"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, August 7, 2013

နိုင်ငံခြားသွား ဒုက္ခ


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့။ ည ၁၁ နာရီ ၃၈ မိနစ်။


စောစောကတင်လေးပဲ မိမိရဲ့  ကျွန်းသာယာဘလော့ကို ဖွင့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က မိမိ ဒီနိုင်ငံကိုရောက်ပြီးစအချိန်မှာ ရေးထားတဲ့ဆောင်းပါးလေးတစ်ပုဒ်ကို မထင်မှတ်ပဲ ပြန်ပြီး တွေ့လိုက်ရလို့ ကိုယ့်ဖာသာ ဖတ်ကြည့်မိပါသေးတယ်။

ဘာတဲ့ …

“နိုင်ငံခြားသွား အန္တရာယ်” ပါတဲ့။

ဆရာကိုမြတ်ခိုင်ရဲ့  ကြီးပွားရေးမဂ္ဂဇင်းမှာ ရေးခဲ့တာဖြစ်တယ်။ အမှန်အတိုင်း ၀န်ခံရရင် မိမိရေးခဲ့တဲ့ ဒီခေါင်း စဉ်နဲ့ဒီစာကို မေ့တေ့တေ့တောင် ရှိနေပါပြီ။ သြော် ငါ ဒီလိုဆောင်းပါးမျိုး ရေးခဲ့ပါလားဆို တာ ပြန်သတိရပြီး ၀မ်းသာမိပါသေးတယ်။ ကာယကံရှင်ဖြစ်တဲ့ မိမိကိုယ်တိုင်က မေ့နေတဲ့စာလေးကို ကျွန်းသာယာစာဖတ်ပရိ သတ်က ရှာဖွေဖတ်ကြလို့ အခုလောလောဆယ်မှာ အဖတ်များတဲ့ (၁၀)ပုဒ် စာရင်းတွင် မိမိ ပြန်တွေ့ရတာဖြစ် တယ်။

“နိုင်ငံခြားသွား အန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်လေးကိုမြင်ရတော့ အခုရက်ပိုင်းအတွင်း မိမိစိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေတဲ့ကိစ္စလေးကို ပြောချင်မိပါတယ်။

ဒီလိုပါ။  

ပြီးခဲ့တဲ့အပတ် စနေနေ့က ရန်ကုန်မှ မိတ်ဆွေဦးတင်မြင့်က မိမိထံဖုန်းဆက်ပြီး ကမ္ဘာ့အကြောအဆစ်ကု ပ ညာရပ်နေ့ (World Physical Therapy Day) ကျင်းပရေးနဲ့ပတ်ပြီး ဆွေးနွေးတိုင်ပင်ကြ ရင်း မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(University of Medical Technology) က ကျောင်းသူကျောင်းသား ၂ ဦးလည်း “ဆရာအေး သွားမယ့် ထိုင်ဝမ်က ညီလာခံကို သွားကြမယ်” လို့ သတင်းပေးပါတယ်။






အဲဒီအကြောင်းပြောရင်း ဦးတင်မြင့်က သွားမယ့်ကျောင်းသား ၂ ဦးအတွက် ထောက်ပံ့ငွေ မလုံမလောက် ဖြစ်နေတာကို ဆက်ပြီးပြောပါတယ်။ ဒါနဲ့ စာရေးသူက သူနဲ့စကားပြောတာကို ခဏရပ်ပြီး နောက်မှပြန်ခေါ် မယ့်အကြောင်းပြောပြီး မြန်မာနိုင်ငံမှ မိတ်ဆွေတစ်ဦးထံ ဖုန်းဆက်လိုက်ပါတယ်။ မိတ်ဆွေလို့ပြောရပေမယ့် တကယ်က မိမိရဲ့ တူ တူမတွေလိုပါ။ စာရေးသူ၏မွေးဇာတိက ငယ်သူငယ်ချင်းတစ်ဦးရဲ့  သားနဲ့ချွေးမဖြစ်ကြ တယ်။ ဒီငယ်သူချင်းသည် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စင်ကာပူကိုလာပြီး ဆေးကုသမှုခံယူရင်း စာရေးသူ၏ လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကလည်း စာရေးစာဖတ်ဝါသနာကြီးသူဖြစ်လို့ မိုးဝေမဂ္ဂဇင်းတစ် ခေတ်မှာ အတော်လေးအောင်မြင်တဲ့ သရော်စာဝတ္တုတိုများရေးတဲ့ စာရေးဆရာအဖြစ် စာဖတ်သူများ မှတ်မိ နေကြပါတယ်။


