"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, February 22, 2014

ရှေးဟောင်းနှောင်းဖြစ်



၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်။ 22 February 2014





မိတ်ဆွေဦးလွင်သိန်း (ယာ)နှင့်စာရေးသူ။ ၂၂ ရက် ဖေဖော်ဝါရီ 



ဦးလွင်သိန်း၏ဇနီး ဒေါ်တင်အေး (ယာ)နှင့် ဒေါ်စိုးစိုးအေး။



ရင်းနှီးတဲ့မိတ်ဆွေဇနီးမောင်နှံနှစ်ဦးက တစ်နေ့က မိမိတို့ဆီကို ဖုန်းဆက်လာခဲ့တယ်။
သူတို့နှစ်ဦးလုံး သားနှင့်သမီးဆီ အလည်လာကြရင်း စင်ကာပူကို ရောက်နေကြတယ်ဆိုတဲ့အ ကြောင်းပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မိမိတို့ဇနီးမောင်နှံ မြန်မာပြည်ကိုအလည်ပြန်တုန်းက ခင် ပွန်းဖြင်သူ ကိုလွင်သိန်းအား ဖုန်းနဲ့ပဲစကားပြောနိုင်ခဲ့ပြီး အရင်အခေါက်တွေတုန်းကလို လူချင်းမ တွေ့ဖြစ်ခဲ့လို့ တွေ့ချင်နေတာနဲ့ အတော်ဘဲဖြစ်ရတယ်။ နောက်ပြီး ရင်းနှီးကြတဲ့မိတ်ဟောင်းဆွေ ဟောင်းများပီပီ ရှေးဟောင်းနှေင်းဖြစ်တွေလည်း တ၀ကြီး ပြောချင်သေးတယ်လေ။
တကယ်က မိမိတို့ဇနီးမောင်နှံ မြန်မာပြည်ကိုပြန်တဲ့အခေါက်တိုင်းလိုလို သူတို့ဇနီးမောင်နှံနဲ့ရန်ကုန် မှာ အမြဲတွေ့လေ့ရှိကြတာရယ်ပါ။ ကိုလွင်သိန်းကိုတော့ အမြဲလိုတွေ့ရတတ်ပြီး သူ့ဇနီးဒေါ်အေးက အလုပ်နဲ့ခရီးသွားရတာကြောင့် တစ်ခါတရံမှတွေ့ရပါတယ်။ သူတို့လင်မယားနှစ်ဦးလုံးရှိရင် မိမိတို့ ကို ရန်ကုန်က စားသောက်ဆိုင်ကောင်းကောင်းမှာ သွားပြီးကျွေးတတ်ကြပါတယ်။ ဒါကြောင့်မို့ ရန် ကုန်အစားအစာကောင်းများနဲ့ မစိမ်းလှပါဘူး။ 


စင်ကာပူက မြန်မာအိမ်ထမင်းအိမ်ဟင်းများ စားကြရင်း .....။


နောက်ပြီး ကိုလွင်သိန်းက သူ့လုပ်ငန်းအရ စာရေးဆရာတွေ အယ်ဒီတာတွေနဲ့ ဆက်ဆံရင်းနှီးနေတာဖြစ်လို့ စာသမားဖြစ်တဲ့မိမိ၏မိတ်ဆွေအချို့ နဲ့လည်း သိကျွမ်းရင်းနှီးမှုရှိတာဖြစ်ပါတယ်။ ဥပမာ စာရေးဆရာမကြီး ဒေါ် ကလျာ၊ ရွှေကူဒေါ်မေနှင်း၊ ဂုဏ်ထူးစာပေတိုက် စသဖြင့်။   



