"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, April 4, 2014

အကြောအဆစ်အထူးကုပညာရှင်ကြီး ဦးအောင်မြင့် ကနေဒါမှာ ကွယ်လွန်




၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် သောကြာနေ့။




မတ်လ ၃၀ ရက်နေ့ကဆရာကြီး ပါမောက္ခ မစ္စတာပိ(တ)၏အကြောင်း ကျွန်းသာယာမှာ ရေးနေစဉ် နောက် တစ်နေ့ဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့တွင် မစ္စတာပိ(တ)၏တပည့်ရင်းချာတစ်ဦးဖြစ်ခဲ့ဖူးသူ ဆရာ ဦးအောင်မြင့် ကနေဒါနိုင်ငံမှာကွယ်လွန်သွားကြောင်း စိတ်မကောင်းစရာသတင်းကို ကြားသိခဲ့ရပြန် ပါတယ်။ နောက်ပြီး ဆရာဦးအောင်မြင့်၏ဇနီး ဆရာဝန်မကြီးဒေါက်တာဒေါ်သန်းသန်းလှလည်း ကျန်းမာရေး သိပ်မကောင်းလှ ဘူးလို့ ပြောပါတယ်။ ဆရာကွယ်လွန်ချိန်မှာ ဇနီး၊ သမီး စုစု၊ သား ကိုဝဏ္ဏနှင့် မြေး ၂ ယောက်ကျန်ရှိခဲ့ပါ တယ်။ ကိုဝဏ္ဏ (ဒေါက်တာဝဏ္ဏအောင်မြင့်)က ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန် (Diagnostic Radiologist) အဖြစ် Peterborough မြို့ ရှိ Regional Health Centre မှာ အလုပ်လုပ်နေပါတယ်။





အကြောအဆစ်ကုပညာရပ် (Physiotherapy) ကျောင်းသားကျောင်းသူများ၏ အမှတ်တရ      
                                           ဓာတ်ပုံ(၁၉၆၁ ခုနှစ်)

ရှေ့ တန်း (၀ဲမှ) - ဦးအောင်မြင့်၊ ဒေါ်မြင့်ပြုံးဦး၊ ဒေါ်ခင်ခင်အုန်း၊ ဒေါ်ခင်ခင်ထွေး၊ ဦးဝင်းထိန်။
နောက်တန်း (၀ဲမှ) - ဦးသိန်းလွင်၊ ဦးသောင်းငွေ၊ ဦးခင်မောင်စိုး၊ ဦးထွန်းမြင့်၊ ဦးပေါလ်ဂျွန်၊ ဦးဇော်ဝင်း၊ ဦးကယ်ဗင်(ယခု စင်ကာပူတွင် အလုပ်လုပ်နေသော ဦးစောကယ်လ်ဗင် မဟုတ်ပါ)၊ ဦးတင်အေး၊ ဦးထွန်းအောင်ဇံ
(ဓာတ်ပုံ - ဆရာဦးကြီးမောင်မှ ကျေးဇူးပြုပါသည်။) 




အမေရိကန်မှာနေတဲ့ ဒေါ်ကြည်ကြည်မြင့်ကနေ စင်ကာပူမှာရှိနေတဲ့ ဒေါ်ကြည်ကြည်အုန်းထံကို အီးမေးနဲ့ အ ကြောင်းကြားပေးရာက ဆရာဦးအောင်မြင့်၏တပည့်များဖြစ်သော မိမိတို့တစ်ဆင့် သိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။ မိမိ ပညာသင်ယူခဲ့တဲ့ ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) မှာတုန်းက ဆရာဦး အောင်မြင့်၏တပည့်ဖြစ်ခဲ့ကြသူအချို့ ကို မိမိလက်လှမ်းမှီသလောက် အီးမေးဖြင့် အကြောင်းကြားပေးခဲ့ပါ တယ်။

