"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, May 29, 2012

ဦးသန့် သို့မဟုတ် မီးလျှံထဲက ပန်းတစ်ပွင့် (၃)

ဦးသန့်၏ရုပ်ကလာပ်အား နိုင်ငံတော်အစိုးရမှ လေဆိပ်တွင် တခမ်းတနားကြိုဆိုလိမ့်မည်ဟု  မြန်မာပြည် သူပြည်သားတစ်ရပ်လုံးက မျှော်လင့်ထားခဲ့ကြသော်လည်း တကယ်က ဖြစ်သင့်သည့်အတိုင်းဖြစ်မလာ ခဲ့။ ဒီအတွက် မြန်မာပြည်သူပြည်သားတစ်ရပ်လုံးက များစွာစိတ်မကောင်းဖြစ်ခဲ့ကြရ၏။ ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့တွင် ဦးသန့်၏ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသောအခါ နိုင်ငံတော်အစိုးရမှ လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် တခမ်းတနားမကြိုဆိုသည့်အပြင် ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းအတွင်း ၌ ဂုဏ်ပြုထိုက်တန်သည့်ဈာပနအပြင်အဆင်ဖြင့် မထားရှိပဲ ဖြစ်ကတတ်စမ်းမဏ္ဍပ်ငယ်လေးတစ်ခု ပြီးစ လွယ်ဆောက် ပေးပြီး ကြက်ခြေနီလူငယ်အချို့  အစောင့်ချထားစေခဲ့၏။

ဤတွင် ရဟန်းသံဃာတော်များ တက္ကသိုလ်ကျောင်းသားများနှင့်မြန်မာပြည်သူပြည်သားအားလုံးတို့၏ ရင်ထဲမှာ ဒေါသ အစိုင်အခဲဖြစ်လာတော့၏။ 


ဦးသန့်၏ရုပ်ကလာပ်ထားရှိရာ ရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အဦ၀င်းအတွင်းမှာ ရဟန်းသံဃာတော်များ စောင့်ကြပ်နေစဉ်။ ဓါတ်ပုံ - အင်တာနက်။


တစ်ဖန် ဦးသန့်၏ဂုဏ်ရှိန်မြင့်မားမှုနှင့်ကျော်ဇောထင်ရှားခြင်းတို့အပေါ် မနာလိုဖြစ်ပြီး ဒေါသူပုန်ထနေ သည့် သမ္မတဦးနေ၀င်းက အစိုးရအဖွဲ့မှဝန်ကြီးများ လေဆိပ်ကို သွားမကြိုကြရ၊ ဈာပနကို ကြီးကျယ်ခမ်း နားစွာ မလုပ်ကြရ၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြံတောသချိင်္ုင်းမှာပဲ သာမန်သူများအတိုင်း သင်္ဂြိုလ်စေ လို့ ကောက်ကျစ်စဉ်းလဲစွာအမိန့်ထုတ်ထားကြောင်း ကြားသိရသောအခါ ရဟန်းသံဃာတော်များကျောင်း သားများနှင့်မြန်မာပြည်သူပြည်သားအားလုံးတို့၏ ရင်ထဲမှ ဒေါသအစိုင်အခဲသည် အဆများစွာပိုမို၍ ကြီး ထွားလာ ရတော့ပြီ။ ပိုလို့ဆိုးသည်မှာ ဦးသန့်၏အုတ်ဂူအား ကြံတောသချိင်္ုင်းမှာရှိသော ဦးနေ၀င်း၏ချစ် ဇနီး ဒေါ်ခင်မေသန်းအုတ်ဂူ၏ခြေရင်းမှာ နေရာပေးလျက် သိမ်ငယ်စွာမြှုပ်နှံစေရမလားဆိုပြီး ကြိတ်မနိုင် ခဲမရဖြစ်နေသည့် ပြည်သူ့ဒေါသအိုးကြီး ထိမ်းသိမ်းမရနိုင်ပဲ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲခဲ့လေတော့ သည်။ 