မကြာသေးခင်ကဘဲ ဒီကျွန်းသာယာဘလော့မှာ “မှတ်မိပါသေးတယ် မော်လမြိုင်ဆေးရုံကြီးကိုကွယ်" ရေးနေ တုန်းကတောင် ကိုလွင်သိန်းကို မှတ်မှတ်ရရကြီး သတိရခဲ့သေးတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့ကို မိမိ စပြီး သိကျွမ်းရင်းနှီးခဲ့တာက မော်လမြိုင်မြို့ မှာဖြစ်လို့ပါ။ တွေ့ကြတာလည်း ပြည်သူ့ဆေးရုံကြီးမှာ။ မိမိတို့ ဆေးရုံအ သိုင်းအ၀န်းမှာ ကျန်းမာရေးဝန်ထမ်းမဟုတ်ပါဘဲ အပေါင်းအသင်းလာဖြစ်နေတဲ့သူ့ကို မိမိတို့က 'ကျောင်းဆ ရာ'လို့ တစ်ရင်းတနှီးခေါ်ခဲ့ကြတာ။ အဲဒီအချိန်က ကိုလွင်သိန်းသည် ကတိုးကောနှပ်ဖက်မှာ ကျောင်းဆရာလုပ် နေခဲ့တယ်။



မိမိတို့ဆေးရုံအသိုင်အ၀န်းဆိုတာက ဆရာဝန်ကြီးကြီးငယ်ငယ်တွေ၊ သူနာပြုဆရာဆရာမကြီးကြီးငယ်ငယ် တွေ၊ ဆေးဘက်ပညာရှင်များဖြစ်ကြတဲ့ အကြောအဆစ်ကုပညာရှင် (Physiotherapist)၊ ဓာတ်မှန်ဘက် ဆိုင်ရာပညာရှင် (Radiographer)၊ ရောဂါရှာဖွေရေးပညာရှင် (Medical Technologist) နဲ့ ဆေးဝါးဗေဒပ ညာရှင် (Phamacist) များ ဖြစ်ကြတယ်။ ဒါ့ အပြင် အလုပ်သင်ဆရာဝန် လေးတွေလည်း ရှိကြသေးတာ။ မွန်ပြည်နယ် ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်းအားလုံး ရင်းရင်းနှီးနှီးနဲ့ ချစ်ချစ်ခင်ခင်ရှိကြတာမို့ တကယ့်ကို ပျော်စရာကြီးပါ။ 

မိမိ၏ဆေးဝန်ထမ်းသက် ၁၉ နှစ်၊ အနှစ် ၂၀ ကာလအတွင်းမှာ ရန်ကုန်ကနေ နယ်ကို ၆ နှစ်တာမျှ တစ်ကြိမ် သာ ရောက်သွားဖူးပေမယ့် မော်လမြိုင်မှာ ပျော်လိုက်ခဲ့မိတာ ဒီသူတွေအားလုံးကြောင့်ပါ။ 
မော်လမြိုင်မှာ ကောင်းကောင်မွန်မွန်နဲ့ အိမ်ထောင်ရက်သားကျခဲ့တာလည်း ဒီလုပ်ဖော်ကိုင်ဖက်များ၏ ကျေးဇူး နဲ့ကင်းတာမှ မဟုတ်တာပဲလေ။

ဒါကြောင့် မော်လမြိုင်မှာ အကြာကြီးအတူနေခဲ့ကြတဲ့ ကိုလွင်သိန်းနဲ့ ပြောစရာရှေးဟောင်းနှေင်းဖြစ်တွေက တစ်ပုံတစ်ခေါင်းကြီး။

