"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 19, 2012

ဦးသန့် သို့မဟုတ် မီးလျှံထဲက ပန်းတစ်ပွင့် (၂)


၁၉၆၈ ခုနှစ်က ကုလသမဂ္ဂရုံးချုပ်ရှိ သူ၏ရုံးခန်းတွင်တွေ့ ရသည့် ဦးသန့်။ ဓါတ်ပုံ - အင်တာနက်။

ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးနှင့် မြန်မာ့သားကောင်းရတနာဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် (တနင်္လာနေ့) မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဦးသန့်၏အသက်မှာ ၆၅ နှစ်ရှိပြီဖြစ်သည်။


ဦးသန့်သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည်နှင့်အမျှ နေ့စဉ်မပျက် ကျင့်ကြံအားထုတ်သူလည်းဖြစ်သည်။ ဓါတ်ပုံ - အင်တာနက်။


ဦးသန့်မိသားစု (၀ဲမှ- သား တင်မောင်သန့်၊ ဦးသန့်၊ ဇနီး ဒေါ်သိန်းတင်၊ သမီး အေးအေးသန့်။ ဓါတ်ပုံ - အင်တာနက်။


ကုလသမဂ္ဂအဖွဲ့ကြီးမှကမကထပြုလျက် ဦးသန့်၏ရုပ်ကလာပ်အား ကုလသမဂ္ဂရုံးချုပ်တွင် ခန်းခန်းနား နားထားရှိစေပြီး ကမ္ဘာ့နိုင်ငံများစွာတို့မှ ကုလသမဂ္ဂအဖွဲ့ဝင်ကိုယ်စားလှယ်များစွာက အရိုအသေပြု နှုတ် ဆက်ခဲ့ကြ၏။ ထို့နောက် ဦးသန့်၏မိသားစုဆန္ဒအရ ဦးသန့်၏ရုပ်ကလာပ်အား သူအလွန်ချစ်သော အမိ မြန်မာပြည်သို့ပို့ဆောင်သင်္ဂြိုဟ်ရန် စီစဉ်ခဲ့ကြလေသည်။ သူ၏မွေးဇာတိဖြစ်သော အမိမြန်မာပြည်အား ဦးသန့်မည်မျှချစ်ကြောင်းကို အောက်ဖော်ပြပါ သူ၏စကားများက ခိုင်ခိုင်မာမာသက်သေထူနေပါသည်။

“ဟေ့ မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။

မြန်မာဟာ မြန်မာပြည်မှာပဲနေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။

အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေပေမယ့် တစ်နေ့နေ့ကိုယ့်နိုင်ငံကို ပြန်ကိုပြန်ရမယ်။

အခွင့်အရေးတစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။”

 

ရွှေတိဂုံဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံအတွင်းမှ ဦးသန့်၏ဂူဗိမာန်။ ဓါတ်ပုံ - အင်တာနက်။

 

ဂူဗိမာန်ထဲရှိ ဦးသန့်၏အုတ်ဂူ။ ဓါတ်ပုံ - အင်တာနက်။

 

ကြိမ်မီးအုံးသို့ ညှိုးချုံးပူဆွေး

ဦးသန့် ကွယ်လွန်သွားကြောင်းကြားသိရသဖြင့် မြန်မာတစ်နိုင်ငံလုံးနှင့် ကမ္ဘာ့ခေါင်းဆောင်များ မချိတင် ကဲ ၀မ်းနည်းကြေကွဲဖြစ်ခဲ့ကြရသည်။ ဦးသန့် ကွယ်လွန်သွားကြောင်း ကြားခဲ့ရတုန်းက စာရေးသူသည် ကိုယ့်နားကိုပင် ကိုယ်မယုံချင်လောက်အောင် ဖြစ်ခဲ့ရပါသည်။ ၆၅ နှစ်ဆိုသောအရွယ်မှာ မငယ်လှသော် လည်း မကြီးလွန်းသေးဟု ထင်မိပါသည်။ အထူးသဖြင့် ဦးသန့်ကဲ့သို့သော ကမ္ဘာ့ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည့် ပုဂ္ဂိုလ်မျိုး (ယခုခေတ်စကားဖြင့်ပြောရပါလျင် စူပါ့ စူပါမဟာလူသား) မသေသင့်သေးဟု မျှော် လင့်ထားခဲ့မိသည်။ 

 

ကုလသမဂ္ဂအဖွဲ့ကြီး၏ တတိယမြောက်အတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် ကျမ်းသစ္စာကြိမ်ဆိုနေစဉ်။ ဓါတ်င်္ပု - အင်တာနက်။

 

