"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, May 31, 2011

စင်ကာပူရောက် မြန်မာပရဟိတအသင်းများ၏ မြွေဆိပ်ဖြေဆေးအလှူ


စင်ကာပူရောက်မြန်မာပရဟိတအသင်းရှစ်သင်းစုပေါင်း၍ မြန်မာနိုင်ငံအနှံ့ရှိ မြွေဆိုးပေါသောဒေသများ အ တွက်မြွေဆိပ်ဖြေဆေးနှင့် အသက်ကယ်ဆေးဝါးများကို မေလ ၁၇ ရက် ကဆုန်လပြည့်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရန်ကုန်မြို့ စကားဝါလမ်းရှိ မင်းကွန်းတိပိဋ္ဋကနိကာယကျောင်းတော်ကြီး၏ ဓမ္မသဘင်၌ အခမ်းအနားတစ်ရပ်ဖြင့် လှူဒါန်းခဲ့ကြောင်း အလှူရှင်များက ပြောကြားသည်။ စုစုပေါင်းမြန်မာကျပ်ငွေ သိန်း ၅၀ တန်ဖိုးခန့်ရှိသော မြွေဆိပ်ဖြေဆေး ၄၃၆ လုံးနှင့် အသက်ကယ်ဆေးဝါး များကို လှူဒါန်းခဲ့ ကြောင်း၊ နှစ်စဉ်မြွေဆိုးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးနေရသည့် ကျေးလက်ပြည်သူများ၏ အသက်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်သန်၍ စနေဓမ္မမိတ်ဆွေများအဖွဲ့၊ ဗုဒ္ဓအလင်းရောင်၊ သာသနာ့ရောင် ခြည်၊ ထားဝယ်မိသားစု၊ အောင်လံသုခိတာ၊ Lotus ဖေါင်ဒေးရှင်း၊ အပြည်ပြည်ဆိုင်ရာအဘိ ဓမ္မာအသင်း ကြီးဟူသောစင်ကာပူရောက် မြန်မာပရဟိတအသင်းရှစ်သင်းစုပေါင်း၍ မြွေဆိုးပေါသောဒေသများသို့
လှူဒါန်းရခြင်းဖြစ်ပါကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ယမင်းသိန်းက The Voice Weekly သို့ ရှင်းပြသည်။

အဆိုပါအလှူသို့ မိတ္ထီလာ၊ သာစည်၊ အထက်မင်းလှ၊ စလင်း၊ တောင်တွင်းကြီး၊ အောင်လံ၊ ပခုက္ကူ၊ ဆိပ် ဖြူ၊ ကန့်ဘလူ၊ ဘုတလင်၊ မြင်းမူ၊ ဒေးဒရဲ၊ အင်္ဂပူ၊ လေးမျက်နှာ၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ ဘိုက လေး၊ မော်လမြိုင်ကျွန်း စသည့်မြို့နယ်တို့ရှိ ကျေးရွာအုပ်စုများမှ သက်ဆိုင်ရာ လူမှုရေး ဦးစီးဦးဆောင်ပြု သူများ တက်ရောက်လက်ခံယူခဲ့ကြောင်း လှူဒါန်းသူများထံမှ သိရသည်။

The Voice Weekly (May 30 - June 5, 2011) မှ ကောက်နှုတ်ဖော်ပြပါတယ်။



Sunday, May 22, 2011

ကျွန်တော်တို့အိမ်





ငယ်ငယ်တုန်းက ကျောင်းမှာ "ကျွန်တော်တို့အိမ်"ဆိုပြီး စာစီစာကုံးရေးခဲ့ရတာ မှတ်မိနေသေးတယ်။

အိမ်က ဘယ်မြို့/ရွာ ဘယ်အရပ် ဘယ်လမ်းမှာရှိတယ်။ ၀ါးကပ်အိမ်၊ ပျဉ်ထောင်အိမ်၊ တိုက်အိမ် စသဖြင့်။ 
အိမ်ဝန်းထဲမှာ ဘယ်လိုသစ်ပင် ဘယ်လိုပန်းပင်တွေ စားပင်တွေ စိုက်ထားတယ်ဆိုတာပါ ရေးကြတယ်။ 
အိမ်ထဲမှာ ဘုရားစဉ် စားပွဲ ကုလားထိုင် ဘီရိုရှိကြတဲ့အကြောင်း၊ နောက်ပြီး အိမ်မှာရှိတဲ့ ကိုယ့်မိသားစုအ
ကြောင်းပါရေးခဲ့ကြတာ။ ကိုယ့်အိမ်အကြောင်းအပြင် စာရှည်စာများရအောင် အနားကအိမ်နားနီးချင်းအ
ကြောင်းတွေပါ  ထည့်ရေးတတ်ကြသေးတယ်။ 