ဦးသန့်နှင့် သူ၏မိခင်ကြီး။ ဓါတ်ပုံ - အင်တာနက်။


ဒီကိစ္စနှင့်ပတ်သက်ပြီး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်(ယခု NLD ခေါင်းဆောင်ကြီး)အား ‘ဦးသန့် နှစ် ၁၀၀ ပြည့်မွေးနေ့’အထိမ်းအမှတ်အဖြစ် ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းရာတွင် ဆရာ ကြီးဦးဝင်းတင်မှ အောက်ပါအတိုင်းပြောခဲ့သည်ကို မှတ်သားရဖူးပါ၏။

“ ဦးသန့်လိုပုဂ္ဂိုလ်မျိုးဟာ ဗမာပြည်အတွက်၊ ဗမာတယောက်အနေနဲ့သိပ်ကို ဂုဏ်ယူစရာ ကောင်းတယ်၊ နောက်ပြီး အလွန်ကိုထိုက်ထိုက်တန်တန်နဲ့ ကမ္ဘာ့ အရေးကိုတောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်အလောင်းကို ကြိုတာတောင်မှ ကြိုဖို့ခွင့်မပေးဘူး၊ ဘယ်သူ့ကိုမှ မပြောဘူး။ ကြားတာတခုကတော့ အဲဒီအချိန်က ဦးနေဝင်းက ငပလီမှာရှိနေတယ်ပြောတယ်ဗျ။ ဒီကသံရုံးတွေက သွားကြိုချင်တော့ ဘယ်သူကြိုမှာလဲ မေးတော့ သူက မင်းတို့ ကြိုချင်ကြို ငါဘာမှလုပ်စရာမရှိဘူးကွာ လို့ပြောတယ်တဲ့။ သူအဲလိုပြောလိုက်တော့ အားလုံးက သူ့ရဲ့စိတ်သဘောကိုသိပြီ။ 
အဲဒီမှာ ဘယ်သူကမှ ဘာမှမလုပ်ရဲတော့ဘူး။ 

နောက်ဆုံးပိတ်ကျတော့ ပညာရေးဒုဝန်ကြီးဦးအောင်ထွန်းဆိုတာ ကျနော့်သူငယ်
ချင်းပါပဲ၊ သူ့ကို တာဝန်ပေးလိုက်တယ်တဲ့။ သူကလည်း တွေးတာပေါ့ဗျာ။ ဒီလိုနေရာ က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ရမယ့်နေရာမှာ ကောင်းကောင်းလုပ်မယ်ဆိုပြီး အနောက်တိုင်းဝတ်စုံတွေ ဘာတွေဝတ်ပြီး နက္ကတိုင်နဲ့ဘာနဲ့ ကျကျနနသွားတာဗျ။ ဒါပေ 
မယ့် ဦးသန့်ရဲ့ အလောင်းကိုကြိုမိလိုက်တာနဲ့ အဲဒီဝန်ကြီးလည်း ပြုတ်ရောဗျ။ 

အဲဒါကိုပြည်သူလူထုသိတာနဲ့ ဒီလိုဂုဏ်ယူစရာကောင်းတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင် လုပ်တယ်ဆိုပြီး မကျေနပ်တော့ ကျောင်းသား ပြည်သူအများက ဦးသန့်အလောင်းကြီး 
ကို အတင်း ကျိုက္ကဆံကွင်းကနေ လုကြတာ။

ပထမကြားတာက ဒေါ်ခင်မေသန်းရဲ့ ခြေရင်းမှာမြှုတ်ဖို့တောင် စီစဉ်ထားတာလို့ ကြား 

တာပဲ။ ဟုတ်မဟုတ်တော့ မသိဘူးဗျ။ ကြံတောမှာပေါ့။ အဲဒီမှာ တက္ကသိုလ်ဝင်းထဲကိုသယ် 
ပြီး ဆန္ဒပြပွဲ ဖြစ်တော့တာပဲ။ 

