"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 18, 2011

ကမ္ဘာ့ကြောအဆစ်ကုညီလာခံခရီး

WCPT Congress

ကမ္ဘာ့အကြောအဆစ်ကုညီလာခံဆိုတာ World Confederation for Physical Therapy Congress (WCPT Congress) ကို ပြောတာပါ။

Physical Therapy နဲ့ Physiotherapy ဆိုတဲ့ ဝေါဟာရနှစ်လုံးဟာ စာလုံးပေါင်းကွဲနေပေမယ့် အဓိပ္ပါယ် က အတူတူပဲဖြစ်တယ်။ "အကြောအဆစ်ကုပညာရပ်"လို့ အဓိပ္ပါယ်ထွက်ပါတယ်။  WCPTဟာ တစ်ကမ္ဘာ့ လုံးက နိုင်ငံအသီးသီးမှာရှိကြတဲ့ အကြောအဆစ်ကုပညာရှင် (Physiotherapist/Physical Therapist) များကို ကိုယ်စားပြုထားတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းကြီးဖြစ်တယ်။ ဒီအဖွဲ့အစည်းကြီးကို ၁၉၅၁ ခု နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အင်္ဂလန်မှာရုံးစိုက်ထားခဲ့တယ်။ အသင်းဝင်နိုင်ငံပေါင်း ၁၀၆နိုင်ငံမှ အသင်းသား အကြောအဆစ်ကုပညာရှင် သုံးသိန်းကျော်ရှိပါတယ်။
 
အကြောအဆစ်ကုညီလာခံကြီးကို WCPTက ဦးစီးဦးရွက်ပြုလို့ လေးနှစ်မှာတစ်ကြိမ် ကျင်းပပေးပါတယ်။
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ယခုတစ်ကြိမ်ကျင်းပမယ့် ညီလာခံက (၁၆)ကြိမ်မြောက်ဖြစ်တယ်။ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ၂၀၀၇ ခုနှစ်ကကျင်းပခဲ့တဲ့ (၁၅)ကြိမ်မြောက်ညီလာခံကမှစပြီး စာရေးသူ တက်ရောက်ဖူးတာပါ။ အဲဒီလိုတက်ဖြစ်ရတဲ့အကြောင်းကတော့ ဖင်လန်နိုင်ငံရှိ HURကုမ္ပဏီကြီးမှချီးမြှင့် တဲ့ ပညာသင်ဆု(Scholarship)ကို ရခဲ့တာကြောင့်ဖြစ်တယ်။

ဒါကြောင့် ယခုနှစ်မှာကျင်းပမယ့်ညီလာခံကို တက်ဖြစ်အောင်တက်ဖို့ ဗန်ကူးဗားမြို့မှပြန်လာတဲ့နေ့ကစ လို့ အားခဲထားခဲ့မိတယ်။ ဘာ့ကြောင့်လဲဆိုရင် ညီလာခံမှာတင်သွင်းခဲ့တဲ့သုတေသနစာတမ်းများဟာ အ လွန်အဆင့်အတန်းမြင့်ရုံမက အသိပညာတိုးပွားလျက် မိမိရဲ့အလုပ်မှာ လက်တွေ့အသုံးချနိုင်တာဖြစ်လို့ ပါ။  လာမယ့်အပတ်မှာပဲ ညီလာခံစတင်တော့မယ်ဖြစ်လို့ စာရေးသူအနေနဲ့ ဒီအပတ်ထဲမှာ ကိစ္စအားလုံး အဆင်သင့်ဖြစ်အောင် လုပ်နေရပါတယ်။ အလုပ်မှခွင့်ယူထားတာကြောင့် မိမိရဲ့လက်ရှိအလုပ်တွေကို ရှင်း ထားခဲ့ရသေးတယ်။ ဟိုဖက်က ကိစ္စတွေကိုတော့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းက စပြီးလုပ်ခဲ့ရတာဖြစ် တယ်။ လေယဉ်လက်မှတ်နဲ့ဟိုတယ်ကိစ္စတွေကိုတော့ ပြီးခဲ့တဲ့သုံးလက စီစဉ်ခဲ့ရတယ်။