 




အခုတစ်ခါရေးမယ့် အိမ်အကြောင်းကတော့ .....

အိမ်ဆိုတာ နေထိုင်ဖို့ အိပ်စက်နားနေဖို့သက်သက်ကိုသာ ပေးစွမ်းနိုင်တာမဟုတ်မူပဲ နွေးထွေးမှုကိုပါ 
ပေးစွမ်း နိုင်တာဖြစ်တယ်။
ဒါ့အပြင် လုံခြုံမှုကိုလည်း ပေးစွမ်းနိုင်တယ်။
မိသားစု အေးချမ်းပျော်ရွှင်မှုကိုလည်းပေးစွမ်းနိုင်တယ်။

'အိမ်'လို့ ပြောလိုက်တာနဲ့ 'မိသားစု'ဆိုတဲ့သဘောအလိုလိုပါဝင်လာတယ်။ ယေဘုယျအားဖြင့် အိမ်တစ် 
အိမ်မှာ အဖေရှိမယ်။ အမေရှိမယ်။ သားသမီးတွေ ရှိကြမယ်။ အစ်ကိုအစ်မ ညီ၊ညီမရယ်လို့ရှိကြမယ်။ ဒါ့
အပြင် အဖိုးအဘွား ဦးလေး ဒေါ်လေးဆိုတာတွေပါ ရှိနိုင်ကြသေးတာ။

မြန်မာလူမျိုးတွေက အဖေကို အိမ်ထောင်ရဲ့ဦးစီး၊ အမေကိုတော့ အိမ်ရှင်မလို့ အသိအမှတ်ထားလေ့ရှိကြ 
တယ်။ အဖိုးတွေ အဘွားတွေကိုတော့ အိမ်ရဲ့ကျက်သရေဆိုပြီး အိမ်ဦးခန်းမှာထားလို့  အလေးအမြတ်ရှိ 
ကြတာ။ သားငယ်သမီးငယ်တွေကြပြန်တော့ 'အိမ်ဆည်းလည်း'ပါတဲ့။ 

ဒီအချက်က ဘာကိုပြနေသလဲဆိုရင် မြန်မာလူမျိုးများဟာ မိသားစုရဲ့တန်ဖိုး(family values)ကို ဟိုရှေးပ
ဝေဏသီကတည်းက ဂရုတစိုက်ရှိ ပြီး တန်ဖိုးထားခဲ့ကြတယ်ဆိုတာပါပဲ။ မိသားစုရဲ့တန်ဖိုးဆိုတာမျိုးက သူ့အလိုလို ရှိလာ ဖြစ်လာကြတာမျိုး မဟုတ်ဘူး။ ဘိုးဘေးဘီဘင်အဆက်ဆက် နှစ်ကာလကြာရှည်စွာ 
လက်ခံကျင့်သုံးလာကြရာကတစ်ဆင့် လက်ဆင့်ကမ်းရလာခဲ့တာ။





















ကျွန်တော်တို့ရဲ့ မိသားစုတန်ဖိုးများထဲမှာ ဗုဒ္ဓဘာသာရဲ့အနှစ်သာရများ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ
ရဲ့ အငွေ့အသက်များ သိမ်သိမ်မွေ့မွေ့နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေကြတာဖြစ်တယ်။ မြန်မာလူမျိုးများဟာ 
များသောအားဖြင့် ဘာသာတရားကို အထူးပင်ကိုင်ရှိုင်းတတ်ကြပါတယ်။ မိမိတို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံး 
တမ်းစဉ်လာများကို လေးစားတန်ဖိုးထားတတ်ကြပါတယ်။ 
ဒါကြောင့် အိမ်နဲ့မိသားစုတန်ဖိုးများဟာ ခွဲခြားမရပဲ တစ်သားတည်းရှိနေကြတာ။    

