"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, November 19, 2013

သွက်လက်ချက်ချာသော မြန်မာလူငယ်လေးများ




၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ ရက်။ 18 November, 2013 (Monday)


တစ်နေ့က ပေါ်လီကလင်းနစ်ဆေးခန်းကို သွားမကောင်းတာပြပြီး ဆေးဆိုင်မှာဆေးသွားဝယ်တော့ ဆေးဝါး ကျွမ်းကျင်ပညာရှင်အမျိုးသမီးငယ်လေးက "ဦးတင်မောင်အေး"လို့ မိမိ၏နာမည်ကို မြန်မာလိုခေါ်ပြီး ဆေး တွေ ဘယ်လိုသောက်ရမယ်ဆိုတာ မြန်မာစကားနဲ့ပဲရှင်းပြပါတယ်။ ဒီဆေးခန်းမှာ ဆေးဝါးကျွမ်းကျင်တဲ့မြန် မာအမျိုးသမီးငယ်လေး နောက်တစ်ဦးကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က တွေ့ခဲ့ဖူးပါသေးတယ်။ကိုယ့်နိုင် ငံက သမီးငယ်လေးတွေကို အလုပ်အကိုင်အဆင်ပြေပြေနဲ့ ယခုလို တာဝန်ထမ်းဆောင်နေကြတာကို မြင်ရ တွေ့ရတော့ ၀မ်းသာမိရတာအမှန်ပါ။

ဂျူရောင်းအိစ်မှာရှိတဲ့ စာတားဆေးခန်း (SATA) ကို သွားတုန်းကလည်း ဓာတ်မှန်ကျွမ်းကျင်ပညာရှင် မြန်မာ အမျိုးသမီးငယ်လေးနဲ့ တွေ့ခဲ့ရပါတယ်။ သူကလည်း "အန်ကယ် ဦးတင်မောင်အေး" လို့ ခေါ်ပြီး မိမိကို မြန်မာ လိုယဉ်ယဉ်ကျေးကျးနဲ့ပြောဆိုဆက်ဆံပါတယ်။ သွက်သွက်လက်လက် ချက်ချက်ချာချာရှိတဲ့ မြန်မာလူငယ် လေးများကို အခွင့်အခါသင့်လို့ အလားတူစွာ မြင်ရတွေ့ရတဲ့အခါမှာလည်း မိမိ ၀မ်းသာမဆုံးဖြစ်ရတာပါပဲ။

မြန်မာပြည်ကို ခေတ္တခဏပြန်ရောက်တဲ့အခါတွေမှာလည်း လေဆိပ်မှာ အဝေးပြေးဘတ်စ်ကားဂိတ်မှာ ကုန် တိုက်ကြီးများမှာ ဟိုတယ်တွေမှာ လမ်းများပေါ်မှာ သွက်လက်ချက်ချာသော လူငယ်လေးများကို တွေ့ရမြင် ရတော့ လွန်ခဲ့တဲ့ ၄၅ နှစ်ခန့်က ဟောပြောပွဲတစ်ခုတွင် စာရေးဆရာကြီးသိပ္ပံမှူးတင်ပြောခဲ့တဲ့စကားများကို အမှတ်ရမိပါတယ်။ အဲဒီတုန်းက စာရေးသူသည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ပညာဆည်းပူးနေတာဖြစ် လို့ ၀ိဇ္ဇာစာသင်ဆောင်ခန်းမကျယ်ကြီးထဲမှာလုပ်တဲ့ ဆရာကြီး၏ဟောပြောပွဲကို နားထောင်ဖြစ်ခဲ့တာပါ။








ထိုစဉ်က ဆရာကြီးသိပ္ပံမှူးတင်သည် ဆေးပညာနဲ့ကျန်းမာရေးပညာပေးဟောပြောပွဲများ မမောနိုင် မပမ်းနိုင် ပြောဟောနေတဲ့အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ဆရာကြီး၏ဆေးပညာပေးဆောင်းပါးများကို သတင်းစာ နဲ့မဂ္ဂဇင်းများမှာ မလွတ်တမ်းဖတ်နေရတဲ့အချိန်လည်းဖြစ်ပါတယ်။