ဒါက ဘာပြလဲ ဆိုတော့ ဒီစစ်တပ်က အုပ်ချုပ်သူတွေဟာ အမြဲတမ်း သူတို့ထင်သလို လုပ်သမျှ ဖြစ်တယ်လို့ ထင်တယ်။ ခုလို ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင်လုပ် 
ချင်တယ်။ အလေးမထားချင်ဘူး၊ ဂုဏ်ပျက်အောင် လုပ်ချင်တယ်။ အဲဒီအတွက် ကြီး 
စွာသော တုန့်ပြန်မှုရတယ်ဆိုတာကို ဘယ်တော့မှ နမူနာ မယူဘူး။


နောက်တခုက ဦးသန့်အရေးအခင်းနဲ့ ပတ်သက်တာပေါ့။ ဒါလူတိုင်းသိတဲ့ကိစ္စပါ။ အများ
ကြီး မပြောချင်တော့ဘူး။ တခုပြောချင်တာက ပြည်သူလူထုဟာ တန်ဖိုးထားရမယ့်သူကို တန်ဖိုးထားရမယ်ဆိုတာ ဘယ်တော့ပဲဖြစ်ဖြစ် သိတယ်ဗျ။ အထူးသဖြင့် ဗမာပြည်သူလူ ထုပေါ့။ နောက်တခုက ဒီလိုလူတွေနဲ့ပတ်သက်ပြီး မထိုက်တန်တဲ့ အပြုအမူမျိုးကို လုပ်တော့ ပြည်သူလူထုက သိပ်ပြီး ဒေါသထွက်တယ်၊ မကြိုက်ဘူးဗျ။ ဒီတော့ ဒီဟာနဲ့ ပတ်သက်လာရင် အမြဲ တုန့်ပြန်တယ်။ ဒီအရေးအခင်းဟာ ဒီသဘောထားကို ထင်ထင်ရှား ရှား ပြလိုက်တာပဲ။

 

ရန်ကုန်တက္ကသိုလ်ကျောင်းသား မောင်သန့် (၁၉၂၇)။ ဓါတ်ပုံ - အင်တာနက်။


ဦးနေ၀င်း၏ ပုဂ္ဂိုလ်ရေးအာဃာတကြီးလွန်းမှု မလိုမုန်းထားရှိလွန်းမှုများကို တနေ့တခြားပိုမို သိရှိလာ ကြသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုတရပ်လုံးသည် ကျောင်းသားများ၏နိုးကြား တက်ကြွသောဦးဆောင်မှုဖြင့် ဟုန်းဟုန်းထမျှ တစ်စိတ်တစ်ဝမ်းတည်းလှုပ်ရှားခဲ့ကြသည်ကို မျက်မြင် ကိုယ်တွေ့ရသဖြင့် မိမိမှာ ကြက်သီးမွေးညင်းထသည်အထိ ၀မ်းမြောက်ပီတိခံစားခဲ့ရပါသည်။ ပြည်သူ ထဲကပြည်သူတစ်ဦးဖြစ်သော မိမိသည်လည်း အများနည်းတူ တတတ်တအား ပါဝင်ဆင်နွှဲခဲ့ပါသည်။ အားပေးထောက်ခံခဲ့ပါသည်။

ဦးသန့်၏ရုပ်ကလာပ် သယ်ယူသည့်နေရာ၊ ဦးသန့်၏ရုပ်ကလာပ်အား ကျောင်းသားများက လုယူခဲ့ကြ သည့်နေရာ၊ ဦးသန့်၏ရုပ်ကလာပ် ယာယီထားရှိရာဘွဲ့နှင်းသဘင်ခန်းမ၊ ဦးသန့်၏ရုပ်ကလာပ်အား မြှုပ်နှံ သင်္ဂြိုလ်ရာ ကျောင်းသားသမဂ္ဂအဆောက်အဦဟောင်းနေရာ၊ ကျောင်းသားများနှင့် ရဟန်းသံဃာတော် များက နိုင်ငံရေးတရားဟောပြောရာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဝင်းအတွင်းရှိနေရာများစွာတို့နှင့် လှုပ်ရှားမှုများကို နေစဉ်မပျက် သွားရောက်ခဲ့ ကြည့်ရှုခဲ့ လေ့လာခဲ့ မှတ်သားခဲ့ အားပေးခဲ့ပါ၏။ 