ညီလာခံက လေးရက်ကြာမှာဖြစ်ပြီး သုတေသနစာတမ်းဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာပြသတင်ဆက် ခြင်း၊ အတွေ့အကြုံဆွေးနွေးဖလှယ်ခြင်းနှင့် ပညာပေးသင်တန်းများ စုစုပေါင်း ၁၄၀ (140 sessions)ရှိ တဲ့အပြင် တက်ရောက်ကြသူပေါင်း ၅၀၀၀ ရှိပါမယ်တဲ့။ ပြီးခဲ့တဲ့  ဗန်ကူးဗားမြို့မှာတုန်းက ညီလာခံတက် ရောက်ကြသူပေါင်း ၃၅၀၀ ကျော်ပဲရှိခဲ့တာပါ။ ဒါကိုတောင် စာရေးသူက များလှပြီလို့ အောက်မေ့ခဲ့မိသေး တယ်။   

အဖေ ခရီးသွားမယ်ဆိုတော့ လွန်ခဲ့တဲ့သုံးလေးလလောက်ကတည်းက  သမီးဖြစ်သူက အဖေအတွက် သားရေလက်ဆွဲအိတ်ကောင်းကောင်းကို သူ့ဝင်ငွေနဲ့ ၀ယ်ပေးပြီး သားဖြစ်သူကလဲ သူရဲ့အနုပညာလုပ် ငန်းကရတဲ့ငွေနဲ့ သားရေပိုက်ဆံအိတ်လှလှလေး ၀ယ်ပေးခဲ့ပါတယ်။  ဇနီးဖြစ်သူကတော့ခင်ပွန်းဖြစ်သူ ခရီးသွားတိုင်း လိုတဲ့ပစ္စည်းတွေအမြဲဝယ်ပေးနေရတာမို့ အ၀တ်အစား၊ ခရီးသွားအိတ်ကအစ သွားတိုက် ဆေးအဆုံး လိုလေသေးမရှိအောင် ပြင်ဆင်ပေးနေကြပါ။   

ဆက်ပြီးရေးပါဦးမယ်။ 

၂၆ ဇွန်
မနေ့မနက် (ဇွန်လ ၂၅ ရက် (စနေနေ့) ၉ နာရီခွဲမှာ နယ်သာလန်မှစင်ကာပူသို့ ပြန်ရောက်ခဲ့ပြီမို့ ညီလာခံ ခရီးအတွေ့အကြုံတွေကို ဆက်ပြီးရေးသွားပါမယ်။

ခရီးအစ

ချန်ဂီလေဆိပ်တွင် အမှတ်တရ။


ဇွန်လ ၁၉ ရက် (တနင်္ဂနွေ)နေ့ ညနေ ၇ နာရီလောက်မှာ အိမ်ကနေ ချန်ဂီလေဆိပ်ကို တက္ကစီနဲ့သွားခဲ့ကြ တယ်။ ဇနီးနဲ့သမီးက လိုက်ပို့ကြတာဖြစ်တယ်။ လေဆိပ်ကိုရောက်တော့ အိမ်ကဘာမှမစားလာခဲ့ရတာမို့ check-in စောစောလုပ်ပြီး ပရာနာကန်(Peranakan)စားသောက်ဆိုင်မှာ မိသားစုညစာစားကြတယ်။ ပြီး တော့ အဖေနဲ့အမေကိုသမီးက အမှတ်တရဓါတ်ပုံလေးရိုက်ပေးတယ်။  

လေယဉ်က ည ၉ နာရီ ၁၅ မိနစ်မှာမှ ထွက်မှာဖြစ်ပေမယ့် ဇနီးနဲ့သမီးတို့ အိမ်ပြန်တာ မိုးမချုပ်ရအောင်  လေဆိပ်ထဲကို ခပ်စောစောပဲ ၀င်ခဲ့တယ်။ အထဲရောက်တဲ့အခါ အချိန်စောနေသေးတာမို့ ကျောပိုးအိတ်နဲ့ လက်ဆွဲအိတ်ကို တွန်းလှည်းလေးပေါ်တင်ပြီး ဈေးဆိုင်တွေလျောက်ကြည့်ရင်း အချိန်ဖြုံးရတယ်။ ခဏ ကြာတော့ ခြေညောင်းလာလို့ လေယဉ်ခရီးသွားခန်းမ(departure room/boarding lounge)ထဲ ၀င်ထိုင် ရင်းနားလိုက်တယ်။ စင်ကာပူကနေကွာလာလန်ပူကို လေယဉ်ကတစ်နာရီအပြည့်တောင် မမောင်းလိုက် ရပါဘူး။ တစ်အောင့်လေးနဲ့ရောက်သွားခဲ့တာ။  ကွာလာလန်ပူမှာလေယဉ်ပြောင်းစီးပြီး ၁၂နာရီကြာတော့ အမ်စတာဒမ်ကို ဒေသစံတော်ချိန်နံနက် ၇ နာရီ (စင်ကာပူစံတော်ချိန် နေ့ခင်း ၁ နာရီ)တွင် ရောက်သွား ခဲ့တယ်။ လေယာဉ်မှူးက အပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ကျေညာပါတယ်။

