"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 14, 2011

စာရေးဆရာကြီး ဆရာနတ်နွယ် ကွယ်လွန်ရှာပြီ

မနေ့ညနေက အလုပ်မှအိမ်ကိုပြန်ရောက်ရောက်ခြင်း ရန်ကုန်မှာရှိတဲ့ မိတ်ဆွေဦးတင်မြင့်ထံ ဖုန်းဆက်စကားပြောရင်း သူက "ဆရာအေး သိပြီးပြီလား၊ စာရေးဆရာနတ်နွယ် ဆုံးသွားပြီ" လို့ သတင်းပေးပါတယ်။ ဒါနဲ့ အွန်လိုင်းက မြန်မာဂျာနယ်တွေကိုသွားပြီး သတင်းရှာကြည့်ရတယ်။

The Voice Weekly ဂျာနယ် အယ်ဒီတာချုပ်ကိုကျော်မင်းဆွေမှ မိမိထံ အပတ်စဉ်ပို့ပေးနေတဲ့ The Voice Weekly (eBook) စာမျက်နှာ (၁၀)ရဲ့ စာမျက်နှာထိပ်တွင် "မြန်မာပြည်မြောက်ပိုင်းကို အပြီးမသတ်ခင် စာရေးဆရာကြီးနတ်နွယ်ကွယ်လွန်" ဆိုတဲ့ သတင်းခေါင်းစီးနဲ့ ဆရာရဲ့လူငယ်ဘ၀ ဓါတ်ပုံကိုပါ တွေ့ရပါတယ်။

The Voice Weekly တွင်ဖော်ပြထားသော ဆရာနတ်နွယ် ကွယ်လွန်ကြောင်းသတင်း။

ဆက်လက်ပြီး "မြန်မာစာပေလောကတွင်မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့သော မြန်မာပြည် မြောက်ပိုင်း အမည်ရှိနာမည်ကျော်စာအုပ်ကိုရေးသားခဲ့သူ စာရေးဆရာကြီးနတ်နွယ် အသက် (၇၉)နှစ်မှာ အဆိုပါဝတ္တု တတိယတွဲကို အပြီးမသတ်ခင် မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သားဖြစ်သူ ဦးဋ္ဌေးဇော်နွယ်က The Voice Weekly သို့ ပြောကြားသည်။ " လို့ ဆက်လက်ရေးသား ထားတာ ဖတ်ရှုရပါတယ်။ ဆရာနတ်နွယ်ဟာ ယခုနှစ်မတ်လက လေဖြန်းသွားတဲ့အတွက် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတယ်ဆိုပါတယ်။

မိုးမခမီဒီယာကလဲ အောက်ပါအတိုင်း သတင်းဖော်ပြထားတာတွေ့ရပါတယ်။




"မြန်မာစာပေသမိုင်းတွင် ပင်ကိုယ်ရေး၊ ဘာသာပြန်နှင့် သမိုင်းနောက်ခံဝတ္တုကြီးများ ရေးသားခဲ့သူ စာရေးဆရာနတ်နွယ် (၇၈)နှစ်သည် မေလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားပါသည်။" လို့ အစချီရေးသားကာ၊ ဆောင်းပါး ၀တ္တု ဝေဖန်စာနှင့် လုံးချင်းဝတ္တု ၁၀၀ ကျော် ရေးသားခဲ့ကြောင်း ဖော်ပြထားပါတယ်။ နောက်ပြီး "စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ လှို.၀ှက်သည်းဖို မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ၊ မိုးဝေကဗျာ တခေတ်ဖြစ်စေခဲ့သော မိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာချုပ် လုပ်ခဲ့ပြီး ၁၉၈၈ အရေးအခင်းအပြီးတွင် နွယ်နီမဂ္ဂဇင်းကိုထူထောင်ပြီး အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့ပါသည် "လို့ ဆရာရဲ့ စာပေခရီးဖြတ်သန်းမှုများကို အကျဉ်းချုပ်ဖော်ပြထားတာ တွေ့ရပါတယ်။ 

ဆရာနတ်နွယ်ကျန်းမာရေးမကောင်းကြောင်းကို ပြီးခဲ့တဲ့ဧပြီလ(၁၅)ရက်နေ့က မလေးရှားကို လူမမာမေး သွားတုန်းက ဆရာဦးခင်ထွန်းပြောပြလို့ သိခဲ့ရတာဖြစ်တယ်။ သူနဲ့စာရေးသူတို့က ဆရာနတ်နွယ် အယ်ဒီတာချုပ်တာဝန်ယူထားတဲ့ နွယ်နီမဂ္ဂဇင်းမှာ လွန်ခဲ့တဲ့ ၁၅နှစ်၊အနှစ် ၂၀ လောက်ကတည်းက ဆောင်းပါးတွေ ရေးခဲ့ကြတာ။ စာရေးသူရဲ့ ခရီးသွားဆောင်းပါးဖြစ်တဲ့ "ဖင်လန်နိုင်ငံ သို့မဟုတ် မြောက်ဝင်ရိုးစွန်းခရီးသို့"ဆောင်းပါး (၁၀)ပုဒ်ကို ဆရာနတ် (ကျနော်တို့စာရေးဆရာအချို့ရဲ့ ချစ်စနိုး အခေါ်)က သူ့မဂ္ဂဇင်းမှာ (၁၀)လတိတိ ဓါတ်ပုံပေါင်းများစွာထည့်သွင်းပြီး လစဉ်ဖော်ပြပေးခဲ့ပါတယ်။

