"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 18, 2013

စနေ တနင်္ဂနွေ


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၁ ရက်။



စင်ကာပူကျွန်းလေးပေါ်မှာ နှစ်ယောက်တည်း အမှတ်တရ။ 



မိမိသည် မြန်မာပြည်မှာတုန်းကလည်း ၀န်ထမ်းဖြစ်ခဲ့သည်။
စင်ကာပူနိုင်ငံကို ရောက်လာပြန်တော့လည်း လခစားဝန်ထမ်းအလုပ်ပင် လုပ်ရပြန်သည်။
သို့မို့ကြောင့် စနေ တနင်္ဂနွေရက်များတွင် အလုပ်နားပြီး အိမ်မှာနေလို့ရသည်။
သို့မို့ကြောင့်လည်း စနေ တနင်္ဂနွေကို ချစ်သည်။

မြန်မာပြည်မှာက ၀န်ထမ်းသက် ၁၉ နှစ်နီးပါး စနေနေ့တိုင်း နေ့တစ်ဝက်လုပ်ခဲ့ရသေး၏။ နေ့တစ်ဝက် လုပ် ရသည်ဆိုသော်လည်း အိမ်ကိုပြန်ရောက်သောအခါ တကယ်က နေ့တစ်ဝက်အပြည့် မကျန်တတ်တော့။
စင်ကာပူကို စပြီးရောက်စ ၂ နှစ်ခန့်က စနေနေ့မှာ နေ့တစ်ဝက်လုပ်ခဲ့ဖူး၏။ နောက်မှ စနေနေ့မှာ အလုပ် မ လုပ်ရလေတော့။  

စနေ တနင်္ဂနွေရက်များတွင် မိမိသည် အိမ်မှာ မိသားစုနှင့်အတူ နေလေ့ရှိသည်။ အကြောင်းတစုံတရာမရှိပဲ အပြင်ကို သွားလေ့မရှိ။ မြန်မာပြည်မှာတုန်းကလည်း အိမ်မှအလုပ်၊ အလုပ်မှ အိမ်သို့သာ တန်းတန်းမတ်မတ် သွားလေ့ရှိပြီး ဟိုဟိုဒီဒီ လည်ပတ်လေ့မရှိ။ အပေါင်းအသင်းများနှင့် အလဟဿ လတ်လျားလတ်လျား သ ဝေထိုးလေ့မရှိ။ ၀ိုင်းဖွဲ့ပြီး စားလေ့သောက်လေ့ မရှိ။ လောင်းကစားလေ့ မရှိ။  

စင်ကာပူမှာလည်း ဒီအတိုင်းပင်။ မိသားစုနှင့် အချိန်ပြည့် နေသည်။ အိမ်လည်သည့်အကျင့် မရှိ။ စာဖတ် သည်။ စာရေးစရာရှိသည့်အခါ စာရေးသည်။ ကျန်းမာရေး လေ့ကျင့်သည်။ တယ်လီဗီးရှင်းကြည့်သည်။ ကွန်ပြူတာ သုံးသည်။ ပျင်းဖို့အချိန် မရှိတတ်ပေ။

ယခု အသက်ကြီးလာသောအခါ အိမ်တွင် မိမိနှင့်ဇနီးတို့နှစ်ဦးသာ အိမ်မှာ အမြဲရှိတတ်သည်။ သမီး အိမ် ထောင်မပြုမီက အိမ်မှာ အမြဲရှိနေတတ်သော်လည်း သူ့အိပ်ခန်းတွင် သူဖာသာနေလေ့ရှိသည်။ ယခု သမီးက သူ့အိမ်နှင့်သူဖြစ်သွားပြီး သားလူပျိုတစ်ယောက်သာ အိမ်မှာရှိတော့သော်လည်း သူလည်း သူ့အမလို သူ့အိပ် ခန်းထဲမှာ သူဖာသာနေလေ့ရှိသည်။ သို့သော် သူ့အမနှင့်မတူတာ တစ်ချက်တော့ရှိ၏။ သမီးအိမ်မှာရှိတုန်းက သူ့အသံ မကြားရတတ်။ တိတ်ဆိတ်လို့ နေတတ်၏။