ဒီကနေ့ နံနက် ၁၀ နာရီခွဲမှာ ကိုလွင်သိန်းတို့ကို ဂျူရောင်းအိစ်က ဘတ်စ်ကားင်္ကြီးဂိတ် (Jurong East Inter- change) မှာ သွားကြိုခဲ့တယ်။ ယခင်အခါက မိမိတို့အိမ်ကို ရောက်ဖူးပေမယ့် မမှတ်မိမှာစိုးတာနဲ့ သွားကြို လိုက်တယ်။ စာရေးသူတို့ကားမှတ်တိုင်ရဲ့ ကျောဖက်မှာ တိုက်အသစ်ဆောက်နေတာဖြစ်လို့ ယခင်အခေါက် တွေကနဲ့ မြင်ကွင်းက အများကြီးကို ပြောင်းနေတော့တာ။ သူတို့ ဆင်းရမယ့်မှတ်တိုင်ကို အရင်ကလို အဝေး ကနေ မတွေ့ရတော့ဘူး။ ဟိုတုန်းကဆို မှတ်တိုင်မရောက်ခင်လေးမှာ မှတ်တိုင်ရဲ့ အနောက်ဖက်မှာရှိတဲ့ မျက် ခင်းစိမ်းစိမ်း နဲ့ကွင်းကို အတိုင်သား မြင်ရတယ်။ နောက်ပြီး ဟိုလှမ်းလှမ်းက စီစီရီရီ အုန်းပင်တန်းလေးကို လည်း တွေ့နိုင်သေးတယ်။ တစ်ခါ တိုက်တွေရဲ့ ဘေးမှာ ရေးထားတဲ့တိုက် နံပတ်တွေကိုလည်း ထင်ထင်ရှား ရှားကြီးမြင်ရတယ်။  


အခုတော့ ဒါတွေကို မှတ်တိုင်မရောက်ခင်မှာ ကြိုပြီးမမြင်ရတော့ဘူး။ မှတ်တိုင်ရောက်တော့ တိုက်တွေ အောက်ဖက်မှာ ဟိုကာဒီကာလုပ်ထားတဲ့နေရာတွကို ၀င်္ကဘာလိုရှောင်ရှားပြီး အိမ်ကိုခေါ်ခဲ့ရတယ်။ တိုက် အောက်တစ်နေရာမှာ “နေပါဦးဗျ၊ ခင်ဗျား တခါကပြပေးတဲ့ အုန်းပင်ကလးတွေက ဘယ်မှာလဲ”လို့ ကိုလွင် သိန်းက မေးတာနဲ့ အိမ်ပေါ်ကို မတက်ကြခင် သူတို့ကို တိုက်ရဲ့ အနောက် ဖက်ဆီခေါ်သွားပြီး နောက်လုပ် ထားတဲ့ ကားရပ်နေရာ (car park) အသစ်ကို ပြပေးရတယ်။ ဒီကားရပ်နေရာလုပ်ဖို့အတွက် အုန်းပင်တွေ ကို ခုတ်ပစ်လိုက်တာ။






အိမ်ထဲကိုဝင်တော့ ဒေါ်အေးက ဧည့်ခန်းဖက်က ပန်းခြံ လေး ကိုမြင်ရတာနဲ့ “ကျမက ဘယ်အိမ်ကိုပဲ ရောက်ရောက် သစ် ပင်တို့ ပန်းပင်တို့ဆိုရင် သိပ်ကြိုက်တာ ကြည့်ချင်တာ” လို့ ပြောတာနဲ့ ဇနီးက အိမ်ရှေ့ ဖက်က ပန်း ခြံဆီခေါ်သွားပြီး သူ စိုက်ထားတဲ့အပင်တွေကို ပြပေးတယ်။ 





ကိုလွင်သိန်းကတော့
အရင်တစ်ခေါက်က သူ တွေ့ ထားတဲ့ လိပ်ကလေးတွေကို သံယောဇဉ်ရှိစွာ ကြည့်တော့တာ။ “ဟိုတစ်ခါ ကျနော် လာတုန်းက ငယ်ငယ်လေး တွေ။ အခု အတော်လေး ကြီးကုန်ကြပြီ” လို့ ပြော ပါတယ်။ 