ဆရာနတ်နွယ် မိုးဝေမဂ္ဂဇင်းကို ဦးစီးထုတ်ဝေစဉ်က သူ့မဂ္ဂဇင်းမှာ စာရေးသူ စာမရေးဖြစ်ခဲ့သေးပါ။ ကိုမျိုးဝင်း (မဟာနန္ဒာ)က တာဝန်ခံထုတ်ဝေတဲ့အချိန်တွင်မှ စပြီးရေးဖြစ်ခဲ့တာ။ ဒီနောက်မှာ ကိုသောင်း (ရှမ်းပြည်)က မိုးဝေမဂ္ဂဇင်းကို လက်ပြောင်းယူပြီး ထုတ်ဝေတော့လဲ ဆက်ပြီးရေးဖြစ်ခဲ့ပါတယ်။ စာရေးသူ ရေးသားခဲ့တဲ့ လုံးချင်းဝတ္တု လက်ရေးစာမူနဲ့ပတ်သက်ပြီး ဆရာနတ်နဲ့တွေ့ဆုံစကားပြောရတာတစ်ခုကို ယခုထိ မှတ်မှတ်ရရ ရှိနေဆဲပါ။ အဲဒီတုန်းက စာရေးသူက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျ နေတဲ့အချိန် ဖြစ်ပါတယ်။ ၁၉၇၉ခုနှစ်လေက်ကဖြစ်တယ်။ စာရေးဆရာဒေါက်တာတင်စိုး(ကလေးခွဲစိတ် အထူးကုဆရာဝန်ကြီး)က စာရေးပြီး မိတ်ဆက်ပေးလိုက်လို့ ဆရာနတ်ရဲ့မိုးဝေမဂ္ဂဇင်းတိုက်ကို လုံးချင်း ၀တ္တု လက်ရေးစာမူလေးပိုက်ပြီး စာရေးသူ ရောက်သွားခဲ့ရပါတယ်။ ပုံနှိပ်ထုတ်ဝေဖို့ ဆရာနတ်ထံ အကူအညီသွားတောင်းတာ။ ဒီတော့ ဆရာက လုံးချင်းဝတ္တုထုတ်ဝေသူများဟာ ကလောင်သစ်များကို တစ်အုပ်ရေး တစ်အုပ်ထုတ်ပေးလေ့ မရှိကြောင်း၊ အနည်းဆုံး (၃)အုပ်ရေးပေးမှ စာကိုကြိုက်ရင် တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက်ထုတ်ပေးတတ်တာဖြစ်ကြောင်း ရှင်းပြခဲ့ပြီး၊ နောက်ထပ် (၂)အုပ်ရေးပြီး လာပေးဖို့ အကြံပေးခဲ့ပါတယ်။ 

စာရေးသူကလဲ အဲဒီတစ်အုပ်လေးကိုတောင် အနိုင်နိုင်ရေးထားရတာဖြစ်လို့ နောက်ထပ်မရေးဖြစ်တာနဲ့ ဆရာထံ မရောက်ဖြစ်တော့ပါ။ ၁၉၈၁ ခုနှစ်နှစ်ကုန်မှာ မော်လမြိုင်ဆေးရုံကြီးမှ ရန်ကုန်အရိုးရောဂါကု ဆေးရုံကြီးသို့ စာရေးသူပြောင်းလာခဲ့တော့မှ ဆရာရဲ့မဂ္ဂဇင်းတိုက်ကို အားနာနာနဲ့ရောက်သွားခဲ့ပါတယ်။ နောက်ထပ်လဲ လုံးချင်းဝတ္တုက မရေးဖြစ်၊ မရေးဖြစ်ကြောင်းကိုလဲ ဆရာ့ကို အကြောင်းမကြားဖြစ်ခဲ့တာမို့ ဆရာရဲ့စားပွဲရှေ့မှာ ရှေ့မျက်နှာကို နောက်ထားလို့ ထိုင်နေမိခဲ့တယ်။ သို့ပေမယ့် ဆရာနတ်နွယ်ရဲ့မျက်နှာ ကတော့ ထုံးစံအတိုင်း အေးအေးဆေးဆေး ကြည်ကြည်လင်လင်ပါပဲ။ မိမိကသာ ကိုယ့်အပြစ်နဲ့ကိုယ်မို့ မလုံမလဲဖြစ်နေရတာ။ မိမိရဲ့လက်ရေးစာမူနဲ့ပတ်သက်ပြီး ဆရာရဲ့အမြင်ကိုမေးတော့ ဆရာက "အေးဗျာ ဖတ်ထားတာ ကြာလှပီမို့ ခပ်မေ့တေ့တေ့ရှိနေတယ်။ ဒါပေမယ့် ကျနော်ကောင်းကောင်းမှတ်မိတာလေး တစ်ခုတော့ရှိတယ်။ ကိုတင်မောင်အေး ငွေအခက်အခဲရှိတာနဲ့ မြတ်မြတ်နိုးနိုးသိမ်းထားတဲ့ အထူးထုတ် သတင်းစာတွေကို ပိဿာချိန်နဲ့ ရောင်းလိုက်ရတယ်ဆိုတာပဲ။" လို့ ပြောပြခဲ့ပါတယ်။    




ဆက်လက်ရေးသားပါဦးမယ်။

No comments:

Post a Comment