စောစောကအကြောင်းကိုပြန်ဆက်ပြီး အတိုချုပ်ပြောရရင် သူတို့ဇနီးမောင်နှံက ယခုနှစ် စက်တင်ဘာလ တွင် ထိုင်ဝမ်နိုင်ငံ တိုင်ချွန်းမြို့ မှာကျင်းပမည့် အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကုပညာ ရပ်ညီ လာခံ (The 6th Asia-Western Pacific Regional Congress of the World Confederation for Physical Therapy) ကို သွားကြမယ့်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ မည်မျှထောက်ပံ့မယ်လို့ စာရေးသူ အား လိုလိုလားလားပဲ ချက်ချင်းပြောပါတယ်။ 

ဒီနေရာ စပ်မိတုန်း ရှင်းပြချင်တာလေး ရှိပါတယ်။ Physical Therapy ဆိုတာ Physiotherapy နဲ့ အတူတူပဲ ဆိုတာပါပဲ။ ဥပမာ၊ အမေရိကန်နိုင်ငံက Physical Therapy လို့သုံးပြီး၊ မြန်မာနိုင်ငံအပါအ၀င် အင်္ဂလန်၊ ကနေ ဒါနဲ့ သြစတေးလျနိုင်ငံများကတော့ Physiotherapy လို့ သုံးကြပါတယ်။   


ဒါနဲ့ ဦးတင်မြင့်ကို ချက်ချင်းပဲ ဖုန်းပြန်ခေါ်လိုက်ပြီး ငွေကြေးကူညီထောက်ပံ့မည့်သူ (sponsor) ရပြီဆိုတဲ့အ ကြောင်း ၀မ်းသာအားရ သတင်းစကား ပါးရပါတယ်။ ဒီအခါမှာ ဦးတင်မြင့်က စောစောက သူပြောပြတာမှား သွားတဲ့အကြောင်း ပြောပြပါတယ်။ ကျောင်းသူကျောင်း သား ၂ ဦးက ထိုင်ဝမ်ကိုသွားမှာဖြစ်ပေမယ့် စာရေး သူ သွားတက်မည့်ညီလာခံကို တက်ရောက်မှာမဟုတ်ပဲ အကြောအဆစ်ကုပညာရပ်သင် ကျောင်းသားများ (Physiotherapy Students Association) ၏ တွေ့ဆုံပွဲကို သွားမှာဖြစ်ကြောင်းသိရပါတယ်။  

ဒီအခါမှာ လှူမည့်သူများကို မိမိ စောစောက ပြောပြထားတာနဲ့လွဲနေတာကြောင့် မြန်မာနိုင်ငံမှ ယခုညီလာ ခံကိုသွားတက်ပြီး ပြန်လာတဲ့အခါ မြန်မာနိုင်ငံက အကြောအဆစ်ကုပညာရှင်များ (Physiotherapists) နဲ့ ကျောင်းသူကျောင်းသားများကို ပြန်ပြီးပညာဖြန့်ဝေပေးနိုင်မည့် မိမိသိတဲ့အထဲက စဉ်းစားရှာကြည့်တဲ့အခါ ၃ ဦးကို တွေ့ရပါတယ်။ မန္တလေးက ၁ ဦး၊ ရန်ကုန်က ၂ ဦး ဖြစ်ကြတယ်။ သူတို့အထဲက ၁ ဦးက စင်ကာပူမှာ အလုပ်လုပ်ပြီးမှ ပြန်သွားတာ။ နောက် ၁ ဦးက အစိုးရကလွှတ်လို့ နိုင်ငံခြားလေ့လာရေးခရီး သွားဖူးသူ။ နောက်ဆုံး ၁ ဦးကတော့ နိုင်ငံခြားအတွေ့အကြုံ မရှိဘူး။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်က ဆရာမ။ အထက်ကပြောတဲ့ ရည်ရွယ်ချက် (၂)ချက်နဲ့ ကိုက်ညီနေတာကြောင့် မိမိ၏ဇနီးဖြစ်သူနဲ့တိုင်ပင်ပြီး သူ့ကိုပဲ ရွေး လိုက်ပါတယ်။

အဲဒီအချိန်ကစလို့ ဆရာမခမျာ နိုင်ငံခြားသွားဖို့လုပ်ရတဲ့ ဒုက္ခကြီးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။