ဒေါ်ကြည်ကြည်မြင့်၏စာထဲမှာ ဆရာကြီးဦးအောင်မြင့်ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီလို့ သိရပါတယ်။ ဒီတော့မှ ၂၀၁၂ ခုနှစ် ဇွန်လက ကွယ်လွန်သွားသော မစ္စတာပိ(တ)၏နောက်တပည့်ရင်းချာတစ် ဦးဖြစ်ခဲ့သူ ဆရာကြီးဦးထွန်းအောင်ဇံနဲ့အသက်အတော်လေးကွာတာ သတိပြုမိရပါတယ်။ ဆရာကြီးဦးအောင်မြင့်နှင့်ဆ ရာကြီးဦးထွန်းအော်ဇံတို့နှစ်ဦးတို့ ရန်ကုန်မှာ အကြောအဆစ်ကုပညာရပ်(Physiotherapy)နဲ့ ကျောင်းပြီးတဲ့အ ခါ သူတို့၏ဆရာကြီး မစ္စတာပိ(တ)က အင်္ဂလန်ကို ပညာတော်သင်စေလွှတ်ပြီး အကြောအဆစ်ကုပညာရပ် ဆိုင်ရာပါရဂူဘွဲ့ (MCSP & Dip TP)များ ယူစေခဲ့တာဖြစ်လို့ အသက်သိပ်ပြီးကွာမှာမဟုတ်ဘူးလို့ မိမိ အစက ထင်ထားခဲ့မိတာဖြစ်တယ်။  

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆရာကြီးဦးထွန်းအောင်ဇံ ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်ပါ။ ဒါကြောင့် သူသာ မကွယ်လွန်သေးဘူးဆိုလို့ရှိရင် အခုအချိန်မှာ ၈၃ နှစ်ရှိပါမယ်။ အင်္ဂလန်မှ ပြန်လာကြပြီးနောက် သူတို့ ၂ ဦးလုံး ဆေးဘက်ပညာသိပ္ပံကျောင်းမှာ အလုပ်ဝင်ခဲ့ကြပါတယ်။ စာရေးသူ တတိယနှစ်ကိုရောက်တော့ ဆရာကြီးဦး အောင်မြင့်နှင့်အခြားဆရာများရှိနေကြပြီး ဆရာကြီးဦးထွန်အောင်ဇံက ရူပဗေဒဆေးကုဌာနမှ ဆရာဝန် မကြီး ဒေါက်တာဒေါ်မြစိန်နဲ့ အဆင်မပြေဖြစ်ပြီး တိုင်းဆေးရုံကြီးတစ်ခုကို ပြောင်းသွားတာကြောင့် ကျောင်းမှာ မိမိ၏ ဆရာအဖြစ် မတော်လိုက်ရပါဘူး။   


ဆရာကြီးဦးအောင်မြင့်၏ သင်ကြားမှုများကိုတော့ ကျောင်ပြီးတဲ့အထိ သင်ယူခဲ့ရပါတယ်။ 




အဲဒီအချိန်က အကြောအဆစ်ကုဘာသာရပ် (Physiotherapy)၊ ဓာတ်မှန်ဘာသာရပ် (Radiography)၊ဓာတ်ခွဲဘာသာရပ် (Medical Technology)နဲ့ ဆေးဝါးဘာသာရပ် (Pharmacy) အစရှိသော ဘာသာရပ် အလိုက် အတန်းတစ်တန်းမှာ ကျောင်သူကျောင်းသား ၁၅ ဦးစီရှိကြပါတယ်။
တက္ကသိုလ်ဝင်တန်း (၁၀ တန်း) အောင်တဲ့ကျောင်းသူကျောင်းသားတွေအထဲက ဆေးဘက်ပညာသိပ္ပံ ကျောင်းကို လျှောက်ထားကြရာမှာ ဘာသာရပ်တစ်ခုအတွက် အမှတ်အများဆုံး ၁၅ ဦးစီ ရွေးခြယ်တာ ဖြစ်တယ်။ ပထမ ၂ နှစ်က ဆေးပညာအခြေခံသိပ္ပံပညာရပ်များသင်ကြရပြီး ဒုတိယ ၂ နှစ်မှာ အထူးပြု ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားကြရပါတယ်။ ဒုတိယ ၂ နှစ်မှာက တစ်နှစ်လုံးမှာ ကျောင်း ပိတ်ရက် ၁ လပဲပေးတာဖြစ်ပြီး အတော်လေးကို ကျပ်ကျပ်မတ်မတ် ပြင်းပြင်းထန်ထန်နဲ့ အချိန်ပြည့်သင် ပေးတာဖြစ်တယ်။ 
အကြောအဆစ်ဌာနတွင် အကြောအဆစ်ကုပညာရှင်ဆရာများနဲ့ဆရာဝန်ကြီးများက သင်ကြားပို့ချပေးကြ တာပါ။ ဆရာဦးအောင်မြင့်ကို သူ့တပည့်အချို့ က အောက်ပါအတိုင်း မှတ်မှတ်ရရရှိကြပါတယ်။ 






ဆရာဦးကြီးမောင်
ဆရာက စာသင်တဲ့အခါမှာ မကြာခဏ အမ် .. အမ် ဆိုပြီး ကြားညှပ်ပြောတတ်လို့ ကျနော်တို့က "အမ်(M) အောင်မြင့်"လို့ ဆရာ့နောက်ကွယ်မှာ ခေါ်လေ့ရှိကြတယ်။ 







ဆရာမ ဒေါ်ခင်မမ
ဆရာဦးအောင်မြင့်က အကြောအဆစ်ကုပညာရပ်နဲ့ပတ်သက်လို့ ကျမ၏ပထမဦးဆုံး လက်ဦးဆရာအရင်းကြီးပါ။






ဆရာဦးတင်မြင့်
ဆရာက စာသင်ရင်းနဲ့ စပ်မိတိုင်း "ဆရာတို့ ဂလတ်စကိုမှာတုန်းက" လို့ မကြာခဏ ပြောလေ့ရှိတာကြောင့် သူ့နောက်ကွယ်မှာ "ဂလတ်စကို အောင်မြင့်"လို့ ကျနော်တို့ က ခေါ်ကြတာ။
နောက်ပြီး ဆရာဦးအောင်မြင့်က စာသင်နေရင်းနဲ့ ဒူးယားစီးကရက်ကို ပါးစောင်မှာ ခဲပြီး သူ့ နှုတ်ခမ်းမွှေးစစလေးလှုပ်ပြီး သင်လေ့ရှိတာဗျ။ တစ်ခါ သူက အ၀တ်အ စားပွပွကြီးတွေမှ ၀တ်လေ့ရှိသေးတယ်။ 




ဆရာမ ဒေါ်စိုးစိုးရီ
ဆရာက သူ့တပည့်တွေ စာမကြိုးစားရင် သိပ်ပြီးစိတ်ဆိုးတတ်တာ။ ဆိုလဲ ဆိုတတ်တာ။ ကျမတို့လဲ ပါ တာပေါ့လေ။

မိမိအပါအ၀င် သူ့တပည့်အားလုံးသည် ဆရာကြီးဦးအောင်မြင့်ကို အထက်ကအတိုင်း လေးစားစွာ မှတ် မိနေကြမှာ ဖြစ်ပါတယ်။ ဆရာက အင်္ကျီပွပွ ဘောင်းဘီပွပွကြီးတွေ ၀တ်လေ့ရှိပါတယ်။ နက်ကတိုင်လည် စီးကလည်း အပြားကြီးကြီးပါ။ နဖူးပေါ်မှာဝဲကျနေတဲ့ ဆံစလေးတွေအောက်က ဆရာ၏၀ိုင်းစက်တဲ့မျက် လုံးလေးတွေမှာ စူးရှလေးနက်မှုကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ တစ်ခါတစ်ခါမယ်တော့ ဆရာက တပည့်တွေကို ရယ်စရာအကြောင်းအရာလေးတွေပြောပြီး သူပါ ဟက်ဟက်ပက်ပက်လိုက်ရယ်တာမှ မျက်ရည်ထွက်တဲ့အထိပါပဲ။ 

ဆရာနှင့်ဆရာ့ဇနီးတို့က အင်္ဂလန်မှာပညာသင်သွားကြရာက အဲဒီမှာတင် တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာလို့ သူနဲ့အတူ ပညာတော်သင်သွားတဲ့ ဆရာကြီးဦးထွန်းအောင်ဇံပြောပြလို့ သိရပါတယ်။ ဒါကို ဆရာကြီးဦး ထွန်းအောင်ဇံက "မနေနိုင်တဲ့ ချောင်(ဂျောင်)အကြား မယ်နဲ့မောင်နဲ့ညား" လို့ အချင်းချင်း ရယ်စရာလုပ် ပြီးပြောကြတာ ကြားခဲ့ဖူးပါတယ်။ ဆရာတို့အတွဲကလည်း စိတ်ဝင်စားစရာပါ။ လင်ဖြစ်သူက အနည်းငယ် ပုညှပ်ပြီး ဇနီးဖြစ်သူက အချိုးအဆက်ဖွံ့ဖွံ့ထွားထွားပါ။ ဆရာကတော်က လမ်းမတော်ဆေးကျောင်းက ကထိကဖြစ်လို့ ဆရာအလုပ်လုပ်တဲ့ဆေးရုံကြီးနဲ့နီးတာကြောင့် ကျောင်းကိုမကြာခဏလာတာမို့ တွေ့ရ တတ်ပါတယ်။


၁၉၇၄ ခုနှစ်လောက်မှာ သမိုင်းအရပ်ရှိ မသန်မစွမ်းလူနာများဆေးရုံ (Hospital for the Disabled)တွင် မိမိ အလုပ်လုပ်နေစဉ်   အမေရိကန်နိုင်ငံသို့ ခြေတုလက်တုပညာရပ်အတွက် ပညာတော်သင်သွားဖို့ အခွင့်အ လမ်းရလို့ ဆရာကြီးဦးအောင်မြင့်ထံသွားပြီး အကြံတောင်းဖူးခဲ့ပါသေးတယ်။ ဆရာကြီးက "မင်း အဲဒီကပြန် လာရင် အခုအလုပ်ဖြစ်တဲ့ အကြောအဆစ်ကုပညာရှင် (Physiotherapist)အဖြစ် မလုပ်ရတော့ဘူး။ ခြေတု လက်တုပညာရှင် (Prosthetist / Orthotist) အဖြစ်ပဲလုပ်ပြီး ခြေတုလက်တုအလုပ်ရုံက ၀န်ထမ်းတွေကို စီ မံအုပ်ချုပ် ရ မယ်။ ကျန်တာတော့ မင်းဖာသာ သေသေချာချာစဉ်းစာပြီး ဆုံးဖြတ်ပါ"လို့ အကြံပေးပါတယ်။ ကျန်တဲ့ကထိကများကလည်း မိမိကို အလားတူအကြံပေးကြတာဖြစ်တယ်။ ဒါနဲ့ စာရေးသူက ဆေးရုံအုပ်ကြီး ဒေါက်တာဦးလှဖေကို အဲဒီပညာရပ်နဲ့ ပညာတော်သင် မသွားချင် တဲ့အကြောင်း စိတ်မ၀င်စားတဲ့အကြောင်း တင်ပြလိုက်ပါတယ်။ 


၁၉၇၅ ခုနှစ် နှစ်ကုန်တွင် မော်လမြိုင်ရှိ မွန်ပြည်နယ်ပြည်သူ့ဆေးရုံကြီးကို စာရေးသူ ပြောင်းသွားပြီးတဲ့အခါ ဆရာကြီးတို့မိသားစု ကနေဒါနိုင်ငံကို အပြီးအပိုင် ပြောင်းသွားပါတယ်။ ဒီနောက်ပိုင်းမယ်တော့ ဆရာ့ကို မိမိ လုံးဝပြန်မတွေ့တာ ယခု သူ ကွယ်လွန်တဲ့အချိန်အထိပါပဲ။ 




ဆရာကြီးဦးအောင်မြင့်၏နာရေးသတင်းကို ကနေဒါရောက်မြန်မာတစ်ဦး၏ Blog တွင် အထက်ပါအတိုင်း ဖော်ပြအကြောင်းကြားထားတာ တွေ့ရပါတယ်။



ဒါပေမယ့် ကနေဒါကို ဆရာရောက်သွားပြီးနောက်မှာ ဆရာနှင့်မိမိ စာအဆက်အသွယ် ၂ ကြိမ် ၃ ကြိမ်လောက် ရှိခဲ့ပါသေးတယ်။ စာရေးသူက မော်လမြိုင်ကနေ ဆရာ့ထံသို့ စာရေးပြီး အကူအညီ တောင်းတာပါ။ ဆရာရှိရာ ကနေဒါမှာလာပြီးအလုပ်လုပ်ချင်တဲ့အကြောင်းဖြစ်တယ်။ ဆရာက မိမိ ထံသို့ ဂရုတစိုက်စာပြန်ပြီး လုပ်ရမယ့်အဆင့်တွေကို သေသေချာချာရှင်းပြပါတယ်။ အဲဒီခေတ်က သုံးတဲ့ လေယာဉ်စာအိတ်အပြာလေးမှာ ဆရာက အင်္ဂလိပ်လို လက်ရေးနဲ့အပြည့်ရေးထားတာကို ယနေ့အထိ မျက်စေ့ထဲမြင်ယောင်နေဆဲပါ။ ဆရာအဓိကပြောတာက ကနေဒါနိုင်ငံကိုလာပြီးအလုပ် လုပ်ချင်တယ်ဆိုရင် ပထမအဆင့်အနေနဲ့ ကနေဒါသံရုံးမှာ အကြောအဆစ်ဘာသာရပ်ဆိုင်ရာ အ ရည်အချင်းစစ်စာမေးပွဲ အရင်ဖြေရမယ်။ သူလည်း ဖြေခဲ့ရတာပဲတဲ့။အဲဒီစာမေးပွဲကိုအောင်အောင် ဖြေပါတဲ့။ စာမေးပွဲအောင်ပြီးတဲ့အခါ ကနေဒါကို ထွက်လာဖို့နောက်ပိုင်းအတွက် သူ ဟိုကနေ စီစဉ် ပေးမယ်၊ ဘာမှမပူနဲ့လို့ ရေးထားပါတယ်။
ဆရာရေးတဲ့ လေယာဉ်စာအိတ်အပြာလေးကိုယူပြီး စာမေးပွဲအကြောင်းကို စုံစမ်းရန် စာရေးသူက မော်လမြိုင်ကနေ ရန်ကုန်ကို သွားခဲ့တယ်။ ထိုစဉ်က မြန်မာပြည်မှာ ကနေဒါသံရုံးက သီးသန့်မရှိ သေးပဲ ဗြိတိန်သံရုံးအတွင်းမှာ တွဲဘက်ထားတာဖြစ်လို့ ဗြိတိန်သံရုံးရှိရာကို သွားရပါတယ်။ ကနေ ဒါသံတမန်ဝန်ထမ်း၏ပြောပြချက်အရ စာမေးပွဲက ထိုင်းမှာရှိတဲ့ ကနေဒါသံရုံးမှာ သွားဖြေရမယ်လို့ သိခဲ့ရပါတယ်။ ဒါနဲ့ စာမေးပွဲဖြေမယ့်အလုပ်ကိုမေ့လိုက်ရပါတယ်။ ကနေဒါအိပ်မက်လည်း ပျောက် ပျက်သွားခဲ့ရပါတော့တယ်။ 



ဆရာ့အကြောင်းကို အဝေးမှကြားသိခဲ့ရတာကတော့ ဆရာသည် ကနေဒါနိုင်ငံ အွန်တာရီယိုရဲ့  အနောက် တောင်ဖက်မှာရှိတဲ့ လန်ဒန်ဆိုတဲ့မြို့ က ဗစ်တိုးရီးယားဆေးရုံကြီးတွင် အနှစ် ၂၀ ကြာ အလုပ်လုပ်ခဲ့ပြီး ကလင်တန် ပတ်ပလစ်ဆေးရုံကြီးမှာလည်း ညွှန်ကြားရေးမှူး (Director of Physiotherapy) အဖြစ်တာ ၀န်ထမ်းဆောင်ခဲ့တယ် ဆိုပါတယ်။  













No comments:

Post a Comment