ဝရမ်တာမှာ အိမ်ရှင်မ၏လက်ရာ ဘူးသီးကျော်ကို အတူစားကြရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောလို့ ..။ 



သားကတော့ လူကို မမြင်ရသော်လည်း သူ၏အသံကိုတော့ ကြားရလေ့ရှိသည်။ ကြားရသည်မှ ကျယ်ကျယ် လောင်လောင်ကြီးကို ကြားရသည်။ အကြောင်းကတော့ မကြာမကြာ သီချင်းအော်ဆိုလေ့ရှိသောကြောင့် ဖြစ် ပါလေ၏။ သားက သီချင်းဆို အလွန်ဝါသနာပါ၏။

ဒီတော့ မိမိနှင့်ဇနီးတို့သည် မူလကမှ ဝေးဝေးမနေတတ်ကြသည့်အထဲ ‘ကျွန်းကလေးမှာ နှစ်ယောက်တည်း’ လိုဖြစ်သွားပြီး ပို၍ အတူစကားပြောဖြစ်ကြသည်။ ပို အတူတယ်လီဗီးရှင်းကြည့်ဖြစ်ကြသည်။ ပို၍ အတူ အ ပြင်ထွက်ဖြစ်လာကြသည်။ တစ်ခါတစ်ခါ နှစ်ထပ်ဘတ်(စ)ကား အပေါ်ထပ်မှ ခရီးအစမှအဆုံး တစ်ပတ် ပတ် ပြီး အပျော်စီးတတ်ကြသည်။ တစ်ခါတစ်ခါ MRT ရထားစီးပြီး ချမ်းစိမ့်စိမ့် လေအေးစက်အရသာလေးကို ဇိမ်ခံ ရင်း ချန်ဂီလေဆိပ်သို့သွားကာ သူကောမိမိပါကြိုက်သော Chicken Baked Rice စားကြသေး၏။  


Chicken Baked Rice က စင်ကာပူနေရာအနှံ့အပြားမှာ ရနိုင်ပါရက်နှင့် အဘယ်ကြောင့် ချန်ဂီလေဆိပ်အထိ သွားပြီးစားရသလဲဆိုတော့ မိမိတို့စားဖူးသမျှ Swensen ဆိုင် သုံးလေးဆိုင်မှာ လေဆိပ်အောက်ထပ် ဆိုင်က လက်ရာကို အကြိုက်ဆုံးမို့ပါ။ Funan အပေါ်ထပ်ကဆိုင်မှာ စားဖူးသည်။ သိပ်မကြိုက်ပါဘူး။ Orchard မြေ အောက်ဘူတာက ဆိုင်မှာစားတာလည်း သိပ်ပြီးအရသာ မတွေ့လှဘူး။ အခြား တစ်ဆိုင် နှစ်ဆိုင်မှာ စားတာ ပိုလို့ပင် ဆိုးချေသေး၏။ နောက်တစ်ချက်က စောစောကပြောသလို မိမိတို့နေသည့် ဂျူရောင်းအနောက်ပိုင်းမှ ရထားအကြာကြီးဇိမ်ခံစီးပြီး အေးအေးဆေးဆေး သွားရသည်ကို နှစ်သက်သည်လည်းပါ၏။  

နောက်ပြီး လေဆိပ်သို့ရောက်သောအခါ မြန်မာပြည်မှလာကြသူများနှင့်မြန်မာပြည်ကိုပြန်ကြသူများကို ကြည့်ရင်း လွမ်းလို့ရ၏။