အဘယ့်ကြောင့်ဆိုသော် ဦးသန့်အနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးမှ တရားဝင်အနားယူ သွားသော်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆက်လက် ဆောင်ရွက်နိုင်ဦးမည်မှာ သံသယရှိဖွယ် မလိုပါချေ။ သာဓကအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအန်နန် (Kofi Annan) သည် UN-Arab League ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီး နှင့်အာရပ်လိ(ဂ်)တို့ကို ကိုယ်စားပြုလျက် ဆီးရီးယားပြည်တွင်းရေးအကျပ်အတည်းအား ဖြေရှင်းပေး လျက် ရှိသည်မှာ သိကြသည့်အတိုင်းပင်ဖြစ်၏။  

ကုလသမဂ္ဂအဖွဲ့ကြီး၏ ၆၇ နှစ်သက်တမ်းတစ်လျှောက်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်ခဲအနက် ရှိုင်းဆုံးသောပြသနာများစွာကို ဦးသန့် အတွင်းရေးမှူးချုပ်တာဝန်ယူနေချိန်တွင် ကြုံတွေ့ခဲ့ရသည်ဖြစ်၏။ ကမ္ဘာ့ငြိမ်းချမ်းရေးအား အခြိမ်းခြောက်ဆုံးဖြစ်ခဲ့သည့် ထင်ရှားသောဖြစ်ရပ်အချို့ မှာ (က) ဖီဒယ်ကတ် စ်ထရို၏ကျူဘားနိုင်ငံ ဆိုဗီယက်ယူနီယံက ဒုံးကျည်များ (medium and intermediate range ballistic missiles) ကို လှို့ဝှက်တပ်ဆင်ထားရှိသဖြင့် အမေရိကန်ရေတပ်သဘောင်္များက ပိတ်ဆို့ဝန်းရံ ထားလေရာ  ဆိုဗီယက်ယူနီယံနှင့်သူ၏သြဇာခံဆိုရှယ်လစ်နိုင်ငံများကစစ်သဘောင်္များ ကျူဘားနိုင်ငံသို့ စေလွတ်တေ့ဆိုင်စေခြင်းဖြင့် အနုမြူစစ်ပွဲဖြစ်မည့်အန္တရာယ်ကြီး၊ (ခ) မီးဟုန်းဟုန်းတောက်နေသည့် အ မေရိကန်နှင့်ဗီယက်နမ်စစ်ပွဲကြီး၊ (ဂ) အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်စစ်ပွဲများ (ဃ) အာဖရိကမှ ကွန်ဂို နိုင်ငံပြည်တွင်းစစ်ကြီး စသည်တို့ဖြစ်ကြ၏။

 

ကျူဘားနိုင်ငံ၏တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကတ်စ်ထရို(၀ဲ)နှင့် ဦးသန့်။ ဓါတ်ပုံ - အင်တာနက်။

 

စစ်အေးကာလတုန်းက ဦးသန့်နှင့် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ(၀ဲ)။ ဓါတ်ပုံ - အင်တာနက်။

 

ဦးသန့်နှင့် စစ်အေးကာလ၏ထင်ရှားသောခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဆိုဗီယက်ဝန်ကြီးချုပ် ကရူးရှက်ဖ်(ယာ)။ ဓါတ်ပုံ - အင်တာနက်။

 

ကမ္ဘာ့ငြိမ်းချမ်းရေးအား အန္တရာယ်ကြီးမားစွာ ခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်များကို ရဲရဲရင့်ရင့်ဖြင့် တည်ငြိမ် အေး ချမ်းစွာဖြေရှင်းပေးနိုင်ခဲ့သော ဦးသန့်၏လုပ်ဆောင်ချက်များကို ထိုစဉ်က ကုလ သမဂ္ဂအ ဖွဲ့ကြီး၏ လက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ ‘ဘရိုင်ယံ အာကူဟတ်’က “အဲဒီလို ကမ္ဘာမှာ အလွန်အရေးကြီး တဲ့ အကျပ်အတည်းတွေဖြစ်ပွားနေချိန်မှာ ဦးသန့်ဟာ သူရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှု အာဏာစက်ကျဉ်း ကျဉ်းလေး (limited constitutional authority) ထဲကနေ ဘေးအန္တရာယ်ဆိုးကြီးတွေ မကျရောက် ရလေအောင် အကောင်းဆုံးကြိုတင်တားဆီးနိုင်ခဲ့ ပါတယ်”ဟု ပြောခဲ့လေသည်။

သို့တစေ သူ့အတွက်သော်မူကား …   

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နေ့မအား ညမအား ကြိုးပမ်းဆောင်ရွက်ခဲ့သည့်ဦးသန့်သည် လူပေါင်းများ စွာတို့ကို သွေးမြေကျသေဆုံးမှုမှ အောင်မြင်စွာကာကွယ်ပေးနိုင်ခဲ့သော်လည်း သူ ကွယ်လွန်သွားပြီး နောက် သူ၏ရုပ်ကလာပ်ကို သူချစ်သောအမိမြေသို့ယူဆောင်သွားတော့မှ သူ့ကိုချစ်ကြသည့်မြန်မာပြည် သူများ သွေးမြေကျဖြစ်ခဲ့ကြရသည်မှာ ရင်နာစဖွယ်ပင်ဖြစ်တော့၏။

