"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, April 18, 2014

မှတ်မိပါသေးတယ် ရွှေဘုံသာလမ်းကိုကွယ်






၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်



၁၉၈၁ ခု နှစ်လည်လောက်တွင် မိမိသည် မော်လမြိုင်မြို့ ရှိ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်မြိုရှိ ကြည့်မြင်တိုင်အရိုးရောဂါအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ ခဲ့ပါသည်။

မိသားစုအား ဇနီး၏ဇာတိဖြစ်သော မုဒုံတွင် သူ၏အဖွားအိမ်မှာထားခဲ့ပြီး မိမိက အရင်ပြောင်းသွားကာ ငှား နေဖို့ အိမ်ရှာရသည်။ အိမ်ထောင်ကျပြီး ၂ နှစ်ကျော်အရွယ် သမီးလေးတစ်ယောက်ရချိန် လက်ထဲမှာ ငွေပို မရှိပဲ ရန်ကုန်သို့ တောင်းပြီးပြောင်းရွေ့ ခဲ့ခြင်းဖြစ်၏။ မိမိအနေဖြင့် မော်လမြိုင်မှ ရန်ကုန်သို့ပြောင်းရွေ့ ရန် ကျန်းမာရေးဦးစီးဌာနသို့ စာရေးလျောက်ထားခဲ့ပြီး ရန်ကုန်ရှိမိတ်ဆွေများက ကျန်းမာရေးဦးစီမှတာဝန်ရှိသူ အရာရှိအမျိုးသမီးတစ်ဦး (သူ့အမည်ကို ဒေါ်သိန်းဦးဟု မှတိမိနေသည်။)အား မကြာမကြာနားပူနားဆာသွား ပြီး လုပ်ပေးကြသဖြင့် ပြောင်းရွေ့ ခွင့်ရလာခြင်းဖြစ်သည်။ 

မိမိ ရန်ကုန်သို့ပြောင်းရွေ့ ခြင်းနှင့်ပတ်သက်ပြီး ရင်းနှီးသောမိတ်ဆွေအချို့ က စိတ်ပူပန်မှုရှိခဲ့ကြ၏။ ရသည့် ၀န်ထမ်းလစာလေးဖြင့် အဆင်မပြေဖြစ်မှာ စိုးရိမ်ကြခြင်းဖြစ်၏။ သို့ဖြစ်ရာ အချို့ က ရန်ကုန်မပြောင်းပဲ မိမိ အခြေကျပြီးဖြစ်သော မော်လမြိုင်တွင်သာ ဆက်နေသွားရန် စိတ်ကောင်း စေတနာကောင်းဖြင့် အကြံပေး ခဲ့ကြလေသည်။


ယင်းသို့ မိမိအားအကြံပေးကြသူများတွင် ကလေးခွဲစိပ်အထူးကုဆရာဝန်ကြီးလည်းဖြစ် မော်လမြိုင် ဆေးရုံ ခွဲဆေးရုံအုပ်ဖြစ်သူ ဒေါက်တာဦးတင်စိုးလည်း အပါအ၀င်ဖြစ်သည်။ ဆရာဦးတင်စိုးသည် ထိုစဉ်က ဒေါက် တာတင်စိုး(ကလေးခွဲစိတ်)ဟူသောကလောင်အမည်ဖြင့် သတင်းစာနှင့်မဂ္ဂဇင်းများမှာ ဆေးပညာပေး ဆောင်းပါးများ ရေးနေပါသည်။ ဒေါက်တာဦးတင်စိုးက မိမိသည် မော်လမြိုင်မှာ အနေကြာလာပြီး ဒေသခံ မိတ်ဆွေများရှိနေပြီ၊ ပါတီကောင်စီမှလူကြီးများနှင့်လည်း သိနေပြီဖြစ်ရာ မော်လမြိုင်တွင် အခြေချရန်အ ကောင်းဆုံးဟု အကြံပေးပါသည်။ သို့သော် မိမိက မိတ်ဆွေ အားလုံးကို တစ်ခုတည်းသောအဖြေသာ ပေးခဲ့ ပါသည်။ ယင်းမှာ


