"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, November 1, 2013

ဆရာဝန်



၁၃၇၅ ခုနှစ်၊ သတင်းကျွတ်လဆုတ် ၁၂ ရက်။







အပတ်တိုင်း တနင်္လာ အင်္ဂါ ည ၇ နာရီ မိနစ် ၂၀ မှာကြည့်နေကျ ကိုရီးယားဇာတ်လမ်းလေး ပြီးခဲ့တဲ့အပတ်က ပြီးဆုံးသွားတော့ စိတ်ထဲမှာ လွမ်းပြီးကျန်ခဲ့သလိုမျိုး ခံစားမိတယ်။

ဆေးရုံကြီးတစ်ရုံမှာရှိတဲ့ ကလေးခွဲစိတ်အထူးကုဌာနကို နောက်ခံထားပြီး ခွဲစိတ်ကုဆရာဝန်တွေ၊ အလုပ်သင် ဆရာဝန်တွေ၊ သူနာပြုဆရာ ဆရာမတွေ၊ လူနာတွေ၊ လူနာအဖော်တွေနဲ့ ဆေးရုံအုပ် ချုပ်ရေးပိုင်းက တာဝန်ရှိ သူအချို့ ကို သိုင်းဝန်းပြီး စိတ်ဝင်စားဖွယ် ရိုက်ထားတဲ့ဇာတ်လမ်းလေးပါ။

ဇာတ်ကားရဲ့ နာမည်လေးက Good Doctor ပါတဲ့။ 





ဆရာဝန်ကောင်းတစ်ယောက်ဆိုတာဘာလဲဆိုတဲ့အမေးကို ဇာတ်ကောင်တွေရဲ့ လူ့စရိုက်အမျိုးမျိုးနဲ့ ဖော်ကျူး ပြထားတာဖြစ်တယ်။ 

မိမိအကြိုက်ဆုံးဇာတ်ကောင်တွေကတော့ အော့တစ်ဇင်ရောဂါ (Autism) လက္ခဏာတွေ သိသိသာသာကြီး ရှိ နေတဲ့ 'ဒေါက်တာပတ်ရွန်း'နဲ့ သူ့ကိုအနီးကပ်အကူ အညီပေးနေတဲ့ အမျိုးသမီးဆရာဝန်'ဒေါက်တာချား'တို့ ပဲ ဖြစ်ကြတယ်။




မသန်စွမ်းဖြစ်နေတဲ့ချစ်သူကို နားလည်ကြင်နာတဲ့မျက်လုံးလေးများဖြင့် ကြည့်နေတဲ့ ဆရာဝန်မလေး။




'ဒေါက်တာပတ်ရွန်းအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသားဂျူဝန်း (Joo Won)ကို အရင်က ဇာတ်လမ်း တွဲတစ် ခုမှာ ကြည့်ခဲ့ဖူးပါတယ်။ အော့တစ်ဇင်ရောဂါလက္ခဏာတွေကို သူ့ရင်ထဲ နှလုံးထဲမှာ ခံစားမွေးယူပြီး အမူအ ကျင့်တွေ တူအောင်သရုပ်ဆောင်ထားတာဟာဖြင့် ချီးကျူးစရာပါ။



တစ်ဇာတ်ကားလုံးမှာ အဲဒီလို ခန္ဓာကိုယ် စောင်းကန်းစောင်းကန်းနဲ့ 'ဂျူဝန်း'က သရုပ်ဆောင်သွားခဲ့။