စာရေးသူဟာ ငယ်စဉ်ကလေးဘ၀ကတည်းက အိမ်မှာပဲနေတတ်ပျော်တတ်ခဲ့တယ်။ အပြင်ကို လိုအပ်
မှပဲ သွားလေ့ရှိတယ်။ အိမ်လည်တဲ့အကျင့် မရှိခဲ့ဘူး။ အပေါင်းအသင်းများနဲ့ အားအားယားယားတွေ့ပြီး 
ဟီးဟီးဟားဟား လပ်ယားလပ်ယားလုပ်တဲ့နေတဲ့အကျင့် မရှိခဲ့ဘူး။ တကယ်ကအဲဒီလိုလုပ်ချင်ဦးတော့ 
အချိန်ကို မရှိခဲ့တာ။ ကြီးကျယ်လိုက်တာလို့များ ထင်ကြလေမလား။ 

ပြောပြပါ့မယ်။ 
စာရေးသူက မိမိတို့ မိသားစုမှာ အကြီးဆုံးပါ။ ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိလို့ ယောကျာင်္းလေး
ဖြစ်ပေမဲ့ မိန်းကလေးတစ်ယောက်လို အမေ့ကို ကူညီလုပ်ကိုင်ပေးခဲ့ရပါတယ်။ 

မနက်ဆိုရင် မိခင်ကြီးအိပ်ယာကမနိုးခင် စောစောထကာ မီးမွှေးပြီး ရေနွေးအိုးတည်ရတယ်။ ရေနွေးဆူ
တာစောင့်ရင်း ထမင်းအိုးဆေးပြီးတစ်လက်စာတည်း အသင့်ပြင်ထားရတာ။ ရေနွေးဆူတာနဲ့ မိသားစု(ဂ)
ယောက်စာအတွက် ကော်ဖီဖျော်ထားရတယ်။ ပြီးတဲ့အခါ အမေ ညကမှာထားတဲ့အတိုင်း ကြက်သွန်ဖြူ 
ကြက်သွန်နီအခွံနွှာပြီး တစ်ချို့ ကိုပါးပါးလှီး တစ်ချို့ တစ်ဝက်ကို ငရုတ်ဆုံနဲ့မညက်တညက်လေးထောင်း
ထားပေးရတယ်။ 
အမေဟင်းချက်တဲ့အခါအဆင်သင့် ဖြစ်ရအောင်လို့ ပါ။






















မီးဖိုချောင်ကိစ္စပြီးတာနဲ့ အမေ ညက စားပွဲပေါ်မှာတင်ထားပေးတဲ့ ပိုက်ဆံနဲ့ ရွှေဘိုရဲဋ္ဌာနာရဲ့ တောင်ဖက် 
ဝင်းပေါက်ဝနားက အထက်မီးအောက်မီးမုန့်ဆိုင် ဒါမှမဟုတ် ဘီအိုစီဓါတ်ဆီဆိုင်နားက ကုလားမကြီးရဲ့ 
အာပုံဆိုင်ကိုသွားပြီး နံနက်စာ ၀ယ်ရသေးတာ။  မုန့်ဝယ်ကပြန်ရောက်တော့ အငယ်ကလေး(၄)ယောက် 
(အမေနဲ့အတူအိပ်တဲ့ အငယ်ဆုံးတစ်ယောက်ကလွဲပြီး)ကိုနှိုးကာမျက်နှာသစ်ခိုင်းရတယ်။ ငယ်တဲ့ကလေး 
တွေရဲ့ အပေါ့အပါးကိစ္စလုပ်ပေးရတယ်။ ဒီအချိန်မှာ အမေအိပ်ယာကနိုးပြီးဖြစ်လို့ မီးဖိုချောင်အလုပ်တွေ 
လုပ်နေပါပြီ။ 
အမေက ခေါင်းအုံခေါင်းခဲတဲ့ဝေဒနာကြောင့် နံနက်စောစော အိပ်ယာမှနိုးပေမဲ့ ထ၍မရပါ။
အိပ်ယာမှာ ခေတ္တခဏလှဲနေပြီး ခေါင်းမအုံတော့မှ ထပြီးအလုပ်လုပ်နိုင်ပါတယ်။

တစ်ခါတစ်ရံတော့ အိမ်မှာ အာလူး၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကုန်နေခဲ့ရင် နံနက်စာချက်ဖို့အမီ 
စက်ဘီးလေးနဲ့ အပြေးအလွှား သွားဝယ်ပေးရပြန်တယ်။ 

အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ စနေ တနင်္ဂနွေလို ကျောင်းအားရက်တွေမှာမှ ရွှေဘိုမြို့မ
ဈေးကြီးကို စက်ဘီးလေးနဲ့သွားပြီး ၀ယ်ပေးရလေ့ရှိတယ်။

ရက်သတ္တပတ်တစ်ပတ်မှာ တစ်ခါနှစ်ခါလောက် ညနေပိုင်းကျောင်းကပြန်လာရင် တောင်တခါးရပ်မှာရှိတဲ့ 
ဖက်ဆေးလိပ်ဆိုင်ကို စက်ဘီးနဲ့သွားပြီး အမေကြိုက်တဲ့ ပြောင်းဖူးဖက်ဆေးလိပ် ၀ယ်ပေးရတတ်တယ်။ 

သတ္တမတန်းရောက်တဲ့နှစ်မှာ လက်ဝှေ့ထိုး (Boxing)သင်ချင်တာ အမေကိုပြောပြတော့ခွင့်မပြု့တာနဲ့ အဲဒီ
ဆေးလိပ်သွားဝယ်ခိုင်းတဲ့အချိန်ကို ခိုးပြီးတော့ လက်ဝှေ့ ထိုးသွားသင်ခဲ့ရတယ်။






စင်ကာပူက ကျွန်တော်တို့အိမ်




ညနေမှာ အလုပ်ကပြန်လာတိုင်း အိမ်နားက ဒီမြက်ခင်းစိမ်းစိုစိုမြင်ကွင်းဟာ အမောပြေပြီး 
စိတ်ကိုလည်း ကြည်လင်စေတာဖြစ်တယ်။ စိမ်းစိုနေတာမှ တနှစ်ပတ်လုံးကို ဒီအတိုင်းပါပဲ။

စင်ကာပူနိုင်ငံသည် အာရှတိုက်မှာ အစိမ်းစိုဆုံးနိုင်ငံ Singapore is the greenest city in Asia 
လို့ (Green City Index) က ဆိုထားပါတယ်။ 

တနိုင်ငံလုံး ရာခိုင်နှုန်းပြည့်'မြို့ ပြ'ဖြစ်သော(100% of the population is urbanized)စင်ကာပူ 
သည် ၁၉၈၀ နှစ်များက နိုင်ငံဧရိယာ၏ ၃၆% သာ စိမ်းစိမ်းစိုစိုရှိခဲ့ရာက ၂၀၁၆ ခုနှစ်မှာတော့
နိုင်ငံဧရိယာ၏ ၄၇%အထိရှိလာခဲ့ပါတယ် (, for CNN July, 2016)။ 



လိပ်ကလေးတွေကို နေ့စဉ်ကျွေးမွေးလို့



မှတ်ချက်။ ။ အထက်ပါစာ၏အောက်ဆုံး ၂ ပိုဒ်အား ၂၀/၅/၂၄ တွင် ဖြည့်စွက်ရေးသားခဲ့ပါသည်။







Saturday, May 14, 2011

စာရေးဆရာကြီး ဆရာနတ်နွယ် ကွယ်လွန်ရှာပြီ

မနေ့ညနေက အလုပ်မှအိမ်ကိုပြန်ရောက်ရောက်ခြင်း ရန်ကုန်မှာရှိတဲ့ မိတ်ဆွေဦးတင်မြင့်ထံ ဖုန်းဆက်စကားပြောရင်း သူက "ဆရာအေး သိပြီးပြီလား၊ စာရေးဆရာနတ်နွယ် ဆုံးသွားပြီ" လို့ သတင်းပေးပါတယ်။ ဒါနဲ့ အွန်လိုင်းက မြန်မာဂျာနယ်တွေကိုသွားပြီး သတင်းရှာကြည့်ရတယ်။

