖက်မှာ ပေါက်မြောက်အောင်လုပ်ကြကွာ။ ငါက လောကုတ္တရာဖက်မှာ ပေါက်မြောက်အောင် လုပ်မယ်ကွ” လို့ပေါ့။ 


ဒေါက်တာဦးညာဏ၀ရအား မဖူးတွေ့ရသည်မှာ ကြာလှပြီဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က စာရေးသူ ကနေဒါနိုင်ငံ ဗင်ကူးဗားသို့ မသွားခင်မှာ မိမိနေထိုင်ရာ စင်ကာပူကနေ ဆရာ တော်ဦးညာဏ၀ရထံ ဖုန်းဆက်ခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာကျင်းပမည့် ကမ္ဘာ့အကြောအဆစ်ကုညီလာခံ တက်ပြီးလျင် ဆရာတော်ကျောင်းထိုင်သော လော့စ်အိန်ဂျလိစ်မြို့ သို့ မိမိအလည်လာမည့်အကြောင်းကို လျောက်ထားခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက ဆရာတော်သည် ပါရဂူဘွဲ့အတွက် ကျမ်းပြုစုနေတာဖြစ်လို့ ဗုဒ္ဓဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများစွာရှိသော စာကြည့်တိုက်ရှိသည့် အခြားသောမြို့ တစ်မြို့ သို့ ရောက်နေတာကြောင့် မဖူးတွေ့နိုင်ခဲ့ပါ။ ဒါကြောင့် စာရေးသူက လော့စ်အင်ဂျလိစ်မြို့ သို့ မသွားဖြစ်တော့ပဲ ကနေဒါနိုင်ငံနဲ့နီးတဲ့ အမေရိကန်နိုင်ငံရဲ့  အနောက်မြောက်ပိုင်းက ထင်ရှားတဲ့မြို့ ကြီးတစ်မြို့ ဖြစ်သော စီယာ တယ်မြို့ (Seattle)ကိုပဲ သွားလည်လိုက်ပါတယ်။       







ဆက်ပြီးရေးပါဦးမယ်။






No comments:

Post a Comment