ဆရာကြီး၏ဟောပြောပွဲများတွင် အာကာသသိပ္ပံအကြောင်း၊ ဆေးပညာတိုးတက်မှုများအကြောင်းနဲ့ ကျန်းမာ ရေးအကြောင်းများကို အဓိကပြောဟောပြီး လူငယ်များအတွက် မှတ်သားစရာတွေ အ တော်လေးပါလေ့ ရှိပါ တယ်။ အထင်ရှားဆုံးကတော့ ဆေးလိပ်မသောက်ရေးပဲဖြစ်တယ်။ နောက်ပြီး အင်္ဂလိပ်စာကို ကောင်းစွာတတ် ကျွမ်းအောင် လေ့လာကြဖို့နဲ့ သွက်လက်ချက်ချာတဲ့လူငယ်များဖြစ်အောင် ကြိုးပမ်းကြဖို့ဖြစ်ပါတယ်။ အင်္ဂလိပ် စာ တတ်ကျွမ်းဖို့အရေးကြီးတာနဲ့ သွက်လက်ချက်ချာတဲ့လူငယ်များ ဖြစ်ရေးအတွက် သူ၏နိုင်ငံခြားအတွေ့အ ကြုံအချို့ ကို ထုတ်နှုတ်ကာ ဥပမာပေးပြီး ရှင်းပြတတ်ပါတယ်။


သူ နိုင်ငံခြားကိုပညာသင်သွားစဉ်က အတွေ့အကြုံကို ပြောပြပါတယ်။ မြန်မာပြည်ကနေ သူနဲ့အတူ သွားကြသူ တွေ အထဲက အချို့ က အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်တာကြောင့်ပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေရဲ့ မျက်နှာကို ရဲရဲကြည့်ပြီး စကားမပြောရဲတာကြောင့်ပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေ အထူးသဖြင့် ဗိုလ်တွေ(မျက်နှာ ဖြူတွေ) ရှေ့ မှာဆိုရင် ကိုယ်ကလေးကျုံ့ ပြီး ခပ်ကုတ်ကုတ်လေး နေတတ်ပါသတဲ့။ သူကတော့ ရင်ကလေးကို ကော့ပြီးရပ်ပါသတဲ့။ နိုင်ငံခြားသားက ခါးထောက်ပြီးစကားပြောရင် သူကလည်းခါးထောက်ပြီးစကား ပြန်ပြော ပါသတဲ့။

ဒါ့ကြောင့် စာရေးဆရာကြီးမှူးတင်က စာရေးသူတို့လူငယ်များအနေဖြင့် အမြဲတမ်းပဲ ရဲရဲရင့်ရင့်နဲ့ သွက်သွက် လက်လက် ချက်ချက်ချာချာရှိကြဖို့ ဆုံးမပါတယ်။ အင်္ဂလိပ်စာလေ့လာရေးနဲ့ပတ်သက်ပြီးတော့လည်း ဆိုင်း ဘုတ်ကအစ လမ်းပေါ်မှာကျနေတဲ့ စာရွက်အစုတ်ကလေးပဲဖြစ်ဖြစ် အင်္ဂလိပ် လိုရေးထားဆိုရင် အကုန်ဖတ် ကြပါ။ နောက်ဆုံး ကုန်ကုန်ပြောမယ်တဲ့၊ အင်္ဂလိပ်စာကို ဖင်ကမီးခိုးထွက်အောင် ဖတ်ကြပါလို့ တိုက်တွန်းတာ ကို မိမိကိုယ်တိုင် ကြားနာမှတ်သားပြီး အားကျခဲ့ရဖူးပါ တယ်။

ဒီနေရာမှာ အခွင့်အခါသင့်လို့ပြောချင်တာက "ချက်ချက်ချာချာရှိတယ်"ဆိုတာ 'သွက်လက် ဖျတ်လပ်တာ'အ ပြင် 'လိမ်မာရေးခြားရှိတယ်' ဆိုတဲ့အဓိပ္ပါယ်လည်း ပါနေသေးတယ်ဆိုတာကို သတိပြုကြဖို့ပါ။ 

ဒီလိုမှမဟုတ်ပဲ တလွဲသွားပြီးဆံပင်ကောင်းနေမယ်ဆိုရင်ဖြင့် 'လူလယ်လူရှုပ်' ပဲ ဖြစ်ပါမယ်။ 


