"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 27, 2012

စင်ကာပူ Consumer Electronics and Lifestyle Fair သို့ တစ်ခေါက်

ကုမ္ပဏီဝန်ထမ်းများမှ ကုန်ပစ္စည်းများအကြောင်း ရှင်းလင်းပြောပြကြော်ငြာနေကြသည်။


မနေ့နေ့လည်က အိတ်စပို(Expo)မှာလုပ်တဲ့ အဲဒီနေရာကို ရည်ရွယ်မထားပဲ ရောက်သွားခဲ့တယ်။ မိမိနဲ့အ တူ ဇနီးလည်းပါတယ်။ သမီးနဲ့သားမက်တို့လည်း ပါခဲ့ကြတယ်။ 


အိတ်စပိုက Consumer Electronics & Lifestyle Fair ပြခန်းအ၀င်တစ်နေရာ။ (ဓါတ်ပုံ - ဖိုးတာ ၂၆ မေ၊ ၂၀၁၂)


အိမ်ကနေ နံနက် ၁၀ နာရီလောက်မှာထွက်သွားတုန်းကတော့ ထုံးစံအတိုင်း Jurong Point ပဲ သွားဖို့ပါ။ အဖိုးကြီးအဖွားကြီး နှစ်ယောက်ထဲပဲပေါ့လေ။ ဒီလိုပဲ သွားနေကျ။ အဲဒီမှာ မနက်စာစားကြမယ်။ ပြီးတော့ NTUC FairPrice ဆိုင်ကိုသွားပြီး တစ်ပတ်စာ စားစရာချက်စရာတွေ ၀ယ်ကြမယ်။ ဒါပြီးရင် အိမ်ပြန်ကြ ရုံပဲ။ အဲ ဒီနေ့ကတော့ ကွန်ပြူတာနဲ့ပတ်သက်ပြီး ၀ယ်စရာလေးတစ်ခုရှိတာကြောင့် NTUC Fair Price ဆိုင်ကို မသွားဖြစ်တော့ပဲ Challenger ဆိုင်ကိုသွားလိုက်ကြတယ်။ အိမ်ကကွန်ပြူတာမှာ ဖိုင်တွေဓါတ် ပုံတွေထားဖို့နေရာ မရှိသလောက်ဖြစ်နေလို့ external hard drive တစ်ခုဝယ်ပြီး ငွေချေမယ်လုပ်တော့ “ဆိုင်အသင်းဝင်လား”လို့ ငွေလက်ခံကောင်တာကမေးတဲ့အခါ ဇနီးက “တို့က အသင်းဝင် မဟုတ်ဘူး။ သမီးပဲ အသင်းဝင်ထားတာ”လို့ပြန်ပြောလိုက်တယ်။ သူတို့က သမီးရဲ့ မှတ်ပုံတင်/အိုင်စီအမှတ် တောင်း တာနဲ့ သမီးဆီကို sms ပို့တောင်းပြီး ပေးလိုက်တော့ ၁၀% ပိုက်ဆံသက်သာသွားခဲ့တယ်။

Challenger ဆိုင်မှာရောက်တုန်း laptop တွေလျောက်ကြည့်ကြရင်း သမီးကို ဖုန်းနဲ့လှမ်းပြီး တိုင်ပင်ဖြစ် တယ်။ အိမ်မှာရှိတဲ့ကွန်ပြူတာက စောစောကပြောခဲ့သလို ကဂျီကချောင်များနေပြီမို့ ကွန်ပြူတာ အသစ် တစ်လုံးဝယ်ဖို့ စိတ်ကူးထားတာ ကြာလှပေမယ့် အလုပ်တွေများပြီး စိတ်ကမအားလူလည်းမအားရှိတာနဲ့ အပြင်မသွားဖြစ်ခဲ့တာ။ 

အခုတော့ သမီးနဲ့သားမက်တို့က အိတ်စပိုမှာ ‘အိုင်တီနဲ့လျှပ်စစ်ပစ္စည်းဈေးပွဲတော်’ ရှိတယ် သူတို့လိုက် ပို့ပေးမယ်ဆိုတာနဲ့  Jurong Point ကနေ ရထားစီးပြီး စင်ကာပူအရှေ့ ပိုင်းမှာရှိတဲ့ ‘အိတ်စပို’သွားခဲ့ကြ တယ်။ 'ဘွန်လေး'ဘူတာကနေ ရထားစီးလာကြတာ 'တာနာမေရာ'ဘူတာကိုရောက်တော့ အိတ်စပို နဲ့ လေဆိပ်ကိုသွားမယ့်ရထားကို ပြောင်းပြီးစီးကြရတယ်။  နေ့ ၁ နာရီခွဲလောက်မှာ အိတ်စပိုဘူတာ ကို ရောက်တဲ့အခါ လူတွေက ကြိတ်ကြိတ်တိုးပဲ။


အိတ်စပိုဘူတာမှာတွေ့ရတဲ့ လူအုပ်ကြီး။ (ဓါတ်ပုံ - ဖိုးတာ ၂၆ မေ၊ ၂၀၁၂)

မိမိတို့ဇနီးမောင်နှံက အိတ်စပိုကို နောက်ဆုံးအခေါက် ရောက်ခဲ့တာက ၂၀၀၈ ခုနှစ်ကဖြစ်ပြီး တောင်အာ ဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ မှာကျင်းပခဲ့တဲ့ ဥာဏ်ရည်နိမ့်မသန်စွမ်းမှုကမ္ဘာ့ညီလာခံကိုမသွားခင် ဗွီဒီ ယိုကင်မရာ လာဝယ်ကြတာဖြစ်တယ်။ အိတ်စပိုအနားက လမ်းတစ်ဖက်မှာ shopping mall အသစ်ကြီး တစ်ခုရှိလာလာတာပင် မသိရှိခဲ့ပေ။ သမီးက ပြောပြတော့မှ သိရတာ။ 



