ဒဗလျှူအိုင်ပီအို ခြေကျိုးကုလားထိုင်နှင့်ကုလသမဂ္ဂဥရောပရုံးချုပ်
ပန်းခြံထဲမှမြင်နေရသော ဒဗလျှူအိုင်ပီအို (WIPO) အဆောက်အဦကြီး
ကိုတင်လှိုင်စိုးနှင့်မိမိတို့သည် ဟိုတယ်ဝန်ထမ်းလမ်းညွှန်လိုက်သည့်အတိုင်း အမှတ် ၅ ဘတ်(စ)ကားစီးးလာကာ ဒဗလျှူအိုင်ပီအို (WIPO) အဆောက်အဦကြီးအလွန်နားက နေးရှင်း(စ) (Nations) မှတ်တိုင်တွင် ဘတ် (စ)ကားပေါ်မှဆင်းကြပါသည်။
မှတ်တိုင်ကနေ အနောက်ဘက်ကိုအနည်းငယ်မျှပြန်လျှောက်သောအခါ လူနှစ်ရပ်ခန့်အမြင့်ရှိသော အပင်လေးများစီတန်းစိုက်ထားသောပန်းခြံလေးကိုရောက်သွားသည်။
ပန်းခြံသည် ဒဗလျှူအိုင်ပီအိုအဆောက်အဦကြီးနှင့် ကားလမ်းတစ်ခုသာခြားသဖြင့် ခန့်ငြားလှပပြီး မြင့်မြင့်မားမားရှိသော ကြယ်ပြာရောင်ယင်းအဆောက်အဦကြီးကိုနောက်ခံထားလျက် ဓာတ်ပုံများရိုက်ကြသည်။
ပန်းခြံတစ်နေရာတွင် ရှေးခေတ်ကအမြောက်ဟောင်းတစ်လက်ရှိသဖြင့် အမြောက်ကြီးနှင့်လည်း အမှတ်တရဓာတ်ပုံရိုက်ခဲ့သေး၏။
ဒဗလျှူအိုင်ပီအိုအဆောက်အဦကြီးသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိကုလသမဂ္ဂရုံးချုပ်အဆောက်အဦကြီးနှင့်ဆင်တူသည်ဟုထင်မိပါသည်။
ကွာခြားသည်မှာ ကုလသမဂ္ဂရုံးချုပ်အဆောက်အဦကြီး၏မျက်နှာစာက ပြန့်ပြန့်ပြူးပြူးရှိပြီး ဒဗလျှူအိုင်ပီအိုအဆောက်အဦကြီး၏မျက်နှာစာက အတွင်းသို့ဟိုက်ဝင်ညွှတ်ကွေးနေပုံဖြစ်သည်။
ဤနေရာတစ်ဝိုက်တွင် ကမ္ဘာ့အဖွဲ့ အစည်းကြီးများဖြစ်ကြသော ယူနီဆက် (Unicef)၊ ဒဗလျှူအိပ်ခ်ျအို (WHO) ၊ဒဗလျှူတီအို (WTO)၊ ကြက်ခြေနီ (Red Cross) တို့၏ရုံးချုပ်များ (Headquarters) ရှိကြသဖြင့် ဂျနီဗာမြို့ ၏အပြည်ပြည်ဆိုင်ရာ အချက်အချာကျသောနေရာ (International district) တစ်ခုဖြစ်လေသည်။
ပန်းခြံထဲတွင်ဓာတ်ပုံရိုက်ပြီးသောအခါ Avenue de France လမ်းမကြီးကိုဖြတ်ကူးလိုက်သည်နှင့်ခြေကျိုးကု လားထိုင်ရုပ်တုကြီးကိုတွေ့ ရသည်။
ခြေတစ်ချောင်းကျိုးကုလားထိုင် (Broken Chair)

ခြေကျိုးကုလားထိုင်ရုပ်တုကြီးကို မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ NGO အဖွဲ့ အစည်းတစ်ခုဖြစ်သော Handicap International အတွက် အလေးချိန် ၅ ဒသမ ၅ တန်ရှိသောသစ်သားများဖြင့် ၁၉၉၇ ခုနှစ်က Place des Nations ရင်ပြင်အတွင်းတွင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
အမြင့်အားဖြင့် ၃၉.၃၇ ပေ (၁၂ မီတာ) ရှိပြီး ထင်ရှားသောအနုပညာလက်ရာတစ်ခုဖြစ်သည်။
ခြေထောက်တစ်ချောင်းကျိုးနေခြင်းသည် နင်းမိုင်းကြောင့်ခြေပြတ် လက်ပြတ် သေဆုံးကြရသူများ (victims of landmines) ကို သတိတရရှိနေကြစေရန်နှင့် နင်းမိုင်းအန္တရာယ်မှတားဆီးပေးအောင် (ban on landmines) မိမိတို့၏အစိုးရများကို ပြည်သူများက တိုက်တွန်းကြရန်ရည်ရွယ်ကြောင်းသိရပါသည်။
မိမိတို့နှစ်ယောက်သည် ဤကုလားထိုင်ကြီးနှင့်လည်း အမှတ်တရဓာတ်ပုံများ ရိုက်ခဲ့ကြပါသေး၏။
တခြားသောခရီးသွားဧည့်သည်များလည်း တစ်ယောက်စ နှစ်ယောက်စဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ တပျော်တပါးနေရာယူကာ ရိုက်လျက်ရှိနေကြသည်။
တစ်နေ့က သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ၏ ‘မျက်မှောက်လောကအပေါ် သုံးသပ်ချက်’ တရား တော်တွင် ခြေထောက်တစ်ချောင်းကျိုးကုလားထိုင်အကြောင်းထည့်သွင်းဟောကြားသွားသည်ကို ကြားနာလိုက်ရပါသည်။
ဆရာတော်ဘုရားကြီးသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးချုပ်အဆောက်အဦကြီးကိုရောက်ခဲ့စဉ်က ရုံးချုပ်အဆောက်အဦရှေ့ ရှိ ကားများကွေ့ ပတ်မောင်းရသည့်မြက်ခင်းပြင်အ၀ိုင်းကြီး၏တိုင်မှာ ယင်းကုလားထိုင်မျိုးတစ်ခု ချိပ်ဆွဲထားသည်ကို တွေ့ ခဲ့ရသည်ဟု မိန့်တော်မူပါသည်။
ထိုခြေတစ်ချောင်းကျိုးကုလားထိုင်ကြီး၏မျက်နှာမူရာဘက်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၏အလံများကို တလူလူလွှင့်ထူထားသော Place des des Nations ခေါ် 'နိုင်ငံများနန်းတော်'အဆောက်အဦကိုတွေ့ ရသည်။

နိုင်ငံများနန်းတော် (Place des des Nations)

လမ်းဘက်ကတွေ့ မြင်ရသော'နိုင်ငံများနန်းတော်'
မိမိနှင့်ကိုတင်လှိုင်စိုးတို့သည် အချိန်မရသဖြင့် နိုင်ငံများနန်းတော်အတွင်းသို့ သွားရောက်လည်ပတ်ကြည့်ရှုလေ့လာနိုင်ခြင်းမရှိခဲ့ပေ။
No comments:
Post a Comment