The Voice Weekly ဂျာနယ် အယ်ဒီတာချုပ်ကိုကျော်မင်းဆွေမှ မိမိထံ အပတ်စဉ်ပို့ပေးနေတဲ့ The Voice Weekly (eBook) စာမျက်နှာ (၁၀)ရဲ့ စာမျက်နှာထိပ်တွင် "မြန်မာပြည်မြောက်ပိုင်းကို အပြီးမသတ်ခင် စာရေးဆရာကြီးနတ်နွယ်ကွယ်လွန်" ဆိုတဲ့ သတင်းခေါင်းစီးနဲ့ ဆရာရဲ့လူငယ်ဘ၀ ဓါတ်ပုံကိုပါ တွေ့ရပါတယ်။

The Voice Weekly တွင်ဖော်ပြထားသော ဆရာနတ်နွယ် ကွယ်လွန်ကြောင်းသတင်း။

ဆက်လက်ပြီး "မြန်မာစာပေလောကတွင်မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့သော မြန်မာပြည် မြောက်ပိုင်း အမည်ရှိနာမည်ကျော်စာအုပ်ကိုရေးသားခဲ့သူ စာရေးဆရာကြီးနတ်နွယ် အသက် (၇၉)နှစ်မှာ အဆိုပါဝတ္တု တတိယတွဲကို အပြီးမသတ်ခင် မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သားဖြစ်သူ ဦးဋ္ဌေးဇော်နွယ်က The Voice Weekly သို့ ပြောကြားသည်။ " လို့ ဆက်လက်ရေးသား ထားတာ ဖတ်ရှုရပါတယ်။ ဆရာနတ်နွယ်ဟာ ယခုနှစ်မတ်လက လေဖြန်းသွားတဲ့အတွက် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတယ်ဆိုပါတယ်။

မိုးမခမီဒီယာကလဲ အောက်ပါအတိုင်း သတင်းဖော်ပြထားတာတွေ့ရပါတယ်။




"မြန်မာစာပေသမိုင်းတွင် ပင်ကိုယ်ရေး၊ ဘာသာပြန်နှင့် သမိုင်းနောက်ခံဝတ္တုကြီးများ ရေးသားခဲ့သူ စာရေးဆရာနတ်နွယ် (၇၈)နှစ်သည် မေလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားပါသည်။" လို့ အစချီရေးသားကာ၊ ဆောင်းပါး ၀တ္တု ဝေဖန်စာနှင့် လုံးချင်းဝတ္တု ၁၀၀ ကျော် ရေးသားခဲ့ကြောင်း ဖော်ပြထားပါတယ်။ နောက်ပြီး "စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ လှို.၀ှက်သည်းဖို မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ၊ မိုးဝေကဗျာ တခေတ်ဖြစ်စေခဲ့သော မိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာချုပ် လုပ်ခဲ့ပြီး ၁၉၈၈ အရေးအခင်းအပြီးတွင် နွယ်နီမဂ္ဂဇင်းကိုထူထောင်ပြီး အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့ပါသည် "လို့ ဆရာရဲ့ စာပေခရီးဖြတ်သန်းမှုများကို အကျဉ်းချုပ်ဖော်ပြထားတာ တွေ့ရပါတယ်။ 

ဆရာနတ်နွယ်ကျန်းမာရေးမကောင်းကြောင်းကို ပြီးခဲ့တဲ့ဧပြီလ(၁၅)ရက်နေ့က မလေးရှားကို လူမမာမေး သွားတုန်းက ဆရာဦးခင်ထွန်းပြောပြလို့ သိခဲ့ရတာဖြစ်တယ်။ သူနဲ့စာရေးသူတို့က ဆရာနတ်နွယ် အယ်ဒီတာချုပ်တာဝန်ယူထားတဲ့ နွယ်နီမဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ ၁၅နှစ်၊အနှစ် ၂၀ လောက်ကတည်းက ဆောင်းပါးတွေ ရေးခဲ့ကြတာ။ စာရေးသူရဲ့ ခရီးသွားဆောင်းပါးဖြစ်တဲ့ "ဖင်လန်နိုင်ငံ သို့မဟုတ် မြောက်ဝင်ရိုးစွန်းခရီးသို့"ဆောင်းပါး (၁၀)ပုဒ်ကို ဆရာနတ် (ကျနော်တို့စာရေးဆရာအချို့ရဲ့ ချစ်စနိုး အခေါ်)က သူ့မဂ္ဂဇင်းမှာ (၁၀)လတိတိ ဓါတ်ပုံပေါင်းများစွာထည့်သွင်းပြီး လစဉ်ဖော်ပြပေးခဲ့ပါတယ်။