အိမ်ရှင်မက အိမ်ပြန်ရောက်တာနဲ့ လက်(ပ)တော့နှင့် တက်ဘလက်ကွန်ပြူတာများကို စမ်းသုံးကြည့်ပါတော့တယ်။


ဘူတာမှာ လူများပြည့်ကျပ်နေသည်ကိုတွေ့ခဲ့ရသလို အိတ်စပိုအဆောက်အဦကြီးထဲသို့ ၀င်သွားတဲ့အခါ မှာလည်း ခြေချစရာမရှိလောက်အောင်ကို လူအုပ်က တိုးဝှေ့နေကြတာပါပဲ။ သမီးနှင့်သားမက်ဖြစ်သူတို့ က နေ့လည်စာ မစားခဲ့ရသေးတာနဲ့ အရောင်းဆိုင်တွေဆီကို တိုက်ရိုက်မသွားကြသေးပဲ စားသောက် ဆိုင်များရှိရာကို အရင်သွားကြတော့ ထိုင်ခုံနေရာအားကို တော်တော်နှင့်ရှာမရဘူးဖြစ်နေတယ်။ မိမိတို့ ဇနီးမောင်နှံကမူ နံနက်စာစားထားတာ နောက်ကျတာကြောင့် ရေငတ်ပြေရန် ရေခဲခြစ်(ice kachang) ပဲစားခဲ့ကြတာ။

စားသောက်ပြီးတဲ့အခါ အရောင်းပြခန်းသို့ သွားခဲ့ကြတယ်။ 
 
ပြခန်းအတွင်းမှာ ဆိုင်ခန်းတွေက အများကြီးပဲ။ ဈေးဝယ်လာတဲ့သူတွေကလည်း ဒင်းကြမ်းပဲ။ 'ဒီပစ္စည်း က သိပ်ကိုကောင်းတာ'ဆိုပြီး ၀ယ်ကြစမ်းပါ ယူကြစမ်းပါလို့ အာဘောင်အာရင်းသန်သန်နဲ့ တစာစာတိုက် တွန်း ဆွဲဆောင်နေကြတဲ့ အရောင်းကိုယ်စားလှယ်တွေရဲ့ မိုက်သံတွေကလည်း ပွက်လောကို ရိုက်လို့ပဲ။ မနက်ကတည်းက နီးနီးနားနား Jurong Point လောက်ပဲ နံနက်စာစားဖို့ လင်ကိုယ်မယားနှစ်ဦးထွက်လာ ခဲ့ကြရာက မိမိတို့နေတဲ့ စင်ကာပူနိုင်ငံအနောက်ပိုင်းကနေ စင်ကာပူနိုင်ငံရဲ့ အရှေ့ ဖျားမှာရှိတဲ့ အိတ်စပို အထိ ရောက်လာခဲ့တာဖြစ်လို့ လူကပင်ပန်းချင်နေပြီ။ ဒါနဲ့ Toshiba laptop တစ်လုံးဝယ်ပြီး ပြန်ခဲ့ကြ တယ်။ 

ဒီတစ်လုံးဝယ်ဖို့ကိစ္စကလည်း ဦးနှောက်အစားသားကလား။ သမီးနဲ့သားမက်တို့က လိုက်ပြပေးတဲ့ ဟိုဘ ရဲန်း ဒီဘရဲန်း (brand)တွေ စုံစေ့အောင် လိုက်ကြည့်ကြရသေးတာ။ အေးစာလား ဒဲလား အိပ်ခ်ျပီလား တိုရှီဘာလား ဘာလားညာလား စုံလို့ပါပဲလေ။ နောက်ပြီး ဈေးနှုန်းတို့၊ ဘာကောင်းတာညာကောင်းတာ တို့၊ မိမိလိုချင်တာ ပြည့်စုံမစုံတို့၊ ဒီဇိုင်တို့၊ အရောင်တို့။ ထားပါတော့။ အဲ နောက်ဆုံးမတော့ တိုရှီဘာနဲ့ စခန်းသိမ်းသွားခဲ့တယ်။ ၀ယ်တာကတော့ လက်ပ်တော့တစ်လုံးပါ။ ဟဲ ဟဲ အလကားရတာတွေကတော့ မနည်းလှပါဘူး။ ကွန်ပြူတာအိတ်ရတယ်။ Tablet PC ရတယ်။ External hard disk ရတယ်။ ကွန်ပြူတာ သုံး ဆေးရည်ရတယ်။  

အိမ်ကိုရောက်တော့ သားက ၀ယ်လာတဲ့အထုတ်တွေဖြေပြီး လက်ပ်တော့ပစ္စည်းတွေ ဆင်ပေးတယ်။ စာရေးသူကတော့ ညက ဟိုလုပ်ဒီလုပ်နဲ့ အိပ်ရေးပျက်ထားတာကြောင့် ကုလာထိုင်မှာ ခြေပစ်လက်ပစ် ထိုင်ပြီး နားလိုက်တော့တယ်။ အမေကြီးနဲ့သားကတော့ ပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေကြလေရဲ့ ။ သားက သူ့အမေကို Tablet PC ဘယ်လိုသုံးရတယ်ဆိုတာ သင်ပေးပြပေးလို့ အမေကြီးက တတ်သမျှမှတ်သမျှ စမ်းပြီးသုံးကြည့်နေလေရဲ့ ။









No comments:

Post a Comment