 

ပြည်တော်ပြန်ဦးသန့်

ဦးသန့်ကွယ်လွန်ကြောင်းကြားသိရသဖြင့် ပူဆွေးနှမြောတသဖြစ်နေကြရသော မြန်မာပြည်သူပြည်သား တို့သည် ၁၉၇၄ ခုနှစ်ဒီဇင်ဘာလ ၁ ရက်နေ့ (တနင်္ဂနွေနေ့)တွင် ဦးသန့်၏ရုပ်ကလာပ်အား သူချစ်သော မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမည်ဟု ကြားသိရကတည်းက လေဆိပ်သို့သွားရောက်ကြိုဆို လိုသူကြသူ များ၊ လမ်းတလျောက်မှာ စောင့်မျှော်ကြိုဆိုလိုကြသူများ၊ ရုပ်ကလာပ်ထားရှိမည့် ကျိုက္ကဆံ ကွင်းထဲသို့ သွားရောက်ကြည့်ရှု ဂါရ၀ပြုလိုကြသူများ၊ ပန်းခွေချအလေးပြုလိုကြသူများ စသဖြင့် အားလုံး စိတ်လှုပ်ရှားစွာ မျှော်လင့်တကြီးဖြစ်ခဲ့ကြရလေသည်။ လမ်းတွေပေါ်မှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ဘတ် စ်ကားတွေပေါ်မှာ၊ အလုပ်ထဲမှာ၊ ယုတ်စွအဆုံး မိသားစုထမင်းဝိုင်းတွေမှာပါ ဒီအကြောင်းမှလွဲပြီး ဘာအ ကြောင်းကိုမှ မပြောဖြစ်ကြလေတော့။ ပြီးတော့ မေးခွန်းပေါင်းများစွာ ….

မြန်မာနိုင်ငံသား အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်

ဦးသန့်၏ရုပ်ကလာပ်အား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမယ်

လူတွေက လေဆိပ်သို့သွားကြိုကြမှာတဲ့၊ အစိုးရက ခွင့်ပြုပါ့မလား

ဦးသန့်လို နိုင်ငံ့သားကောင်းတစ်ဦး ကမ္ဘာ့သားကောင်းတစ်ဦးကို အစိုးရက ဘာဖြစ်လို့ မကြိုရမှာလဲ

ဦးနေ၀င်းက ဦးသန့်အပေါ် မနာလိုဘူးတဲ့၊ အာဃာတရှိနေတာတဲ့

ရုပ်ကလာပ်ကို ဘယ်လမ်းတွေကနေ ကျိုက္ကဆံကွင်းထဲသယ်မှာမို့လဲ

နိုင်ငံတော်ဈာပနလုပ်ရမှာပေါ့

စသဖြင့် စသဖြင့် လူတွေက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်သွယ် ပြောနေခဲ့ကြသည်။

စာရေးသူကိုယ်တိုင်မှာလည်း ဆေးရုံတွင်အလုပ်လုပ်နေရပေမယ့် စိတ်ကမူ ဦးသန့်၏ရုပ်ကလာပ်အား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမည့်ကိစ္စကို တချိန်လုံးစိတ်ရောက်နေမိခဲ့သည်။ လေဆိပ်သို့ သွားကြိုဖို့ဆိုရန်မှာလည်း ထိုခေတ်ထိုအခါက လွယ်ကူသောအလုပ် မဟုတ်ပါချေ။ သို့ဖြင့် မိမိသည် ဦးသန့်၏ရုပ်ကလာပ်သယ်ဆောင်ရာလမ်းတနေရာမှသာ ကြိုဆိုနိုင်ခဲ့ပါ၏။  

 

 

ဆက်ပြီးစောင့်မျှော်ဖတ်ရှုရန် ....

ဦးသန့် ၏အုတ်ဂူဘေးမှ ပြည်သူ့ တရားရုံး

မဆလ-သမ္မတဦးနေ၀င်းသို့ ကျောင်းသားများ၏ သေဒဏ်အမိန့်

ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းမှာ ဖြစ်သလိုထားရှိသည့် ဦးသန့်၏ရုပ်ကလာပ် 

ဦးနေ၀င်းက ဦးသန့်၏ရုပ်ကလာပ်ကို ကြံတောသုဿန်မှာပဲ မြှုပ်နှံရန်အမိန့်ပေးခဲ့

ဦးသန့်၏ရုပ်ကလာပ်ကို ကျောင်းသားတွေ လုယူမည့်သတင်း

ပင်မတက္ကသိုလ် (မိန်း) ထဲသို့ ဦးသန့်၏ရုပ်ကလာပ်ကို ယူဆောင်သွားကြပြီ

 

 

 

 

No comments:

Post a Comment