ယခုအချိန်မှ ပြန်ပြောင်းတွေးတောကြည့်လျင် ဦးသန့်အရေးအခင်းကြီးဟူသော မြန်မာ့သမိုင်းဝင်ဖြစ် ရပ်ကြီးတွင် ပြည်သူပြည်သားတစ်ဦးအနေဖြင့် ပါဝင်အားပေးနိုင်ခဲ့သည်ကို ၀မ်းမြောက်ပီတိဖြစ်ရပါ၏။ ယခုကဲ့သို့ မိမိ မြင်ကြားသိရှိသမျှတို့ကို မျိုးဆက်သစ်လူငယ်များအား တဆင့်ပြောပြခွင့်ရခြင်းအတွက် လည်း ကျေနပ်မိပါ၏။

သမိုင်းပါမောက္ခ ဆရာကြီးဒေါက်တာဦးသန်းထွန်း တိတိပပ သတိပေးမှာကြားခဲ့သည့်အတိုင်း သမိုင်း မသိသဖြင့် မျိုးဆက်သစ်တို့ မအ,ကြစေရန် မိမိတို့မျိုးဆက်ဟောင်းတို့တွင် တာဝန်ရှိနေပါသည်။   




ဈာပနကော်မတီဖွဲ့စည်းပြီ

 အစိုးရမှ နိုင်ငံတော်ဈာပနအခမ်းအနားမပြုလုပ်ပဲ ဦးသန့်၏ရုပ်ကလာပ်အား ကြံတောသချိင်္ုင်းတွင် ဖြစ် ကတတ်ဆန်း သင်္ဂြိုလ်မည်ကိုကြားသိရသောကျောင်းသားတို့သည် ဈာပနကော်မတီကို အလျင်အမြန် ဖွဲ့စည်းလိုက်ကြတော့၏။ သင်္ဂြိုလ်မည့်နေ့တွင် ဦးသန့်၏ရုပ်ကလာပ်ထားရှိရာ ကျိုက္ကဆံမြင်းပြိုင်ကွင်း တွင် ကျောင်းသားအားလုံးစုရုံးကြမည်၊ ကျောင်းသားကိုယ်စားလှယ်များ ကြိုတင်ငှားရမ်းထားမည့် ဘတ် စ်ကားများဖြင့် ဦးသန့်၏အသုဘကို နောက်ဆုံးအနေဖြင့် ဂါရ၀ပြုပို့ဆောင်နှုတ်ဆက်ကြမည် စသဖြင့်စီ စဉ်ထားခဲ့ကြသည်။ 

သို့သော် ကျောင်းသားများအား ဘတ်စ်ကားမငှားကြရန် အစိုးရမှတားမြစ်ထားသဖြင့် အသုဘချမည့်နေ့ သို့ရောက်သောအခါ တက္ကသိုလ်ပေါင်းစုံမှကျောင်းသားများသည် အစီအစဉ်ပြောင်းကာ ကြုံရာဒေါ့ဂျစ် ကားများကို လက်လှမ်းမီသလိုငှားကြပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဝင်းထဲသို့ တစုတဝေးရောက် လာခဲ့ကြတော့၏။

ကျောင်းသားအဖွဲ့များတက္ကသိုလ်ဝင်းထဲသို့တဖွဲ့ပြီးတဖွဲ့အုပ်စုလိုက်ရောက်လာတိုင်း ရောက်နှင့်ပြီးကျောင်း
သားကျောင်းသူများနှင့် ပြည်သူလူထုကြီး သြဘာလက်ခုပ်သံများ ကျယ်လောင်မြည်ဟီးစွာတီးလျက် ကြို ဆိုကြသည့်မြင်ကွင်းမှာ ယနေ့တိုင် မျက်စေ့ထဲမှမေ့ပျောက်ဖွယ်ရာ မရှိနိုင်ပါချေ။