အမ်စတာဒမ်ကိုရောက်တဲ့နေ့မနက်က Schiphol လေဆိပ်မှာအမှတ်တရ။

Schiphol လေဆိပ်က အတော်လေးကိုကြီးပေမယ့် ခရီးသွားတွေနဲ့ အပြည့်ပါပဲ။ ဟိုမေးဒီမေးလုပ်ရင်း ရထားလက်မှတ်ရောင်းတဲ့နေရာကို ရောက်သွားခဲ့တယ်။ လက်မှတ်ဝယ်ပြီးတော့ လေဆိပ်အောက်ထပ် မှာရှိတဲ့ ဘူတာရုံကို စက်လှေကားနဲ့ဆင်းရတယ်။ Central Stationဘူတာကြီးကိုသွားမယ့် နှစ်ထပ်ရ ထားကြီးဆိုက်လာတဲ့အခါ အထဲကခရီးသည်တွေ ထွက်လာလိုက်ကြတာ ကုန်ပဲကုန်ပါဦးမလား အောက် မေ့ရတယ်။ 


အမ်စတာဒမ်မြို့ဟာ တူးမြောင်းများနဲ့အလွန်လှပတဲ့မြို့အဖြစ် ထင်ရှားပါတယ်။ (Photo - WCPT Congress News)
 
Amstel Botel အမည်ရှိ ရေပေါ်ဟိုတယ်။

အမ်စတာဒမ် Schipholလေဆိပ်ကနေ အမ်စတာဒမ်Central Stationဘူတာကြီးကို မိနစ် ၂၀ လောက် နှစ်ထပ်ရထားကြီးစီးသွားပြီး၊ အဲဒီကနေမှတစ်ဆင့် မိမိတည်းခိုမယ့် Amstel Botel ဟိုတယ်ကို "ကြိုပို့ ရေယဉ်" (ferry)စီးပြီး သွားရပြန်တယ်။ ၁၀ မိနစ်လောက်ပဲကြာတာပါ။      


Central Stationဘူတာကြီးနဲ့ ဟိုတယ်ကို ပြေးဆွဲပေးနေတဲ့ ကြိုပို့ရေယဉ်။

ဟိုတယ်မှာ ပစ္စည်းတွေနေရာချ ရေမိုးချိုးပြီး ညီလာခံကျင်းပတဲ့ Amsterdam RAI Exhibition and Convention Centre ကို ferryနဲ့ရထား အဆင့်ဆင့်စီးပြီး သွားခဲ့ရတယ်။ ညီလာခံကိုရောက်တော့ မှတ်ပုံ တင်ကောင်တာသွားလို့ ညီလာခံအစီအစဉ်စာအုပ်(Programme)နဲ့ အမည်ကဒ်ပြားတွေ ထုတ်ယူရတယ်။ ကမ္ဘာ္ဘ့နိုင်ငံအသီးသီးက ညီလာခံကိုယ်စားလှယ်အတော်များများ ရောက်နှင့်နေကြပါပြီ။

နယ်သာလန်နိုင်ငံရဲ့ အမျိုးသားအရောင်ဖြစ်တဲ့ လိမ်မော်ရောင်လွယ်အိတ်ကလေးတွေကိုယ်စီ လွယ်ကြ ဆွဲကြလို့ ဟိုတစ်စု ဒီတစ်စု ရှိနေကြလေရဲ့။ အားလုံးရဲ့မျက်နှာတွေပေါ်မှာ ပျော်ရွင်မှုနဲ့ တက်ကြွနိုးကြားမှု များ ပေါ်ပေါ်လွင်လွင်ထင်ဟပ်လို့ နေပါတယ်။ 

တစ်ဦးနဲ့တစ်ဦး ပြုံးပြကြ၊ လက်ဆွဲနှုတ်ဆက်ကြ၊ မိတ်ဖွဲ့လားမိတ်ဖွဲ့ကြနဲ့ ... ကြည်နူးစရာမြင်ကွင်းများ။ 