အော့တစ်ဇင်ရောဂါလို့ ခေါ်ရလွယ်အောင် နားလည်ရလွယ်အောင် 'ရောဂါ'လို့ဆိုရပေမယ့် တကယ်က အော့တစ်ဇင်ဟာ အများသူငါတွေ သိထားကြတဲ့ တီဘီရောဂါ၊ ပုလိပ်ရောဂါ၊ ဆီးချိုရောဂါတွေလို 'ရောဂါ' (Disease)မျိုး မဟုတ်ပါဘူး။ အဓိကအားဖြင့် စကားပြောဆိုဆက်သွယ်မှု (communication)၊ လူမှုပေါင်း သင်းဆက်ဆံရေး (social interaction) နဲ့ စိတ်ကူးတွေးတောမှု (imaginative thought) ဆိုတဲ့ အပြုအ မူ(behaviour)ပိုင်းဆိုင်ရာလက္ခဏာများ ချွတ်ယွင်းတာ (Disorder)လို့ ယေဘုယျပြောနိုင်ပါတယ်။

အဲ တစ်ချိန်တည်းမှာပဲ ရုပ်ပိုင်းချွတ်ယွင်းမှုတွေလည်း ရှိနေတတ်ပါသေးတယ်။


ဒါ့ကြောင့် ဒေါက်တာပတ်ရွန်းက မတ်တတ်ရပ်တဲ့အခါ ပုံထဲမှာ တွေ့မြင်ရသလို ယာဘက်ပခုံးလေး နိမ့်နေပြီး ခေါင်းက လက်ဝဲဘက်ကို စောင်းထားတတ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ကလည်း လိမ် ဖည်ဖည်လေးနဲ့ပါ။ ဆိုးတာက ပခုံးနှစ်ဖက်ဟာ ရှေ့ ဘက်ကို ဆွဲကျုံ့ ထားသလိုရှိလို့မို့ ကျားကျား ယားယား မရှိဘဲ အားငယ်နေ သိမ်ငယ်နေတဲ့ပုံပေါက်နေပါတယ်။ မသန်စွမ်းမှုလက္ခဏာရှိတဲ့ ဒီ ပုံစံကို ဂျူဝန်းက ဇာတ်လမ်းအစမှအဆုံး ထိုင်ထိုင် ရပ်ရပ် ပြေးပြေး အော့တစ်ဇင်မျက်နှာပေးနဲ့ တကယ့်ကို ပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။




မိမိကိုယ်တိုင်က စင်ကာပူနိုင်ငံကိုလာပြီး အလုပ်မလုပ်မီက မြန်မာပြည်က ဆေးရုံကြီး ၄ ခုတွင် အလုပ်သင်ဆ ရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ ဆရာမကြီးများ၊ ဆေးဘက် ပညာရှင်များနှင့် နီးနီးကပ်ကပ် လုပ်လုပ်ခဲ့တာဖြစ်လို့ သူတို့တတွေရဲ့  လူနာတွေအပေါ်ထားရှိတဲ့ သဘောထား အမျိုးမျိုးကို သိရှိလေ့လာခွင့် ရခဲ့ပါတယ်။

လူနာများကို ဆင်းရဲချမ်းသာမရွေး ဆရာဝန်ကျင့်ဝတ်သိက္ခာနဲ့အညီ ပြုစုကုသပေးသူ ဆေးဝန်ထမ်းများကို တွေ့ခဲ့ရဖူးသလို ငွေနဲ့ရာထူးအဆင့်အတန်းရှိကြသူများ ဒါမှမဟုတ် သူတို့ကို တစ်ခုခုလုပ်ပေးနိုင်မည့်သူများ ကိုသာ အရှက်မဲ့စွာ ဦးစားပေးကာ ကုသပေးတတ်ကြသူများကိုလည်း တွေ့ခဲ့ရဖူးတာပါပဲ။

ဒီ 'ဆရာဝန်'ဇာတ်လမ်းလေးမှာလည်း 'လူနာသာ ပဓာန' ဆိုတဲ့ ဆရာဝန်အုပ်စုနဲ့ 'ဆေးရုံ၏ အကျိုး အမြတ်က သာ ပထမ၊ လူနာဆိုတာ ဒုတိယ'ဆိုတဲ့ 'ဘယ်သူသေသေ ငတေမာရင် ပြီးကော'လို့ ငွေတစ်မျက်နှာပဲကြည့် တဲ့ ဆရာဝန်အုပ်စုကတစ်ဖက် အားပြိုင်လွန်ဆွဲကြတဲ့ အခန်းလေးတွေ ပါရှိပါတယ်။ 