ရဲရင့်တက်ကြွသည့် ကျောင်းသားများ၊

တာဝန်သိသိဖြင့် စည်းကမ်းရှိသည့် ကျောင်းသားများ၊

ပြည်သူတို့အရေးကိုအသက်ပေး၍ဖော်ထုတ်ကာကွယ်စောင့်ရှောက်ရန်ဦးမလေးသည့်ကျောင်းသားများ၊

နိုင်ငံ၏သေရေးရှင်ရေးကိစ္စများအတွက်သူတို့၏ပညာရေးနှင့်ဘ၀ကိုပေးဆပ်ရန်အသင့်ရှိနေကြသည်
ကျောင်းသားများ၊

နိုင်ငံနှင့်လူမျိုး၏ တစ်ခုတည်းသောအင်အားအရင်းအဖြစ်သည့် မျိုးဆက်သစ်ကျောင်းသားများ၊

ကြည့်ပါ။

ယခု သူတို့အားလုံးသည် ခေတ်အဆက်ဆက်မှာ နိုင်ငံ၏ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေး ခဲ့သော ဘူမိနက်သန် အမိတက္ကသိုလ်ကြီး၏ရင်ခွင်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ 

သူတို့၏ နီရဲသောသွေးများဖြင့် သမိုင်းကို ရေးကြပေတော့မည်။ 


ကျောင်းသားသမဂ္ဂ အဆောက်အဦ။ ဓါတ်ပုံ - အင်တာနက်။




တက္ကသီလာ မြကျွန်းသာ

ဦးသန့်အရေးအခင်းကာလမှ ပြန်ကြည့်သော် လွန်ခဲ့သော ၁၂ နှစ်ကျော် ဆဲဗင်းဇူလိုင်အရေးအခင်း (၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်) မတိုင်မီက ရေတမာပင်တွေ စိန်ပန်းတွေ ကံ့ကော်ပန်းတွေ သစ်ပုတ်ပင် ခုံတန်းလျားရှည် အဓိပတိလမ်း ဘွဲ့နှင်းသဘင်ခန်းမ ကျောင်းသားသမဂ္ဂအဆောက်အဦ ဆရာဆရာမ များ ကျောင်းသူကျောင်းသားများ စသည်တို့ဖြင့် လှပဝေဆာပြီး ငြိမ်းချမ်းလှသည့် ‘တက္ကသီလာ မြကျွန်း သာ’အမိတက္ကသိုလ်ကြီးသည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ကျည်ဆံများ ရမ်းငွေ့များ သေနပ်သံ များ ကျောင်းသူကျောင်းသားများနှင့်ပြည်သူလူထုများ၏သွေးများ ပထမဆုံးအကြိမ် ရင်နာဖွယ်ရာ စွန်းထေးခဲ့ရပြီး ယခုတစ်ကြိမ်လည်း ဒုတိယမြောက် ကြေကွဲဖွယ် စွန်းထေးခဲ့ရပြန်လေပြီ။