အသက်ကြီးလာသည့်အခါ မိမိတို့နှစ်ဦးသည် သူ့ငယ်ဘ၀ ကိုယ့်ငယ်ဘ၀များအကြောင်း၊ သူ့ဆွေမျိုး ကိုယ့် ဆွေမျိုးများအကြောင်း၊ သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်းများအကြောင်း ပြန်ပြောင်းပြောရသည်တို့ကို အရ သာတွေ့လှ၏။ တစ်ခါမက ပြောဖြစ်ကြ၏။ နှစ်ခါမကလည်း ပြောဖြစ်ကြပြန်၏။ သို့သော် မည်သည့်အခါမှ နားတွင် မရိုးသွားလေကြ။ ပြန်ပြောကြတိုင်း ပြန်ပြီး နားထောင်ကြရတိုင်း နားထောင်လို့သာ ကောင်းနေ တတ်ပါ၏။ စိတ်ဝင်စားဖွယ်ဖြစ်လို့ နေတတ်ပါ၏။     

သို့မို့ကြောင့်လည်း စနေ တနင်္ဂနွေကို မိမိတို့ ပိုပြီး ချစ်ကြပါ၏။ 




စာရေးသူ၏ ဖွားသက်ရှည် အမေကြီး(အဖွား) ဒေါ်ဝါမှီ။ (ဓာတ်ပုံ - ဂျူဒို အေးမောင်၊ ရွှေဘို)




ဇနီးက သူ့အဖေဘက်မှအဖိုး ဦးဖိုးရင်သည် အပြင်ထွက်တိုင်း သူ့ကို ပခုံးနှစ်ဖက်မှာခွတင်ပြီး ချီသွားလေ့ရှိ ကြောင်း၊ ကျောင်းကိုလည်း နေ့စဉ်အကြိုအပို့ လုပ်ပေးကြောင်း ပြောသောအခါ မိမိကလည်း အားကျမခံ ဤ သို့ ပြန်ပြောရသည်။  မိမိသည် ဟိုဘ၀က မိမိ၏လက်ရှိဘ၀မှအဖွား ဒေါ်ဝှါမီ(မိခင်၏အမေ)၏ခင်ပွန်း တော် ခဲ့ကြောင်း၊ အဖွား၏ခင်ပွန်းသေဆုံးစဉ်က သူ၏ပခုံးကို အိုးမဲခဲ(မီးသွေးခဲ)ဖြင့် အမှတ်အသားပြု ရေးခြစ်လိုက် ရာ မိမိမွေးလာသည့်အခါ ယင်းအမှတ်အသားက ထင်ထင်ရှားရှားကြီး ပါလာခဲ့သည်။ 

သို့ဖြစ်ရာ အမေ့မောင် နှမအရင်းအချာများ(မိမိ၏ဦးကြီး ဦးလေးနှင့် အဒေါ်များ)က မိမိကို ပ,စားပေးပြီး ချစ် ကြသည်။ မိမိတို့ အညာဒေသအခေါ် အမေကြီး(အဖွား)သည် စားစရာရှိတိုင်း မိမိအား ချောင်တစ်နေရာသို့ လက်ကုတ်ခေါ်သွားပြီး အခြားသောမြေးများမသိအောင် တိတ်တိတ်ကျွေးလေ့ရှိ၏။

မိမိ အလုပ်ထဲရောက်ပြီးနောက်၊ တစ်ခါ နောက်ပိုင်းမှာ အိမ်ထောင်ကျပြီး ကန်ဘလူသို့ ခေတ္တအလည်ပြန် တိုင်း ထိုစဉ်က အသက် ၉၀ ကျော် ၁၀၀ ကျော်ရှိ အမေကြီးပြောခဲ့သည့်စကားကို မိမိနှင့်ဇနီးတို့ ယနေ့တိုင် အမှတ်ရလျက်ရှိပြီး တစ်ခါတစ်ခါ လွမ်းလွမ်းဆွတ်ဆွတ်ကြီး ခံစားပြောဖြစ်ကြပါသေးသည်။  

“နောက်နှစ်ကို ငါ့မြေးတို့ ဆက်ဆက်လာခဲ့ကြဦးနော။ အဖွား မသေသေပါဘူး”လို့ပါ။


သို့သော် အသက် ၁၀၃ နှစ်အထိ ကျန်းကျန်းမာမာသွားသွားလာလာနေသွားခဲ့သော မိမိ၏အဖွားကား ယခု အခါမှာ မရှိရှာလေတော့။ 