စာရေးသူ အကြိုက်ဆုံးအချက်ကတော့ မသန်စွမ်းသူတွေမှာ သူလို ငါလို အရည်အချင်းတွေ အစွန်းအစတွေ ရှိကြတယ်။ ဒီ သူတို့ရဲ့ ပင်ကိုအရည်အချင်းတွေကို ဖွံ့ဖြိုးအောင် ၀ိုင်းဝန်းပြီးအကူအညီးပေးကြရမယ်၊ နောက် ပြီး အသုံးချနိုင်ခွင့်ရှိအောင်လည်း အခွင့်အလမ်းတွေပေးရမယ်ဆိုတာကို ဇာတ်ကောင်ဒေါက်တာပတ်ရွန်းနဲ့ သက်သေထူပြလိုက်တာပဲဖြစ်တယ်။


ဒေါက်တာပတ်ရွန်း ဆေးရုံကို ပထမဆုံးစပြီးရောက်လာတော့ ဆရာဝန်ကြီးတွေကော ဆရာဝန်အ ငယ်လေး တွေကပါ သူရဲ့ ထူးခြားတဲ့ စကားပြောပုံ၊ မျက်နှာအနေအထားနဲ့သွားပုံလာပုံတွေကိုကြည့် ပြီး နှာခေါင်း ရှုံ့ ကြ ပါတယ်။ သူ့ကိုလူနာတွေကကြည့်ပြီး သူတို့ဆေးရုံ သိက္ခာကျသွားမှာ စိုးရိမ်ကြပါတယ်။ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပါ။ လူနာဆိုတာက ဆရာဝန်ကို နေတာထိုင်တာ ၀တ်တာစားတာ ပြောတာဆိုတာကစ အထင်ကြီး ဖို့ လိုပေတာကိုး။ သူတို့ရဲ့ ရောဂါဝေဒနာများကို ကုသပေးမယ့်ဆရာဝန်ကိုယ်တိုင်က ရုပ်ပိုင်းမသန်စွမ်းဖြစ်နေ မယ်၊ အပြုအမူပိုင်းဆိုင်ရာ ချွတ်ယွင်း မှုရှိနေမယ်ဆိုရင် ဘယ်မှာအားကိုးရဲပါ့မလဲလေ။

ဒါပေမယ့် ဒေါက်တာပတ်ရွန်းမှာ စောစောကပြောတဲ့ အားနည်းချက်တွေရှိသလို အခြားတစ်ဖက်ကလည်း သူ့ မှာ ထူးခြားတဲ့ဉာဏ်ရည်ဉာဏ်သွေးက ရှိနေပါတယ်။ အဲဒါကတော့ မှတ်သားဉာဏ် အလွန်အားကောင်း တာ ပဲဖြစ်တယ်။ သူ သင်ယူခဲ့ရတဲ့စာတွေကို သူက အားလုံး ဂဃနဏ မှတ်မိနေတယ်။ ခန္ဓာကိုယ်အင်္ဂါအ စိတ်အ ပိုင်းတွေကို သူ့မျက်စေ့ထဲမှာ ကွက်ကွက်ကွင်းကွင်း ပြန်မြင်နေတာ။ ဒါ့ကြောင့် ခွဲစိတ်နေရင်း အခက်တွေ့ နေ ကြရင် သူက "ဒီလိုမဟုတ်ဘူး" "အဲဒီလိုလုပ်လို့ မရဘူး" "ဘယ်လိုလုပ်မှ ရမယ်" အစရှိသဖြင့် အဖြေရှာပေး တတ်တယ်။ 


သူရဲ့ နောက်အရည်အချင်းတစ်ခုကတော့ ခွဲစိတ်ကုသတာနဲ့ပတ်သက်ပြီး လူနာနဲ့လူနာရှင်တွေကို ရိုးရိုးရှင်းရှင်း အားပေးပြောပြတတ်တာဖြစ်တယ်။