တကယ်က မြန်မာလူငယ်လေးများ သွက်လက်ချက်ချာမှုရှိကြတာကို အချိန်အတော်ကြာကြာကတည်းက သ တိပြုမိခဲ့ပါတယ်။ သမီးဖြစ်သူ စင်ကာပူပေါ်လီမှာ ကျောင်းတက်နေစဉ်လောက်ကဖြစ် ပါတယ်။ အဲဒီတုန်းက မြန်မာလူငယ်လေးများနဲ့အတော်လေးထိတွေ့ခွင့်ရှိခဲ့တာမို့ပါ။ မြန်မာကျောင်း သားလေးတွေစုပြီး ကျောင်းအ လိုက် ဘောလုံးအသင်းတွေဖွဲ့ကာ ယှဉ်ပြိုင်ကစားခဲ့ကြတာ။ ဧပြီလမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စင်ကာပူ က ကျောင်းတွေမှာ ပထမဆုံး ကျင်းပနိုင်အောင် စည်းစည်းရုံးရုံး ညီညီညွတ်ညွတ်နဲ့ လုပ်ခဲ့ကြတာ။ 

ဒီမှာဘက်နှစ်များမယ်တော့ မြန်မာပြည်က စာရေးဆရာများကို ဖိတ်ကြားပြီး စင်ကာပူမှာ စာပေဟောပြောပွဲ ကြီးများ ခြိမ့်ခြိမ့်သဲအောင် စွမ်းဆောင်ခဲ့ကြတာစသဖြင့် ပြောရမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ် ပါမယ်။

စာရေးသူနဲ့နီးစပ်တဲ့ အသိုင်းအ၀န်းမှာဆိုပြန်ရင်လဲ မြန်မာပြည်ကနေ ဒီမှာလာပြီး အကြောအဆစ်ကုပညာရှင် (Physiotherapist)အဖြစ် အလုပ်လာလုပ်နေကြတဲ့ အမျိုးသမီးလေးအချို့ သည် ဒီက ကျန်းမာရေးဝန်ကြီးဌာန ကစစ်ဆေးတဲ့ အရည်အချင်းစစ်စာမေးပွဲကို ကျားကုတ်ကျားခဲ ဇွဲနပဲနဲ့ အောင်မြင်အောင်ဖြေဆိုခဲ့ကြပြီး နောက် လာတဲ့ညီမငယ်လေးများကို စနေတနင်္ဂနွေလို ရက်အားများမှာ သူတို့ကိုယ်တိုင်အနားမယူနိုင်ကြပဲ စာသင်ပေး နေကြပါတယ်။ ဒါ့ကြောင်လည်းပဲ ယခင်က အောင်ဖို့ခက်ခဲတဲ့စာမေးပွဲကို မြန်မာလူငယ်များ အောင်မြင်စွာဖြေ ဆိုနိုင်ကာ အလုပ်ကောင်း လခကောင်းများ ရလာကြပါတယ်။


အလားတူပါပဲ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ စာရေးသူတို့မြို့ က လူငယ်လေးများဟာလဲ ကျောင်းပဲနေ ကြနေကြ အလုပ်ပဲလုပ်ကြလုပ်ကြ အများစုသည် ရောက်တဲ့နေရာမှာ အပတ်တကုတ် အားထုတ်မှုရှိကြတာ ကို ၀မ်းမြောက်ဖွယ် တွေ့ရပါတယ်။ ရောက်တဲ့နေရာမှာ တန့်ရပ်မနေကြပဲ ပညာကို ပိုရှာကြသလို အခြားတစ် ဖက်ကလည်း အလုပ်အကိုင်အခွင့်အလမ်းများကို ကြံဆရှာဖွေကြပြန်ပါတယ်။ မကြာသေးခင်ကပဲ လူငယ် လေးတစ်ဦးဟာ မြန်မာပြည်ကိုပြန်သွားပြီး ဒီကကုမ္ပဏီ တစ်ခုနဲ့ချိတ်ဆက်ထားလို့ သူ့စီးပွားရေးလုပ်ငန်းသစ် ကို အစပျိုးနေပါပြီ။