သြော် အဖြစ်ရယ်က ရာဇ၀င်ရိုင်းလွန်းလှပေစွ။    


ဘွဲ့နှင်းသဘင်ရှေ့ ရောက်ပြီ

ကျောင်းသားများလုယူလာသည့် ဦးသန့်၏ရုပ်အလောင်းထည့်ထားသော သတ္တုခေါင်းတလား (အလူမီနီ ယံဟုထင်ရ)ကြီး ဘွဲ့နှင်းသဘင်ခန်းမကြီးရှေ့  ရောက်ရှိလာသောအခါ တက္ကသိုလ်ဝင်းအတွင်း နေရာအ နှံ့မှာ ကျောင်းသားများ၊ ရဟန်းပျိုအချို့ နှင့်လူထုပရိသတ်များဖြင့် အုန်း အုန်းကျွက်ကျွက် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိနေပါသည်။ ဓါတ်ပုံရိုက်သူများကလည်း ရိုက်နေကြ၏။ ဘွဲ့နှင်းသဘင်ခန်းမကြီးအတွင်း ဦးသန့်၏ရုပ်ကလာပ်အား ယာယီထားရှိစဉ် စာရေးသူနှင့်မိတ်ဆွေတစ်ချို့  သွားကြည့်ခဲ့ကြရာမှာ ငိုအား ထက် ရယ်အားသန်ရသောအဖြစ်နှင့် ကြုံခဲ့ရသေး၏။ ဘွဲ့နှင်းသဘင်ခန်းမ ကြီးအတွင်းသို့ ဧရာမလူအုပ် ကြီးက ပခုန်းချင်းတိုက်ကာ တိုးဝင်တိုးထွက်လုပ်နေကြရသည်။ တိုးရင်းဝှေ့ရင်းဖြင့် လမ်း ဟုတ်တိပတ် တိမလျောက်ရပဲ အထဲသို့ ရောက်သွားတတ်သလို တိုးရင်းဝှေ့ရင်းဖြင့်ပင် အောက်ကို ခြေမကျတကျဖြင့် အပြင်ဖက်သို့ ပြန်ရောက်ခဲ့ကြရတော့၏။

ယင်းသို့သောအခြေအနေမျိုးတွင် တစ်ဖက်မှလည်း စစ်တပ်က အချိန်မရွေးဝင်လာနိုင်သဖြင့် ကျီးလန့်စာ စားဖြစ်နေကြရစဉ် တစ်စုံတစ်ယောက်၏ ထိပ်လန့်တကြားအော်ဟစ်သံကြောင့် ဘွဲ့ နှင်းသဘင်ခန်းမ ကြီးထဲမှလူများ ကရောသောပါး တိုးဝှေ့ပြေးထွက်ကုန်ကြပါသည်။ စာရေးသူတို့အားလုံး ချွေးများဖြင့်စို့ နစ်နေကြပြီး ဖိနပ်မပါလာသူ မပါ၊ နာရီကျွတ်ကျခဲ့သူကျနှင့်။ စာရေးသူ၏မိတ်ဆွေတစ်ဦးမှာ ခန်းမကြီး ၏အပြင်ဖက်သို့ ရောက်သောအခါ ဖိနပ်ကော လုံချည်ပါ ပြန်၍ မပါလာခဲ့တော့ပေ။    



ဘွဲ့နှင်သဘင်ခန်းမမှ သမဂ္ဂအဆောက်အဦဟောင်းသို့

ဦးသန့်၏ရုပ်ကလာပ်သည် ဘွဲ့နှင်းသဘင်ခန်းမကြီးထဲ၌ ရက်ကြာကြာ မနေလိုက်ရပေ။   

ကြံတောသုသာန်ထက်ပိုမိုကောင်းမွန်သောနေရာအား အစိုးရမှ ပြောင်းလဲသတ်မှတ်ချပေးခြင်းမရှိသဖြင့် ကျောင်းသားများဈာပနကော်မတီသည် ဦးသန့်၏ရုပ်ကလာပ်အား ၁၉၆၂ ခုနှစ် ဦးနေ၀င်းစစ်အစိုးရ အာ ဏာသိမ်းစဉ်တုန်းက ဒိုင်းနမိုက်ဖောက်ပြီး ဖျက်ဆီးပစ်လိုက်သည့် မန္တလေးဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကျောင်းသားသမဂ္ဂအ ဆောက်အဦးဟောင်းနေရာတွင် ခြုံနွယ်ပိတ်ပေါင်းများကိုရှင်းလင်းကာ အုတ်ဂူ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြတော့၏။ အုတ်ဂူကို ရန်ကုန်စက်မှုတက္ကသိုလ်(RIT–Rangoon Institute of Technology) ကျောင်းသားများကပင် ဒီဇိုင်းရေးဆွဲပေးကြောင်း သိရှိရပါသည်။ 

    


ဆက်ပြီးစောင့်မျှော်ဖတ်ရှုရန် ....

ဦးသန့် ၏အုတ်ဂူဘေးမှ ပြည်သူ့ တရားရုံး

မဆလ-သမ္မတဦးနေ၀င်းအတွက် သေဒဏ်အမိန့်





No comments:

Post a Comment