ညီလာခံခမ်းမအ၀င်က မုဒ်ဦးမှာ ကိုယ်စားလှယ်များ အမှတ်တရဓါတ်ပုံရိုက်နေကြစဉ်။



ပြူတာရီကို (Puerto Rico)နိုင်ငံမှ ညီလာခံကိုယ်စားလှယ်နှစ်ဦးနှင့် အမှတ်အရ။

အချို့က အချင်းချင်း ရယ်ရယ်မောမောနဲ့ စကားတွေဖောင်ကြလို့။ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ ကြတာဖြစ်မှာပါ။ အချို့ကတော့ ညီလာခံအစီအစဉ်စာအုပ်ကိုလှန်လှော်ဖတ်ရှုနေကြလေရဲ့။ အချို့ကတော့ "ဒတ်(ခ်ျ)ကျေးရွာ"လို့ ချစ်စနိုးအမည်ပေးထားတဲ့ခန်းမကြီးထဲမှာ အင်တာနက်သုံးသူသုံး၊ သုတေသနစာ တမ်းအနှစ်ချုပ် ဖတ်သူဖတ်၊ အေးအေးလူလူ စကားစမြီပြောသူတွေပြောကြလို့ ရှိနေကြတယ်။ 


စာရေးသူဟာ ကျယ်ကျယ်ဝန်းဝန်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ "ဒတ်(ခ်ျ)ကျေးရွာ"ထဲမှာ တစ်ခါတစ်ခါ သွားပြီးထိုင်ရင်း အနားယူပါတယ်။ လှလှပပပြင်ဆင်ထားတဲ့ ရောင်စုံကျူးလစ်ပန်းလေးတွေကိုကြည့်ရင်း စိတ်လက်ကြည်နူးခြင်း ဖြစ်ရတယ်။ 


 "ဒတ်(ခ်ျ)ကျေးရွာ"ခန်းမအ၀င်။






ညီလာခံမှတ်ပုံတင်ကောင်တာ
ပိုစတာပြခန်းဆောင်။

ပိုစတာပြခန်းဆောင်ထဲမှာ ပြထားတဲ့ပိုစတာတွေက အရေအတွက်အားဖြင့် ရာဂဏန်းအထိရှိပါမယ်။ ပုံ တွေ၊ ဇယားကွက်တွေ၊ ဂရပ်တွေ၊ ရှင်းလင်းချက်တွေ ရေးထား ပြထားတဲ့အပြင် လူကိုယ်တိုင်ပါ ပြောပြ ပါတယ်၊ မေးခွန်းလဲမေးလို့ရတယ်၊ ဆွေးနွေးလို့လဲရတာမို့ စိတ်ဝင်စားစရာလေ့လာမှတ်သားစရာကောင်း ပါတယ်။ ဒါပေမဲ့ စာရေးသူအနေနဲ့ ပိုစတာပြခန်းဆောင်(Poster and Exhibition)ထဲကို ညီလာခံကျင်းပ တဲ့ ၄ ရက်အတွင်းမှာ တစ်ခေါက်ပဲ ရောက်နိုင်ခဲ့ပါတယ်။ သုတေသနစာတမ်းဖတ်ကြားတင်သွင်းတဲ့ ဒါမှမ ဟုတ် ဆွေးနွေးတင်ပြတဲ့နေရာတွေဖြစ်တဲ့ Platform abstracts, Focused symposia နဲ့ Networking sessions တွေကိုပဲ ဦးစားပေးတက်နိုင်ခဲ့တာဖြစ်ပါတယ်။    

 "ဒတ်(ခ်ျ)ကျေးရွာ"ခန်းမအတွင်းက မြင်ကွင်း။

 တစ်ကျောင်းတည်းကထွက်ပြီး နိုင်ငံအသီးသီးမှာရောက်နေကြတဲ့
ငယ်သူငယ်ချင်းတွေလည်း ပြန်ဆုံကြသတဲ့။
  (Photo - WCPT Congress News)



     
"ဒတ်(ခ်ျ)ကျေးရွာ"ခန်းမက ကျူးလစ်ပန်းပင်
အနားမှာ အေးအေးလူလူစာဖတ်နေတဲ့ 
အာဖရိကမှ ကိုယ်စားလှယ်တစ်ဦး။ 
(Photo - WCPT Congress News)
        



ယခုညီလာခံကြီးရဲ့ ထူးခြားချက်အချို့ကတော့၊ 

၁။ ညီလာခံဖွင့်ပွဲအခမ်းအနားကို နယ်သာလန်နိုင်ငံရဲ့ သမီးတော်မာဂရက် (Princess Margriet) ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ချီးမြှင့်ပေးခြင်း၊