တစ်နေ့က သူပို့လိုက်တဲ့ ဖုန်းသတင်း sms အထဲမှာ "အန်ကယ်ခင်ဗျား၊ ကျနော်တော့ စင်ကာပူနိုင်ငံမှပြန်လာ ပြီးနောက် အခု ရက် ၅၀ အတွင်းမှာ တစ်ပတ်ကို တစ်ရက်တောင် မနားရသေးပါဘူး" လို့ ပြောရှာပါတယ်။         

ယခုနှစ် စက်တင်ဘာလဆန်းက ထိုင်ဝမ်နိုင်ငံ တိုင်ချွန်းမြို့ မှာကျင်းပတဲ့ အာရှနှင့်အနောက်ပစိဖစ်ဒေသဆိုင် ရာ အကြောအဆစ်ကုပညာရပ်ညီလာခံကို စာရေးသူ သွားတက်ခဲ့စဉ်က မြန်မာပြည်မှအကြောအဆစ်ကုပညာ ရှင်မြန်မာအမျိုးသမီးငယ် ၂ ဦးကို မမျှော်လင့်ပဲ တွေ့ခဲ့ရပါသေးတယ်။ စက်တင်ဘာလ ၆ ရက်နေ့ ည ၆ နာရီ ခွဲခန့်တွင် ညီလာခံကြိုဆိုဧည့်ခံပွဲခန်းမကြီးထဲမှာ ယင်းသမီးငယ် ၂ ဦးက "ဆရာကြီးဦးတင်မောင်အေးပါလား။ သမီးတို့က မြန်မာပြည်ကလာပြီး အကြောအဆစ်ကုပညာရပ်ဆိုင်ရာ အာရှကျောင်းသူကျောင်းသားများညီလာ ခံ (Asia Physical Therapy Student Association - APTSA) ကို လာတက်ကြတာပါ။ ဆရာကြီး AWP & ACPTညီလာခံမှာရှိလိမ့်မယ်၊ သွားပြီးတွေ့လိုက်ကြလို့ မြန်မာပြည်ကပြောလိုက်လို့ လာတွေ့တာ။ သမီးတို့ လည်း ဆရာကြီးကို တွေ့ဖူးချင်ပါတယ်" လို့ မိတ်ဆက်ပြီး လာတွေ့ကြပါတယ်။

အဲဒီညက သူတို့ ၂ ဦးနဲ့အတူ ထိုင်းနိုင်ငံက သူတို့၏အဖော်များပါ ညစာအတူစားရင်း စကားတွေ ပြောဖြစ်ခဲ့ ကြပါတယ်။ သူတို့အထဲကတစ်ဦးဖြစ်တဲ့ ဖြူနှင်းလှိုင်က ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် (Mahidol Universi-ty)မှာ အကြောအဆစ်ကုပညာရပ်ဆိုင်ရာပါရဂူဘွဲ့သင်တန်းကို တက်နေပြီး နောက်တစ်ဦးဖြစ်သူ နီနီယဉ်က တော့ မြန်မာပြည်ကလာခဲ့တာဖြစ်တယ်။ သူတို့က စာရေးသူကို ထိုင်းနိုင်ငံက ကျောင်းသူများနဲ့ မိတ်ဆက်ပေး သလို မိမိကလည်း မိမိနဲ့အတူရှိနေတဲ့ ဟောင်ကောင် နဲ့ဗီယက်နမ်မှ အကြောအဆစ်ကုပညာရှင် ၂ ဦးနဲ့ မိတ် ဆက်ပေးလိုက်ပါတယ်။ သူတို့ရဲ့ အပေါင်းအ သင်းများ မိမိ၏အသိမိတ်ဆွေများနဲ့ သွက်လက်ချက်ချာမွန်ရည် စွာ ပြောဆိုဆက်ဆံနေကြတာကို တွေ့ခဲ့ရပါတယ်။  





ကျားကုတ်ကျားခဲ (အသံထွက် - ကျဂုတ်ကျခဲ) = မရမနေ စွဲစွဲမြဲမြဲ။
အပတ်တကုတ် (အသံထွက် - အပတ်ဒဂုတ်) = ကြိုးကြိုးပမ်းပမ်း။
ခြိမ့်ခြိမ့်သဲ (အသံထွက် - ချိန့်ဂျိန့်သဲ) = အလွန်စည်ကားများပြားစွာ။



ဆက်ပြီးရေးပါဦးမယ်။





No comments:

Post a Comment