ဒီနေရာမှာ အော့တစ်ဇင်ရောဂါရှိကြသူတွေအားလုံးဟာ ဒေါက်တာပတ်ရွန်းလိုပဲလားလို့မှတ်ယူကြရင် မမှန်ပါ ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဦးနှောက်ရဲ့ လုပ်ငန်းချွတ်ယွင်းမှုကြောင့်ဖြစ်လာရတဲ့ အော့တစ်ဇင်ရဲ့ လက္ခဏာ များ (characteristics of autism)ဟာ တစ်ဦးနဲ့တစ်ဦး အလွန်ကွာခြားတတ်ကြလို့ပါ။

ဒါ့ကြောင့် ရောဂါအမည်ကို Autismလို့ တစ်လုံးတည်း သတ်မှတ်မည့်အစား Autism Spectrum Disorder (ASD) လို့ တိတိကျကျ သတ်မှတ်ခေါ်ဝေါ်ရခြင်း ဖြစ်ပါတယ်။ 

ယခု'ဆရာဝန်'ဇာတ်လမ်းမှာ ချစ်ရေးချစ်ရာကိစ္စလေးများကို ရောမွှေထည့်ထားပါသေးတယ်။ 

အပျိုကြီး လူပျိုကြီးများဖြစ်ကြတဲ့ သူနာပြုဆရာ၊ဆရာမကြီးတို့အတွဲက အရယ်အမောလေးတွေနဲ့။ လူငယ်ဆ ရာဝန်လေးနဲ့ လူနာကလေးမလေးရဲ့ အမတို့အတွဲက မရေမရာ မသေမချာ အုံ့ပုန်းအချစ်ဟာမျိုး။ အဓိကဇာတ် ကောင်များဖြစ်တဲ့ ဒေါက်တာပတ်ရွန်းနဲ့ ဒေါက်တာချားတို့အတွဲက ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ အချစ်မျိုးလေး။ 

သူတို့နှစ်ဦးရဲ့ အချစ်မှာက နီးစပ်မှုပါတယ်။ မိန်းမသားမို့ သနားရာကနေ ဂရုဏာသက်မိတာလည်း ပါတယ်။ ချစ်တာလား ဂရုဏာသက်မိတာသက်သက်ပေပဲလားဆိုတာ ဝေခွဲမရတာမျိုးဖြစ်တယ်။ နောက်ဆုံးတော့ ချစ် တာဟာ ချစ်တာပဲလို့ နားလည်လက်ခံလိုက်ပြီး ယောင်္ကျားတွေမှာရှိခဲတဲ့ မိန်းမသားသတ္တိအပြည့်နဲ့ အများက မေးငေါ့ပြောဆိုကဲ့ရဲ့ ကြမှာကို ကျောခိုင်းပြီး ဒေါက်တာချားက ဒေါက်တာပတ်ရွန်း၏အချစ်ကို ပွေ့ပိုက်လိုက် တယ်။

သည်မှာ ဆရာဝန်ဇာတ်လမ်းက ပြီးသွားတယ်။ 






ယေဘုယျ (အသံထွက် - ယဗုန်ယာ့) = အများအားဖြင့် ဖြစ်သော၊
စောင်းကန်းစောင်းကန်း (အသံထွက် - စောင်းဂန်း စောင်းဂန်း) = တည့်တည့်ဖြောင့်ဖြောင့် မဟုတ်ဘဲ။
လိမ်ဖည်ဖည် (အသံထွက် - လိန်ဖယ်ဖယ်) = ကောက်ခွေ စောင်းရွဲ့ သော။
 အုံ့ပုန်းချစ်(အသံထွက် - အုန့်ဗုန်းချစ်) = အတွင်းကျိတ် ခံစားသောအချစ်။ ပွင့်ပွင့်လင်းလင်း မရှိသော                                                                                                  အချစ်။

















No comments:

Post a Comment