ဆရာနတ်နွယ် မိုးဝေမဂ္ဂဇင်းကို ဦးစီးထုတ်ဝေစဉ်က သူ့မဂ္ဂဇင်းမှာ စာရေးသူ စာမရေးဖြစ်ခဲ့သေးပါ။ ကိုမျိုးဝင်း (မဟာနန္ဒာ)က တာဝန်ခံထုတ်ဝေတဲ့အချိန်တွင်မှ စပြီးရေးဖြစ်ခဲ့တာ။ ဒီနောက်မှာ ကိုသောင်း (ရှမ်းပြည်)က မိုးဝေမဂ္ဂဇင်းကို လက်ပြောင်းယူပြီး ထုတ်ဝေတော့လဲ ဆက်ပြီးရေးဖြစ်ခဲ့ပါတယ်။ စာရေးသူ ရေးသားခဲ့တဲ့ လုံးချင်းဝတ္တု လက်ရေးစာမူနဲ့ပတ်သက်ပြီး ဆရာနတ်နဲ့တွေ့ဆုံစကားပြောရတာတစ်ခုကို ယခုထိ မှတ်မှတ်ရရ ရှိနေဆဲပါ။ အဲဒီတုန်းက စာရေးသူက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျ နေတဲ့အချိန် ဖြစ်ပါတယ်။ ၁၉၇၉ခုနှစ်လေက်ကဖြစ်တယ်။ စာရေးဆရာဒေါက်တာတင်စိုး(ကလေးခွဲစိတ် အထူးကုဆရာဝန်ကြီး)က စာရေးပြီး မိတ်ဆက်ပေးလိုက်လို့ ဆရာနတ်ရဲ့မိုးဝေမဂ္ဂဇင်းတိုက်ကို လုံးချင်း ၀တ္တု လက်ရေးစာမူလေးပိုက်ပြီး စာရေးသူ ရောက်သွားခဲ့ရပါတယ်။ ပုံနှိပ်ထုတ်ဝေဖို့ ဆရာနတ်ထံ အကူအညီသွားတောင်းတာ။ ဒီတော့ ဆရာက လုံးချင်းဝတ္တုထုတ်ဝေသူများဟာ ကလောင်သစ်များကို တစ်အုပ်ရေး တစ်အုပ်ထုတ်ပေးလေ့ မရှိကြောင်း၊ အနည်းဆုံး (၃)အုပ်ရေးပေးမှ စာကိုကြိုက်ရင် တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက်ထုတ်ပေးတတ်တာဖြစ်ကြောင်း ရှင်းပြခဲ့ပြီး၊ နောက်ထပ် (၂)အုပ်ရေးပြီး လာပေးဖို့ အကြံပေးခဲ့ပါတယ်။ 