ညီလာခံ သတင်းရတဲ့ တနင်္ဂနွေနေ့ရဲ့ နောက်တစ်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာ ဆရာမက ဌာနမှူးကိုဝင်တွေ့ပြီး ညီလာခံတက်ခွင့် တောင်းရတယ်။ တစ်ချိန်တည်းမှာ မိမိက ထိုင်ဝမ်ကညီလာခံရုံးကို အီးမေးပို့ပြီး ဆရာမအ တွက် ’ခေါ်စာ’(invitation letter)ကို တောင်းပေးရပါတယ်။ ’ခေါ်စာ’က ညီလာခံကြေး (registration fee) ပေး သွင်းပြီးမှ ပို့ပေးမယ်လို့ ညီလာခံက အကြောင်းပြန်လာတာကြောင့် အကြွေးဝယ်ကတ်(credit card) ကို ရှာ ပုံတော် ဖွင့်ကြရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ညီလာခံကြေးကို Credit card ဒါမှမဟုတ် Wire transfer ဒါမှမဟုတ် Cash payment တစ်နည်းနည်းနဲ့ ပေးနိုင်ရာမှာ အကြွေးဝယ်ကတ်နဲ့ပေးတာက အမြန်ဆုံးဖြစ် တယ်။ အဲ ဒါပေမယ့်၊ သိကြတဲ့အတိုင်းပဲလေ.. မြန်မာပြည်မှာက အကြွေးဝယ်ကတ်ကို သိပ်ပြီးသုံးကြတာမှ မဟုတ်သေးတာလား။ ကံကောင်းထောက်မလို့ ရှားရှားပါးပါး ကတ်ရှိတဲ့သူကိုတွေ့ပြန်တော့လည်း ကတ်ထဲ မှာ ငွေက မရှိဘူးတဲ့။

ဒါနဲ့ ဆရာမက ထိုင်ဝမ်မှာရှိတဲ့သူ့မိတ်ဆွေကိုပဲ အကူအညီတောင်းရမလားလို့ စဉ်းစားရပြန်တယ်။ အချိန်က သိပ်ကပ်နေတာဖြစ်လို့ စာရေးသူက အရင်စိုက်ပေးနှင့်မယ့်အကြောင်း ညီလာခံလျှောက်လွှာထဲမှာ ရေးထည့် ဖို့ မိမိ၏အကြွေးဝယ်ကတ်နဲ့ဆိုင်တဲ့ အချက်အလက်တွေပေးမယ် ပြောလိုက်တယ်။ မြန်မာပြည် သူ့ကွန်ပြူတာ မှာ အင်တာနက်က အားမကောင်းလို့ မလုပ်နိုင်ပြန်ဘူး။ ဘာမှမတတ်နိုင်တဲ့အဆုံး စာရေးသူကပဲ စင်ကာပူက နေ လုပ်ပေးပြန်တော့လည်း ဆရာမ၏ password နဲ့ အဆင်မပြေတာကြောင့် နံနက် ၂ နာရီထိုးတဲ့အထိ ကြိုး စားပေမယ့် လျှောက်လွှာကို တစ်ပိုင်းတစ်စပဲ ဖြည့်လို့ရတယ်။ 

အကြွေးဝယ်ကတ်နဲ့ဆိုင်တဲ့ အချက်အလက်တွေ ရေးဖြည့်လို့မရဘူး။ လျှောက်လွာရဲ့ ပထမအပိုင်းပဲ ညီလာခံ ရုံး (Secretariat) ကို ရောက် သွားခဲ့တယ်။ ငွေပို့တဲ့အပိုင်းက ကျန်နေတယ်။ ညီလာခံရုံးမှ ဆရာမနှင့်စာရေး သူတို့ထံ လျှောက်လွှာ၏ပထမပိုင်းကို ရရှိကြောင်း အီးမေးနဲ့အကြောင်းကြားပါတယ်။ နာက်တစ်နေ့ မှာ စာ ရေးသူက အလုပ်သွားရတာမို့ ဘာမှဆက်ပြီး မလုပ်နိုင်တော့ဘူး။