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆုတ် ၄ ရက်။ 25 August (Sunday) 

ဆန်းတက်စစ်တီး

မိမိတို့ဇနီးမောင်နှံ သွားလေ့သွားထရှိသော နေရာတစ်ခုမှာ ဆန်းတက်စစ်တီး (Suntec City) ဖြစ်သည်။ မိမိ တို့ ယခင်ကခေါ်နေကျ နှုတ်ကျိုးနေသည့် 'ဆန်းတက်စစ်တီး'ကို လွန်ခဲ့သော ၁ နှစ်ခန့်က အကြီးအကျယ်ပြန် လည်ပြုပြင်ပြီးနောက် ယခုအပတ် စနေနေ့ (၂၄ သြဂုတ်လ)တွင်မှ ပထမဆုံး ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။

ယခုတော့ အမည်သစ်ကလေး ပေးထားလို့ .. 'ဆန်းတက် စင်ကာပူ' ပါတဲ့။



အသွင်သစ် အမြင်သစ်ဖြင့် လှပနေသည့် ဆန်းတက်စင်ကာပူ။ (ဓာတ်ပုံ - ဖိုးတာ၊ ၂၄ သြဂုတ် ၂၀၁၃။)


ယခင်အခါများက ဆန်းတက်စစ်တီးကို မိမိတို့ သွားကြသည်မှာ အိမ်မှအပြင်သို့ (၀ါ) မြို့ ထဲသို့ ဘတ်စ်ကား ခရီးရှည်စီးရင်း မိမိတို့ကြိုက်တတ်သည့် chicken rice သို့မဟုတ် ဒန်ပေါက်စားရန်ဖြစ်ပြီး တစ်ခါတစ်ရံတွင်မူ Carrefour (hypermarket chain) ၌ အိမ်အတွက် အသုံးလိုသော ပစ္စည်းလေးများကို  ၀ယ်တတ်ပါသည်။ မိမိတို့လျှာနှင့်အတွေ့ဆုံး chicken rice ကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ဂျူရောင်းပွိုင့် (Jurong Point) ဒုတိ ယထပ်ရှိ စားသောက်ဆိုင်တန်းတွင်စားလေ့ရှိပြီး နောင်တွင် ယင်းဆိုင်မရှိတော့သည့်အခါ မိမိတို့စိတ်ကြိုက် ကြက်ဆီထမင်းဆိုင်ကို မတွေ့သဖြင့် ကြုံသလိုသာ အာသာပြေ စားဖြစ်ခဲ့ကြပါသည်။ လွန်ခဲ့သော ၃ နှစ်ကမှ မိမိတို့စိတ်တိုင်းကျ ကြက်ဆီထမင်းဆိုင်ကို  ဆန်းတက်စစ်တီးမြေညီထပ်မှာ တွေ့ခဲ့ပြီး မကြာမကြာသွားပြီး စားဖြစ်ခဲ့ပါသည်။


တစ်ခါ လွန်ခဲ့သည်နှစ်က ဆန်းတက်စစ်တီးကို ပြန်လည်ပြုပြင်ရန် ပိတ်လိုက်သောအခါ မိမိတို့စိတ်ကြိုက် ကြက်ဆီထမင်းနှင့် နောက်တစ်ကြိမ် ဝေးခဲ့ရပြန်ပါ၏။ ဒါကြောင့် ဆန်းတက်စစ်တီးသို့ ယခုတစ်ခေါက် ပြန် ရောက်သောအခါ ယခင်ကမိမိတို့စားဖူးသည့် ကြက်ဆီထမင်းဆိုင်ကို ရောက်ရောက်ချင်း အရင်ရှာမိသည်။ ယခင်ကလို မြေညီထပ်တွင်မတွေ့ရသော်လည်း မြေအောက်ထပ်တစ်နေရာရှိ စားသောက်ဆိုင်တန်းတွင် တွေ့ခဲ့ရသဖြင့် စိတ်အေးသွားပါ၏။  



