ဒီကနေ့ည ဖေ့စ်ဘွတ်မှာ ကလေးငယ်လေးတွေရဲ့ အငြိမ့် ဒါမှမဟုတ် ဇာတ်ကနေကြတဲ့ဓာတ်ပုံလေး
ကိုတွေ့မြင်ရတော့ ကိုယ်တို့ငယ်ငယ်တုန်းက အမေကြီး၏အိမ်အောက်ထပ်မှာ ညီအကိုမောင်နှမတစ်
ဝမ်းကွဲတွေနဲ့အငြိမ့်လုပ်ပြီးကခဲ့ကြတာကို အမှတ်ရမိပါတယ်။ တကယ်ကိုပျော်စရာကြီးရယ်ပါ။
လွမ်းလိုက်မိတာရယ်ဗျာ။
'အမေကြီး'ဆိုတာက မိမိတို့ကန့်ဘလူမှာ 'အဖွား'ကိုခေါ်တာပါ။
အဲဒီအချိန်က မိမိတို့မိသားစုက အမေ့ဇာတိဖြစ်တဲ့ကန့်ဘလူမြို့ မှာမနေပါဘူး။ အဘရဲ့ ဇာတိလဲဖြစ် အ
လုပ်တာဝန်ကျရာလဲဖြစ်သည့် ရွှေဘိုမြို့ မှာနေနေကြတာ။ 'အဘ'ဆိုတာ အဖေပါ။
ဒါပေမယ့် နွေရာသီကျောင်းပိတ်ရက်များမှာဆိုရင် အမေကြီးကရွှေဘိုမြို့ ကိုလာပြီး သူ့မြေးဖြစ်တဲ့မိမိ
အား ကန့်ဘလူကိုအလည်လာခေါ်လေ့ရှိပါတယ်။ အခုလိုလာခေါ်ရတာနဲ့ပတ်သက်လို့ အမေကြီးအ
မြဲဗျစ်တောက်ဗျစ်တောက်ပြောလေ့ရှိတဲ့စကားကို ကြားယောင်နေမိပါသေးတယ်။
"ငါ့မြေးကြီးက အငယ်တွေလဲထိန်းရတယ်။ စားဖို့သောက်ဖို့အတွက် အမေချက်ပြုတ်တာကိုလဲကူလုပ်
ပေးရသေးတယ်။ ဈေးလဲဝယ်ပေးရတယ်။ အငယ်တွေကို တယောက်ပြီးတယောက် ခါးထစ်ခွချီရလွန်း
လို့ ကြာလာရင် ခါးကြီးပါစောင်းလာတော့မှာ" လို့ သူ့သမီးနဲ့သားမက်ကို လာတိုင်းဆူတတ်ပါတယ်။
ဟုတ်ပါတယ်။ မိမိတို့အရပ်ဒေသမှာ ကလေးတွေကို မိခင်တွေရော အကိုအမတွေ အဒေါ်တွေရောပါ
များသောအားဖြင့် ခါးထစ်ခွပြီးချီတတ်ကြပါတယ်။ ပွေ့ပြီးချီတာမျိုးကို သိပ်မလုပ်ကြပါဘူး။
မိမိတို့ ညီအကိုမောင်နှမတတွေ အငြိမ့်ကတမ်းကစားကြတဲ့အကြောင်းပြောပါ့မယ်။
အမေကြီး၏အိမ်က တောအိမ်ပုံစံမျိုး နှစ်ထပ်ပါ။
အပေါ်ထပ်ရဲ့  လက်ဝဲဘက်အခြမ်းမှာ အိပ်ခန်းတခုရှိပြီး ကျန်တာက ဘုရားစင်နဲ့ဧည့်ခန်း ဒါမှမဟုတ်
အိမ်ဦးခန်းရှိပါတယ်။ အိပ်ခန်းက အိမ်၏ ၃ ပုံ ၁ ပုံခန့်ကျယ်တာပါ။
အပေါ်ထပ်လှေကားထိပ်မှာက အိမ်ဦးခန်းလောက်ကျယ်သည့် ၀ါးကြမ်းတွေခင်းထားတဲ့ဝရန်တာရှိပါ
တယ်။
အိမ်အောက်ထပ်မှာတော့ လက်ယာဘက်အခြမ်းမှာ တပေလောက်မြင့်ပြီး သစ်သားခင်းထားတဲ့ကွပ်
ပြစ်ရှိပါတယ်။
အဲဒီနေရာမှာ မိမိတို့အငြိမ့်ကတမ်းကစားကြတာရယ်။
ကားလိပ်ကို အနီရောင်စောင်ပါးပါးလေးနဲ့လုပ်ပါတယ်။ အပေါ်ပိုင်းကို အိမ်အောက်ထပ်မျက်နှာကျက်
၏ထုတ်တန်းမှာအသေချီထားပြီး အောက်စကိုတော့ ၀ါးနဲ့လိပ်ချီပြီး ကားလိပ်လုပ်ကြတာ။
မိုလုံ လေလုံကဇာတ်ရုံကြီး။
အ၀တ်အစားတွေက အထွေအထူးမရှိလှပါဘူး။
အိပ်ခန်းထဲကအ၀တ်တန်းမှာလွှားထားတဲ့ အဒေါ်များရဲ့ ထမီတွေကို ယူဝတ်ကြတာ။
မင်းသမီးရော မင်းသားရော လူရွှင်တော်တွေအားလုံး အဆင်အသွေးအရောင်အမျိုးမျိုးရှိတဲ့ထဘီ(မိန်)
တွေကိုပဲ ၀တ်ကြပါတယ်။
မင်းသမီးက မင်းသမီးလိုဝတ်။
မင်းသားက မင်းသားလိုဝတ်။
လူရွှင်တော်တွေက လူရွှင်တော်တွေလိုဝတ်ကြတာလေ။
ဆိုင်းကတော့ ပါးစပ်ဆိုင်းပါ။
ပြောလဲပြော ဆိုလဲဆို တီးလဲတီးပေါ့။
နွေရာသီကျောင်းပိတ်ရက်လေးမှာမှ မောင်နှမတတွေ တွေ့နိုင် ဆုံနိုင် ပျော်နိုင် ကနိုင်ကြတာဖြစ်လို့
အခုလိုအခါကာလမျိုးမှာများ အငြိမ့်နာမည်လေးပေးရမယ်ဆိုရင် ...
"ခါနွေဦးအငြိမ့်" လို့ပေးဖြစ်မှာ။
မောင်နှမတတွေမို့ ပျော်စရာကြီးရယ်။
No comments:
Post a Comment