စာရေးသူကလဲ အဲဒီတစ်အုပ်လေးကိုတောင် အနိုင်နိုင်ရေးထားရတာဖြစ်လို့ နောက်ထပ်မရေးဖြစ်တာနဲ့ ဆရာထံ မရောက်ဖြစ်တော့ပါ။ ၁၉၈၁ ခုနှစ်နှစ်ကုန်မှာ မော်လမြိုင်ဆေးရုံကြီးမှ ရန်ကုန်အရိုးရောဂါကု ဆေးရုံကြီးသို့ စာရေးသူပြောင်းလာခဲ့တော့မှ ဆရာရဲ့မဂ္ဂဇင်းတိုက်ကို အားနာနာနဲ့ရောက်သွားခဲ့ပါတယ်။ နောက်ထပ်လဲ လုံးချင်းဝတ္တုက မရေးဖြစ်၊ မရေးဖြစ်ကြောင်းကိုလဲ ဆရာ့ကို အကြောင်းမကြားဖြစ်ခဲ့တာမို့ ဆရာရဲ့စားပွဲရှေ့မှာ ရှေ့မျက်နှာကို နောက်ထားလို့ ထိုင်နေမိခဲ့တယ်။ သို့ပေမယ့် ဆရာနတ်နွယ်ရဲ့မျက်နှာ ကတော့ ထုံးစံအတိုင်း အေးအေးဆေးဆေး ကြည်ကြည်လင်လင်ပါပဲ။ မိမိကသာ ကိုယ့်အပြစ်နဲ့ကိုယ်မို့ မလုံမလဲဖြစ်နေရတာ။ မိမိရဲ့လက်ရေးစာမူနဲ့ပတ်သက်ပြီး ဆရာရဲ့အမြင်ကိုမေးတော့ ဆရာက "အေးဗျာ ဖတ်ထားတာ ကြာလှပီမို့ ခပ်မေ့တေ့တေ့ရှိနေတယ်။ ဒါပေမယ့် ကျနော်ကောင်းကောင်းမှတ်မိတာလေး တစ်ခုတော့ရှိတယ်။ ကိုတင်မောင်အေး ငွေအခက်အခဲရှိတာနဲ့ မြတ်မြတ်နိုးနိုးသိမ်းထားတဲ့ အထူးထုတ် သတင်းစာတွေကို ပိဿာချိန်နဲ့ ရောင်းလိုက်ရတယ်ဆိုတာပဲ။" လို့ ပြောပြခဲ့ပါတယ်။    




ဆက်လက်ရေးသားပါဦးမယ်။

Sunday, May 8, 2011

နယူးဇီလန်မှ အကြောအဆစ်ကုပညာရှင်များ သင်တန်းပို့ချမည်

၂၀၁၁ ခုနှစ် မေလ ၅ ရက်မှ ၇ ရက်နေ့အထိ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတွင် ယခုခေတ် အကြောအဆစ်ကုဆေးပညာရပ်(Physiotherapy)ဆိုင်ရာ တိုးတက်ပြောင်းလဲမှုများအကြောင်းကို နယူးဇီလန်နိုင်ငံမှ အကြောအဆစ်ကုပညာရှင်များ(Physiotherapist)က သင်တန်းပို့ချကြမည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများသည် သင်တန်းမှတ်ပုံတင်ကြေးနှင့် စာရွက်စာတမ်းကြေးများကိုသာ ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းသား၃၀ဦးကိုသာ လက်ခံမည်ဖြစ်ရာ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။

အကြောအဆစ်ကုဆေးပညာရပ်နှင့်ပတ်သက်သောသင်တန်းများကို ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံတွင် ၂၀၀၂ ခုနှစ်မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေခဲ့ရာ (၉)ကြိမ်ရှိပြီ ဖြစ်သည်။

ရည်ညွှန်း - Weekly Eleven ၂၇ ဧပြီ ၂၀၁၁။

Saturday, May 7, 2011

တစ်နေ့တည်း သုံးရာသီ

 တောင်ငူ မေ ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်းများက မိုးရာသီကဲ့သို့ နေ့စဉ် မိုးများ သည်းထန်စွာရွာသွန်းခဲ့သည်။ 
ယနေ့နံနက်ပိုင်းတွင် ဆောင်းရာသီကဲ့သို့ မြူနှင်းများ ထူထပ်စွာကျရောက်ခဲ့ပြီး
နေ့ပိုင်းတွင်မူ နွေရာသီကဲ့သို့ ရာသီဥတုပူပြင်းလာကာ 
ညပိုင်းတွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သဖြင့်
တစ်ရက်တည်း ရာသီဥတုသုံးမျိုးကို မြို့နေပြည်သူများ အံ့သြဖွယ်ရာ တွေ့ရှိခံစားခဲ့ရသည်။ 

၂၀၁၁ ခုနှစ် မေလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြထားပါသည်။
                                          

Monday, May 2, 2011

အမေနှင့်သမီး




ယခုတလော အိမ်ကအိမ်ရှင်မခမျာ အတော်လေးကိုအလုပ်များနေတာ သတိပြုမိတယ်။
ခေတ်စကားနဲ့ပြောရရင် သူ့သမီးနဲ့ အောက်ဒေါ(outdoor)သွားတာတွေ မကြာခဏဆိုသလိုပဲ။

Jurong Point နား က ပန်းခြံကို သွားလားသွားကြရဲ့။
Gleneagles Hospital နားက Botanic Gardens ကို ရောက်လားရောက်ကြရဲ့။
တစ်ခါတစ်လေမှာ Hort Park လို့လူသိများတဲ့ Horticulture Park ကို သွားတတ်ကြသေးတယ်။
ဒါ့အပြင် Vivo City ကိုလည်း ရောက်သွားချင် ရောက်သွားတတ်သေးတာ။











အပြစ်အနာအဆာပါမပါ ကြည့်ရသေးတယ်။







အပြစ်အနာအဆာပါလာရင် မြန်မာပြည်ကို ပြန်ပို့ပြီး ပြန်လုပ်ရတာ။

အိမ်ကအိမ်ရှင်မက သူ့သမီးရဲ့ လက်သုံးတော်ဓါတ်ပုံဆရာမကြီး (personal photographer) ဖြစ်တယ်။ သမီးက သူရဲ့အ၀တ်အစားအသစ်တွေကို သူကိုယ်တိုင်ဝတ်လို့ မော်ဒယ်လုပ်ပြီး သူ့ Blog မှာ ဓါတ်ပုံရိုက်ကြော်ငြာတာ။ ကင်မရာက အဖေ့ဟာ။ အ၀တ်စတွေသွားဝယ်တော့လဲ အမေက လိုက်ပေးရတာ။ ၀ယ်ပြီးတဲ့အစတွေ ထုတ်ပိုးတော့လဲ အမေပါရပြန်ကော။ ဘာအရောင်နဲ့ ဘယ်အစကို




ဘယ်လိုပုံဘယ်လိုဒီဇိုင်းနဲ့ ချုပ်မယ်ဆိုတာ စဉ်းစားကြရာလဲ အမေမပါလို့ မရပြန်ဘူး။ 

ဝယ်ထားတဲ့အ၀တ်စတွေကို ဒီကနေရန်ကုန်ကိုပို့ဖို့အတွက် သားအမိနှစ်ယောက်လုပ်ကြရတာ။ 
ဟိုကနေ ချုပ် ပြီးလို့ စင်ကာပူကိုပြန်ပို့ပေးတော့လဲ သားအမိနှစ်ယောက် အတူတူသွားယူကြရ
ပြန်တယ်။ ချုပ်ပြီးပို့ပေးလိုက် တဲ့အင်္ကျီတွေကို ဒီကမှာတဲ့အတိုင်းဟုတ်မဟုတ် ပြန်စစ်ရ
သေးတယ်။ အပြစ်အနာအဆာပါမပါ ကြည့်ရသေး တယ်။ နောက်ဆုံး အဲဒီအင်္ကျီတွေကို မော်
ဒယ်လုပ်ဓါတ်ပုံရိုက်ပြီး သမီးက သူရဲ့ဘလော့မှာထည့်ရပြန်တယ်။

ဒါတွေအားလုံးကို အမေနဲ့သမီး အတူတူလုပ်ကြရတာ။ အမေနဲ့သမီးတို့ ယခုလို တတွဲတွဲနဲ့လုပ်
နေတာကိုကြည့်ပြီး စာရေးသူက ပြုံးမိတယ်။ ဟို သမီးငယ်တုန်းကလဲ ငယ်တုန်းမို့ အမေက 
ကျောင်းကြိုကျောင်းပို့ လုပ်ပေးခဲ့ရတာ။
ကျောင်းကပြန်ရောက်တာနဲ့ စာတွေစစ်ရတာ။ အိမ်စာလုပ်ခိုင်းရတာ။ မသိတာ နားမလည်တာ 
မရှင်းတာတွေ ကို သင်ပြပေးခဲ့ရတာ။

အခုအရွယ်ရောက်လာပြန်တော့လဲ အမေကြီးက ပါနေရတုန်းပါပဲလား။















အမေနှင့်သမီး ချုပ်ထည်တွေနဲ့ပတ်သက်လို့ တိုင်တိုင်ပင်ပင် ....