ပင်နင်းစူးလားပလာဇာ အောက်ထပ်ရှိ ရနံ့သစ်စားသောက်ဆိုင်မှာ မန္တလေးပဲကြော်စားကြရင်း ...။


‘ဆန်းတက် စင်ကာပူ’ တွင် ဘောင်းဘီရှည် ၂ ထည်ဝယ်ပြီးနောက် မြေအောက် CityLink Mall ဆိုင်တန်းတ လျှောက် ဟိုကြည့်ဒီကြည့် လမ်းလျှောက်ကြလျက် မြန်မာရွာကြီးရှိရာ ပင်နင်းစူးလားပလာဇာသို့ သွားကြပါ သည်။ ဟိုကိုရောက်သည့်အခါ မြေအောက်ထပ်ရှိ ရနံ့သစ်စားသောက်ဆိုင်၌ လက်ဖက်ရည်နှင့်အကြော်စုံ စားပြီး အေးအေးလူလူ နားရ၏။ အကြော်စုံမှာ ဗယာကြော် သေးသေးလေးများပါ၏။ ကော်ပြန့်လိပ် သေး သေးလေးများလည်း ပါ၏။ နောက်ပြီး မစားရသည်မှာကြာပြီဖြစ်သော မန္တလေးမတ်ပဲကျော်ရသဖြင့် လာရ ကြိုးနပ်လေစွ။ စားလို့လည်း ကောင်းပါ၏။

မိမိတို့နှစ်ဦးသည် မြန်မာပြည်သို့ပြန်ကြတိုင်း မန္တလေးမတ်ပဲကျော်ကို မန္တလေးရောက်ခိုက်မှာ မစားဖြစ်ကြပဲ ရန်ကုန်ပြည်ထောင်စုရိပ်သာလမ်းရှိ စားသောက်ဆိုင်၌သာ စားဖြစ်ပါသည်။   

စနေ တနင်္ဂနွေနေ့များတွင် အပြင်သို့မသွားဖြစ်သော် အိမ်ရှင်မက အိမ်၌ မြန်မာအစားအစာ တစ်မျိုးမျိုးလုပ် ကျွေးတတ်ပါသည်။ မုံ့ဟင်းခါး ချက်သည်။ ထမင်းသုတ် သုတ်သည်။ ဆီထမင်း သို့မဟုတ် အုန်းနိုခေါက်ဆွဲ ချက်သည်။ အကြိုက်ဆုံးကတော့ မုန့်တီသုတ်ဖြစ်ပါ၏။ စာရေးသူတို့ အညာဒေသမှာ မုန့်တီဟုသာခေါ်လေ့ ရှိပြီး ‘သုတ်’ထည့်ပြီး ခေါ်လေ့မရှိကြပေ။

တစ်ခါတစ်ခါတော့ မုန့်တီလုပ်စားသည်နှင့်ပတ်သက်ပြီး အိမ်ကိုလာသည့် အပေါင်းအသင်းများအား ရယ်စ ရာလုပ်ကာ ပြောရသည်။  
  

ဟို ရုပ်ရှင်ဇာတ်ကားတစ်ခုမှာပေါ့ဗျာ (‘ရှမ်းပြည်ရောက် ဧည့်သည်’ ဟု ထင်ပါသည်) ရှမ်းတိုင်းရင်းသူလေး အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးဒေါ်စံရှားတင်က ပြည်မကလာတဲ့ သူ့ချစ်သူကို “ခမ်း ကိုချစ်ရင် ခေါပုတ်ကို လည်း ချစ်ရမှာပဲနော်” လို့ ပြောခဲ့ဖူးသလို ကျနော်ကလည်း “အညာသားကိုချစ်ရင် မုန့်တီကိုလည်း ချစ်ရ မယ်လို့ ပြောထားလို့ ခဏခဏ မုန့်တီလုပ်ကျွေးနေတာလေ” ဟု ညာတာပါတေးနှင့် လံကြုတ်လုပ်ပြီး ပြော ရပါ၏။ 









ဆက်ပြီးရေးပါဦးမည်။







1 comment: