ဈေးဝယ်လိုမပြီးခင်မှာ ..
ပုံမှန်ကတော့ စနေ တနင်္ဂနွေတစ်ရက်ရက်တွေမှာ အိမ်ရှင်မနှင့်အတူ ဈေးသွားနေကျဖြစ်တယ်။
မနက်စောစော အိမ်ကထွက်၊ ရပ်ကွက်ထဲက ဂျူရောင်းဝက်စ်ဈေးကိုသွားပြီး နံနက်စာစားကြလေ့ရှိတာပါ။
အဲဒီကမှ ဗိုက်ကလေးပြည့်တာနဲ့ ဘွန်လေးမှာရှိတဲ့ ဂျူရောင်းပွိုင့်ကုန်တိုက် ဒါမှမဟုတ် ဂျူရောင်းအိစ်တွင်ရှိတဲ့ ဂျဲမ်ကုန်တိုက်တွေက အဲန်တီယူစီ ဖဲယားပရိုက်စ်ဆိုင် (NTUC FairPrice) ဆိုင်တွေကိုသွားပြီး တစ်ပတ်စာ ချက်စရာနဲ့စားစရာတွေဝယ်ကြတယ်။
အိမ်ရှင်မက ရှေ့ ကသွားရင်း လိုတဲ့ပစ္စည်းတွေကို စင်တွေဆီကနေ တစ်ခုပြီးတစ်ခုလှမ်းယူပြီး မိမိကိုပေးတယ်။
မိမိက အသားဆိုအသား၊ အသီးအရွက်ဆိုအသီးအရွက်၊ ကုန်ခြောက်ဆိုကုန်ခြောက်၊ စားသောက်စရာဆိုစားသောက်စရာဆိုပြီး လက်တွန်းလှည်းထဲကို သူ့နေရာနဲ့သူထည့်ရတယ်။
ပြီးတဲ့အခါ ငွေပေးချေတဲ့နေရာမှာ အသင်းသားကတ်ပြကာ ကျသင့်ငွေပေးလို့ တက္ကစီနဲ့အိမ်ကိုပြန်ခဲ့ကြတာပါပဲ။
ဆိုလိုတာက ဇနီးကဈေးဝယ်ပြီး မိမိက သူ့နောက်ကတကောက်ကောက်လိုက်လို့ လှည်းတွန်းပေးရုံလေးပါ။
ကိုယ်တိုင်က ဘာဝယ်မယ်ဆိုပြီး ပစ္စည်းတွေရွေးတာမျိုး မလုပ်ပါဘူး။
အဲ မနေ့ကတော့ အလုပ်ကအပြန်မှာ ဂျူရောင်းအိစ်ရှိ ဂျဲမ်ကုန်တိုက်က အဲန်တီယူစီ ဖဲယားပရိုက်စ်ဆိုင်မှာ တစ်ကိုယ်တော်အဖြစ် မိမိ စင်ကာပူနိုင်ငံမှာ ပထမဦးဆုံး ဈေးဝယ်ဖြစ်ခဲ့ပါတယ်။
ဒါကလဲ COVID-19 ဆိုတဲ့အကောင်တွေက ကမ္ဘာလှည့်ပြီးသောင်းကျန်းနေကြလို့ အိမ်မှာနေကြပါ (Stay Home) ဆိုတဲ့ အစိုးမင်းများရဲ့ အမိန့်ကြောင့် အိမ်ရှင်မတစ်ယောက် ကိုယ့်အိမ်မှာကိုပဲ အကျယ်ချုပ်မိနေတာရယ်ကြောင့်ပါဗျ။
ဒီတော့ တချို့ ချက်ပြုတ်စရာလေးတွေကို မိမိတို့နေတဲ့တိုက်နားက ကုန်စုံဆိုင်လေးနှစ်ဆိုင်မှာပဲ ရတဲ့ဟာက လေးတွေဝယ်ပြီး ဖြစ်သလိုကြံဖန်ချက်စားနေကြရတာ။
မနေ့က အလုပ်ကပြန်အလာမှာ ဂျူရောင်းအိစ်ဘူတာရောက်တော့ အိမ်ရှင်မဆီကို ဖုန်းဆက်လိုက်ပါတယ်။
အဲန်တီယူစီက ဘာချက်စရာနဲ့စားစရာတွေ ၀ယ်ခဲ့ရမလဲဆိုတာပေါ့။
အိမ်ရှင်မ အဓိကမှာတာကတော့ စားစရာအသီးတွေ ဥပမာ စပျစ်သီး၊ လိမ္မော်သီးနဲ့ပန်းသီးတွေ ၀ယ်ခဲ့ဖို့ပါ။

ကောင်တာမှာငွေချေပြီး တက္ကစီစောင့်နေရာကိုအသွား
ဒါနဲ့ မိမိက ရောက်တုန်းရောက်ခိုက် ဆိုင်ထဲမှာ လှည်းလေးတွန်းပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်ရင်း အိမ်မှာလိုမယ်ထင်တဲ့ဟာလေးတွေကို ၀ယ်ဖြစ်ခဲ့ပါတော့တယ်။
ဟုတ်ကဲ့
စင်ကာပူမှာ မိမိတစ်ယောက်ထဲဈေးဝယ်ဖူးသွားပါပြီဗျ။
No comments:
Post a Comment