ရန်ကုန်ကိုပြောင်းရွေ့ လိုခြင်းမှာ ရန်ကုန်တွင်အခြေချနေထိုင်လိုသောကြောင့်မဟုတ်။ နိုင်ငံခြားသို့ သွား ရောက်အလုပ်လုပ်ကိုင်ရန်ပြင်ဆင်ဖို့ဟူ၍။ ငွေရေးကြေးရေးအရအတွက်မူ နိုင်ငံခြားမထွက်ရမီ တစ်လနှင့် တစ်လ အလျင်မီအောင်စားနိုင်နေနိုင်ရင်တော်ပြီ။  
ထိုကြောင့် မိမိသည် လူတိုင်းလူတိုင်း ၀န်ထမ်းလစာဖြင့်မလောက်မငဖြစ်နေသည့် ခေတ်ဆိုးကြီးအတွင်းမှာ အပိုငွေဝင်ငွေရှာရန် မိမိတတ်သည့်ပညာဖြင့် ဆေးခန်းထိုင်ရသည်။ မိမိဝါသနာပါသည့် စာပေဖြင့် စာရေး စားရသည်။ 

ဆေးခန်းထိုင်သည့်နေရာမှာ ရန်ကုန်မြို့ လယ်ခေါင်က ရွှေဘုံသာလမ်းတွင်ဖြစ်လေသည်။ 
ထိုစဉ်က ဆေးခန်ုးဟုဆိုလျင် ရွှေဘုံသာဟုသာ လူတွေသိကြသောခေတ်ဖြစ်၏။ ရွှေဘုံသာလမ်းကလွဲပြီး ရန်ကုန်မြို့ ၏ မည်သည့်မြို့ နယ် မည်သည့်လမ်းတွင်မှ ယခုခေတ်လို ဟုတ်တိပတ်တိပြောရလောက်အောင် ဆေးခန်းဟူ၍ မရှိသေးပါချေ။


ရွှေဘုံသာလမ်းတွင် မိမိပထမဦးဆုံးထိုင်သောဆေးခန်မှာ အောင်ရတနာဆေးခန်ဖြစ်သည်။ ဗိုလ်ချုပ်လမ်း ဘက်မှ လက်ဝဲဘက်အခြမ်းအတိုင်း လျောက်ပြီးဝင်လာသော် အောင်ရတနာဆေးခန်းသို့ ၂ မိနစ် ၃ မိနစ် ခန့်သာကြာပါသည်။ ညနေပိုင်းဆေးခန်းများဖွင့်ချိန်မဟုတ်က  လမ်းရှင်းနေတတ်ပါ သည်။ ယခုကဲ့သို့ ရှုတ် ပွကျပ်ညပ်မနေပါ။ ဗိုလ်ချုပ်လမ်နှင့်ရွှေဘုံသာလမ်းထောင့်နားတွင် ကျောင်း သုံးစာအုပ် တစ်ပတ်ရစ်များ ရောင်းသောဆိုင်ရှိပြီး မလှမ်းမကမ်းရှိ သစ်ပင်အောက်မှာ အမိုးအကာ မရှိသော ထီးပြင်ဆိုင်ရှိလေသည်။ ထိုမှလွန်သော် စားပွဲခုံ ထိုင်ခုံပုကလေးများတွင် ထိုင်ပြီး သောက်ရသည့် လမ်းဘေးလက်ဘက်ရည်ဆိုင် ရှိ၏။ ယင်းလက်ဘက်ရည်ဆိုင်ကိုကျော်သည်နှင့် ဆေးခန်းများစရှိလာတော့၏။ အောင်ရတနာဆေးခန်းမှာ တတိ ယနေရာလောက်တွင်ရှိ၏။ 


ဤဆေးခန်းတွင် ဒေါက်တာဦးသန်အေး(ဆီးနှ့င့်ကျောက်ကပ်)၊ ဒေါက်တာဦးမြင့်ဆွေ(အရေပြား)၊ ဒေါက် တာဒေါ်ငွေဇင်မေ(လူမှုဖူလုံရေး) အစရှိသော အထူးကုဆရာဝန်ကြီးများ ထိုင်ကြပါသည်။ 





No comments:

Post a Comment