သမီးတော်မာဂရက်မှာ လွန်ခဲ့တဲ့ ၄၁ နှစ် (၁၉၇၀)ကလည်း
ဒီညီလာခံကို အမ်စတာဒမ်မြို့မှာပဲ ဖွင့်လှစ်ပေးခဲ့သေးတာဖြစ်တယ်။
 (Photo - WCPT Congress News)


နယ်သာလန်နိုင်ငံရဲ့ သမီးတော်မာဂရက် (Princess Margriet)အား ကမ္ဘာ့အကြောအဆစ်ကုအဖွဲ့အစည်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမာရီလင်းမော့ဖတ်(ယာအစွန်)နှင့်အတူ ညီလာခံဖွင့်ပွဲနေ့က တွေ့ရစဉ်။ (Photo - WCPT Congress News)




သမီးတော်မာဂရက်က ကျူလစ်ပန်းပင်ကို  ရေလောင်းပေးသည့် အမှတ်လက္ခဏာဖြင့် 
ညီလာခံအား ဖွင့်လှစ်ပေးစဉ်။ (Photo - WCPT Congress News)
စနစ်တကျမြေတောင်မြှောက် ရေလောင်းပေးတော့ လှလှပပနဲ့ဝေေ၀ဆာဆာ ကြီးထွားဖူးပွင့်လာတဲ့ ကျူးလစ်ပန်းဟာ ဒီကနေ့ဖွံ့ဖြိုးတိုးတက်နေတဲ့အကြောအဆစ်ကုဆေးပညာရပ်(Physiotherapy)ကို ဖော်ကျူးရည်ညွှန်းတာပဲ ဖြစ်တယ်။ အကြောအဆစ်ကုဆေးပညာရပ်ရဲ့ အဆင့်အတန်းမြင့်မားလာမှု နဲ့အတူ ဆေးပညာနယ်ပယ်မှာ အကြောအဆစ်ကုပညာရှင်များရဲ့အရေးပါမှုကို တစ်နေ့တစ်ခြား အသိ အမှတ်ပြုခံနေရပြီဖြစ်တယ်။  


လူသားတို့၏စွမ်းအား၊ ချိန်ဆထိန်းကြောင်းနိုင်စွမ်းနှင့်၊ သွယ်ပြောင်းညွှတ်တိမ်းလှုပ်ရှားနိုင်မှုအလှကို ဖော်ကျူးသည့် အံ့မခမ်း ပြကွက်။ (Photo - WCPT Congress News)

"အမ်စတာဒမ်ရွိုင်းစင်တာ"(The Amsterdam RAI Exhibition and Convention Centre)မှာရှိတဲ့ခန်းမ ကြီး(Auditorium)တွင်ကျင်းပတဲ့ ညီလာခံဖွင့်လှစ်တဲ့နေ့က ညီလာခံတက်ရောက်သူတွေများလွန်းလို့ နေ ရာမပေးနိုင်တာကြောင့် အချို့သောကိုယ်စားလှယ်များ မတက်ရောက်နိုင်ပဲ ဖြစ်ခဲ့ရတယ်။ စာရေးသူတက် ရောက်ခဲ့ဖူးတဲ့ကမ္ဘာ့ညီလာခံကြီးတွေမှာ တက်ရောက်သူတွေများလွန်းလို့ နေရာမပေးနိုင်လို့ ဖွင့်ပွဲအခမ်း အနားကို ကိုယ်စားလှယ်အချို့ မတက်ရောက်နိုင်ဘူးဆိုတာ ဒီတစ်ခါပဲကြုံဖူးပါသေးတယ်။ 
ဘာ့ကြောင့်ပါလဲ။

၂။ နိုင်ငံတကာမှ ညီလာခံတက်ရောက်လာကြသူပေါင်း ၅၂၇၄ ဦးရှိခြင်း၊

အိမ်ရှင်နယ်သာလန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတွေက ကိုယ်စားလှယ်ဦးရေ ရာဂဏန်းနဲ့ချီပြီး တက်ခဲ့ကြတာ ဖြစ်တယ်။ အာရှကနိုင်ငံတွေထဲမယ်တော့ ဂျပန်က အများဆုံးလို့ ဆိုပါတယ်။ 