တကယ်က ယခုပြောတဲ့ နိုင်ငံခြားသွားဒုက္ခကို ကာယကံရှင်ဆရာမနှင့်မိမိတို့ ၂ ဦးသာ ကြုံတွေ့ခံစားကြရ တာမဟုတ်ပဲ ဆရာမ၏ဋ္ဌာနမှူး/ပါမောက္ခနဲ့ နေပြည်တော်မှာရှိတဲ့အရာရှိကြီး (ကျန်မားရေးဦးစီးမှ ညွှန်ကြား ရေးမှူးဟု ထင်ပါတယ်)တို့ပါ အလုပ်များသွားကြရပါသေးတယ်။ အဲဒီက “ညီလာခံက ‘ခေါ်စာ’သာ ဒီ ၁ ရက် ၂ ရက်အတွင်းရရင် နိုင်ငံကို ကိုယ်စားပြုသွားတဲ့ အစိုးရအရာရှိများကိုင်တဲ့ အစိမ်းရောင်နိုင်ငံကူးလက်မှတ် (green passport) ထုတ်ပေးအောင် ဆောင်ရွက်ပေးမယ်” လို့တောင် ပြောပြပြီးအားပေးခဲ့ပါတယ်။ နောက် ပြီး ပါမောက္ခချုပ်ကလည်း နေပြည်တော်ကို အစည်းအဝေးသွားရင်း 'ခေါ်စာ'ကို သူနှင့်တပါတည်း ယူသွား ပေးမယ်လို့ ပြောပါသေးတယ်။ 

နောက်ဆုံးတော့ နေပြည်တော်ကို အချိန်မီတင်ပြပြီး ခွင့်ပြုချက် လှမ်းပြီး မတောင်းနိုင်တော့တာမို့ လက် လျှော့လိုက်ကြရတယ်။ ဘာပဲဖြစ်ဖြစ် စောစောကပြောတဲ့ အရာရှိကြီးများအား၏ စေတနာနှင့် အားပေး ကူညီမှုများကို များစွာ လေးစားမိရပါတယ်။  

နိုင်ငံခြားကို တရားဝင် သွားရဖို့အရေး လုပ်ရကိုင်ရ ပြင်ဆင်ရတာတွေနဲ့ပတ်သက်ပြီး ပြောကြဆိုကြရမယ် ဆိုလို့ရှိရင် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ပါမယ်။ ဒီစာလေးကို အဆုံးသတ်ရင်း ဥပမာတစ်ခုပေးပါရ စေ။ ကြုံဖူးတဲ့သူတွေကတော့ ထောင်နဲ့ သောင်းနဲ့ရှိကြမယ်ထင်ပါတယ်။
၁၉၇၉-၈၀ လောက်က ထင်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ စာရေးသူရဲ့ မိတ်ဆွေတစ်ဦး သည် ဂျပန်နိုင်ငံ၏ အကူအညီပေးအစီအစဉ်နဲ့ မြန်မာအစိုးရကလွှတ်လို့ ဂျပန်ကို ပညာသင်သွားရပါတယ်။ အဲဒီလို ၂ နိုင်ငံအစိုးရများရဲ့  အစီအစဉ်နဲ့ သွားရဖို့အရေး တစ်ရုံးဝင် တစ်ရုံးထွက် သွားရလိုက်ရ ပေးရကမ်းရ အောက်ကျနောက်ကျခံရနဲ့ လူကော စိတ်ကော ဖတ်ဖတ်ကို မောခဲ့ရပါသတဲ့။ သူက “နောက်ဆုံးတော့ ကိုတင် မောင်အေးရာ၊ အခုလောက် ရတောင့်ရခဲအခွင့်အလမ်းကောင်းကြီးကို စွံ့ လွှတ်ပြီး မသွားရချင်လည်းနေပေ့စေ တော့၊ သွားကို မသွားချင်တော့ဘူးဆိုတဲ့စိတ်တောင် ဖြစ်မိပါတယ်” လို့ စာရေးသူကို စိတ်ပျက်လက်ပျက် ကြီး ရင်ဖွင့်ခဲ့တဲ့အထိပါ။ ဟိုရုံး ဒီရုံး ဟိုဌာန ဒီဌာနတွေက မသဒ္ဓါရေစာ ခွင့်ပြုချက်တွေရပြီး သွားရ ပြန်တော့လည်း ဟိုကိုရောက်တော့ သင်တန်းဖွင့်ပွဲ မမီပါဘူးတဲ့။ ဒါတင်မကသေးပဲ သင်တန်းဆင်းပွဲရက် မတိုင်မီမှာ ‘တာ့တာ့’ လုပ်ပြီးပြန်ခဲ့ရပါသေးသတဲ့ဗျာ။ ကောင်းကြပါလေကော အရပ်ကတို့ရေ …။     

သွားချင်ဦးဟဲ့ နိုင်ငံခြား။ 






1 comment: