"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, April 11, 2020
ခြောက်သွေ့ သွေ့  စင်ကာပူ
                                                         လူရှင်းနေသော WestGate Mall (ဂျူရောင်းအိစ်) 
ပြီးခဲ့သောအပတ်တနင်္လာနေ့က အလုပ်ကိုသွားတော့ ဆေးရုံအ၀င်လမ်းမှာ ၀န်ထမ်းတွေအသွားအလာရှင်း နေတာတွေ့ ခဲ့ရသည်။
ထိုနေ့ နေ့ခင်း ၂ နာရီက စီအီအို (CEO) နှင့် ဌာနမှူးများ (Heads of Department-HODs) အစည်းအဝေးရှိခဲ့သည်။
ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဆေးရုံတွင် လူကိုယ်တိုင်မရှိမဖြစ်ရှိနေရန်မလိုသောအလုပ်ဌာနများ (Non-essential workplaces) မှဝန်ထမ်းများအနေဖြင့် အိမ်ကနေအလုပ်လုပ်ကြရမည်ဖြစ်ကြောင်း သိရသည်။
မိမိ ဆေးရုံမှတ်တိုင်ကိုရောက်ပြီး ဘတ်စ်ကားပေါ်ကဆင်းလိုက်သည့်အခါ ဆေးရုံအ၀င်လမ်းတလျှောက်တွင် အခါတိုင်းနှင့်မတူပဲ လူရှင်းလွန်းနေသဖြင့် ကိုယ့်မျက်စေ့ကိုပင်ကိုယ် မယုံကြည်နိုင်အောင်ဖြစ်မိပါသည်။
ဘတ်စ်ကားမှတ်တိုင်မှ ဆေးရုံအ၀င်ပေါက်သို့သွားသည့်လမ်းတွင်လည်းကောင်း၊ ဆေးရုံအရှေ့ ဘက်က မီးပွိုင့်လမ်းဆုံတွင်လည်းကောင်း၊ တစ်ခါ ဆေးရုံအ၀င်ပေါက်မှဆေးရုံအဆောက်အဦများဆီသို့သွားရာလမ်းများတွင်လည်းကောင်း လူများ မယုံနိုင်လောက်အောင်ပင် နည်းပါးလျက်ရှိသည်ကိုတွေ့ရသဖြင့် 'ဒီလောက် တောင်အထိများလား' ဟု ကိုယ့်ကိုယ်ကိုမေးမိသေးသည်။
ယခင်ကနှင့်ထူးထူးခြားခြားကြီး မတူပဲမြင်နေရသောမြင်ကွင်းကြောင့် စိတ်ထဲမှာ ခြောက်ခြားသလိုပင် ခံစားမိသည်။
ဆေးရုံဝင်းထဲကအဆောက်အဦများအတွင်းကိုရောက်တော့လည်း ယခင်ကလို လူအများ ဥဒဟိုသွားလာနေ ကြသည်ကို မတွေ့ ရပေ။
နေ့ ခင်းအလုပ်မှအပြန် ဘတ်စ်ကားမှတ်တိုင်တွင်လည်း လူများများစားစား မတွေ့ မြင်ရ။
မိမိအပါအ၀င် လူ တစ်ဦး နှစ်ဦးသာရှိသည်။
ကျောင်းများမပိတ်ခင် တနင်္လာနေ့နှင့်အင်္ဂါ ၂ ရက်မှာ အပြန်ဘတ်စ်ကားပေါ်တွင် ကျောင်းသူကျောင်းသားများကိုတွေ့လိုက်ရပြီး ယခုအခါ ဘတ်စ်ကားနှင့်ရထားများမှာ ခရီးသွားတွေ ရှင်းကုန်ကြတော့သည်။
တစ်နေ့ အလုပ်ကအပြန် ဂျူရောင်းအိစ်ဘူတာက WestGate ကုန်တိုက်ကြီးမှာ အိမ်အတွက်နေ့လည်စာဝင် ၀ယ်ပါသည်။
ဘူတာကနေ ကုန်တိုက်အတွင်းသို့ဝင်လိုက်သောအခါ အခါတိုင်းလို လူများနှင့်စည်စည်ကားကားမရှိပဲ လူသူရှင်းကာ ခြောက်သွေ့ သွေ့ ရှိသည်ကိုမြင်ရပြီး စိတ်ထဲမှာ တမျိုးတမည်ခံစားမိသေး၏။
                       ဘူတာဘက်မှ WestGate Mall သို့အ၀င်
ဆိုင်အတော်များများ ပိတ်ထားကြသည်။
ဖွင့်ထားသည့်ဆိုင်များမှာလည်း ဈေးဝယ်သူ မရှိသလောက်ပင်ဖြစ်သည်။
နေ့လည်စာဝယ်ရန် မြေအောက်ထပ်ရှိ စားသောက်ဆိုင်များသို့ဆင်းသွားသောအခါ ဆိုင်တွင်ထိုင်စားနေကြသူ တစ်ဦးတယောက်မှမတွေ့ ရ။ ဥပဒေဖြင့်တားမြစ်ထားသောကြောင့်ဖြစ်သည်။
ထိုင်ခုံအားလုံး ထပ်လျက်သိမ်းထားသည်ကိုတွေ့ ရသည်။
ရွေ့ မရသည့်ထိုင်ခုံများကို လူ မထိုင်စေရန် အနီရောင် အ၀ါရောင်တိတ်ကြိုးပြားကြီးများဖြင့် ကြက်ခြေခတ်ကပ်ထားကြ၏။
မိမိ ထမင်းကြော်ဝယ်သောဆိုင်တွင် ဈေးရောင်းသူက ဘောလ်ပင်တစ်ချောင်းနှင့် စာရင်းထိုင်လုပ်နေသည်။
ဈေးဝယ်သူ တစ်ဦးမှမရှိ။
ယခင် မိမိလာခဲ့စဉ်အခါများက ဆိုင်တွင် အနည်းဆုံး လူ ၃ ဦး လက်မလည်အောင်အလုပ်ရှုပ်နေတတ်သည်။
တစ်ဦးက ဈေးဝယ်သူမှာသည့်အစားအစာကို စာရွက်လေးမှာရေးပြီး ချက်ပြုတ်နေသူ ၂ ဦးကိုပေးသည်။
ချက်ပြုတ်သူ ၂ ဦးက ချက်ပြီးအစားအစာတို့ကို ကောင်တာထိုင်သူထံ လာပို့ပေးသည်။
ဝယ်ူများက တန်းစီပြီးစောင့်ကြရသည်။
ဆိုင်ရှေ့ ကကြမ်းပြင်ပေါ်တွင် ဈေးဝယ်များ တစ်ဦနှင့်တစ်ဦး ခွာပြီးရပ်ကြရန် အ၀ါရောင်တိတ်ကြိုးပြားကြီးများဖြင့် အမှတ်အသားစည်း တားပေးထားသည်။
                                                                              လူမရှိသလောက်ရှင်းနေသော WestGate  မှ စားသောက်ဆိုင်များ
ထိုင်ခုံအားလုံး သိမ်းထားသည်။
No comments:
Post a Comment