၃။ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီးသို့ နောက်ထပ်အသင်းဝင်(၈)နိုင်ငံ ပါဝင်လာခြင်း။ အဲဒီနိုင်ငံတွေကတော့ အာဂျင်တီးနား၊ မကာအို၊ မောရစ်ရှပ်၊ ပါကစ္စတန်၊ ပါရာဂွိုင်း၊ ယူကရိန်း၊ အိုမန်နဲ့ စလိုဗားကီးယားတို့ ဖြစ်ကြတယ်။  

အသင်းဝင်နိုင်ငံအသစ်မှ ကိုယ်စားလှယ်များကို WCPT ဥက္ကဋ္ဌ ဒေါက်တာမာရီလင်မော့ဖတ်နှင့်အတူ တွေ့ရစဉ်။

ဒေါက်တာမာရီလင်းမော့ဖတ်
အမ်စတာဒမ်မြို့မှာ ယခုကျင်းပပြီးစီးသွားခဲ့တဲ့ (၁၆)ကြိမ်မြောက်ညီလာခံနဲ့ ပတ်သက်လို့ ကမ္ဘာ့အကြော အဆစ်ကုအဖွဲ့အစည်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမာရီလင်းမော့ဖတ်က "အခုတက်ရောက်လာကြတဲ့ကိုယ် စားလှယ်တော်တွေထဲက အတော်များများဟာ ဒီညီလာခံကိုပထမဆုံးအကြိမ်တက်ရောက်လာကြတာဖြစ် သလို၊ အချို့ကတော့ ၁၉၇၀ခုနှစ်က အမ်စတာဒမ်မှာ ပထမအကြိမ်ကျင်းပခဲ့တုံးက တက်ရောက်ခဲ့ဖူးသူ တွေဖြစ်ကြတယ်။ ကမ္ဘာ့အကြောအဆစ်ကုညီလာခံကြီးဟာ လေးနှစ်မှာမှတစ်ကြိမ်ပဲကျင်းပတာဖြစ်လို့ တစ်ကမ္ဘာလုံးကအကြောအဆစ်ကုပညာရှင်များ တစ်နေရာထဲမှာ အခုလိုတစ်စုတစ်ဝေးကြီးဆုံတွေ့နိုင် ကြတာမို့ အလွန်ထူးခြားတဲ့အခန်းအနားကြီးဖြစ်ပါတယ်။ ဒီညီလာခံကိုလာကြတယ်ဆိုကတည်းက ကိုယ် စားလှယ်များအနေနဲ့ မိမိတို့အတတ်ပညာနဲ့သက်ဆိုင်ပြီး သိချင်တာတွေ လေ့လာမှတ်သားချင်တာတွေ မေးချင်တာတွေ ဆွေးနွေးတင်ပြချင်တာတွေ ရှိကြမှာ သေချာပါတယ်။ ဒါ့အပြင် မိတ်ဆွေဟောင်းများ မိတ်ဆွေအသစ်များနဲ့လည်း အချိန်ပေးတွေ့ဆုံပြီး အဆက်အသွယ်တွေလုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်"လို့ ပြောကြားတိုက်တွန်းခဲ့တာဖြစ်တယ်။ 


ဆက်ပြီးရေးပါဦးမယ်။

၂၈ ဇူလိုင်



ယခုလထုတ် WCPT Newsသတင်းလွှာမှာ နိုင်ငံအလိုက် အများဆုံးတက်ရောက်ကြတဲ့ ညီလာခံကိုယ် စား လှယ်စာရင်းပါရှိခဲ့တယ်။  နိုင်ငံပေါင်း ၁၀၀ ကျော်မှ အကြောအဆစ်ပညာရှင်ပေါင်း ၅၂၇၄ ဦးတက် ရောက်ခဲ့ ကြတယ် ဆိုပါတယ်။

၁။ အိမ်ရှင် နယ်သာလန်နိုင်ငံမှ ၁၁၅၄ ဦး၊
၂။  ဗြိတိန်မှ ၃၇၀ ဦး၊
၃။ အမေရိကန်မှ ၃၅၅ ဦး၊
၎။ ဂျပန်မှ ၂၈၅ ဦး၊
၅။ ဂျာမဏီမှ ၂၇၇ ဦး၊ 
၆။ ဘရာဇီးမှ ၂၅၉ ဦး၊
၇။ ကနေဒါမှ ၂၄၆ ဦး၊
၈။ ဆွစ်ဇာလန်မှ ၂၁၃ ဦး
၉။ သြစတေးလျမှ ၂၁၁ ဦး
၁၀။ ဒိန်းမတ်မှ ၁၈၀ဦး။



No comments:

Post a Comment