ဟုတ်ပါတယ်။ 
ဒီလိပ်ကလေး လေးကောင်ကို လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အိမ်ကသားလေး ဈေးမှ ၀ယ်လာခဲ့ တုန်းက သေးသေးလေးတွေ။ လက်မလောက်ပဲရှိသေးတာ။ တစ်ထွာလောက် ရှည်ပြီး၊ ၈ လက်မ လောက်အမြင့်ရှိ တဲ့ပလတ်စတစ်ဘူးလေးထဲမှာ ရေစပ်စပ်နဲ့ထည့်ပြီးယူလာခဲ့တာ။ အခုဆို အဲဒီအရွယ်ဘူးထဲမှာ တစ်ကောင် တောင် မဆံ့တော့ဘူး။ 
သူတို့နေတဲ့လိပ်ကန်လေးကို အိမ်ရှင်မက တစ်ပတ် ၂ ကြိမ် ရေလဲပေးရတယ်။ တစ်နေ့ ၂ ခါ အစာကျွေးရ တယ်။ အချိန်တန်လို့ အစာမကျွေးလို့ကတော့ သူတို့ရဲ့ လက်သည်းတွေနဲ့ လိပ်ကန်ကိုကုတ် ခြစ်ပြီး အသံ ပေးတတ်ကြတာ။ 

ပန်းခြံထဲမှာ အမှတ်တရ ဓာတ်ပုံရိုက်ပြီးတဲ့အခါ ယခင်ကလို သားရေးသမီးရေးတွေအပြင် မြေးကလေးတွေ ရဲ့ အကြောင်းကိုပါ ထည့်ပြီးမေးကြရပြီ။ အရင်နောက်ဆုံးအခေါက် တွေ့ကြတုန်းက ဘယ်သူမှ မြေးမရှိကြ သေးဘူး။ အဲ ယခုတစ်ခေါက်မယ်တော့ မြေးကလေးတွေ ဘယ်တုန်းကမွေးတယ်၊ ဘယ်အရွယ်ရောက်ကုန် ကြပြီ။ ချစ်စရာလေးတွေ တတ်တတ်လေးတွေ စသဖြင့်ပြောပြီး တယ်လီဖုန်းနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေး တွေကို အချင်းချင်းဖလှယ်လို့ပြကြရတယ်။ 



သြော် ဘာလိုလိုနဲ့ မိမိတို့သည် သားသမီးများရှိသော အမိအဖဘ၀မှ မြေးငယ်လေးများရှိလာသော ဖိုးဖိုးဖွားဖွားတို့ ဖြစ်လာကြရပေပြီ။ အချိန်ကား အကုန်မြန်လွန်းလှပေစွ။ မိမိတို့သည် နောက်ထပ် နှစ်တွေဘယ်လောက်ကြာကြာ အသက်ရှည်နေဦးမလဲဟု မသိတတ်နိုင်ပါ။ ကျန်းကျန်းမာမာဖြင့် နေလို့ရသလောက်တော့ နေသွားချင်ပါသေးတယ်။ သားသမီးတွေအလှည့်ပြီးတော့ မြေး၊ မြေးတွေ အရွယ်ရောက်တော့ မြစ်ဆိုတာရှိလာပါဦးမယ်။ 

ယခုလို မိမိတို့မပိုင်သော အနာဂတ်ကို မ၀ံ့မရဲလေးလှမ်းကြည့်ရင်းက မိမိတို့ဖြတ်သန်းခဲ့ပြီးသော အတိတ်ကို တွေ့တုန်းတွေ့ခိုက်မှာ လွမ်းမောကြရပြန်ပါတယ်။ ငယ်ပေါင်းသူငယ်ချင်းများရယ်၊ ကြီး မှရလာသော သူငယ်ချင်းများရယ် မိတ်ဟောင်းဆွေဟောင်းများရယ်နဲ့ တွေ့ကြတဲ့အခါ ဟိုသူငယ် ချင်းအကြောင်းမေးရ ဒီသူငယ်ချင်းအကြောင်းမေးရနဲ့။ ဟိုလုပ်ဖော်ကိုဖက်အကြောင်းမေးရ ဒီလုပ် ဖော်ကိုင်ဖက်အကြောင်းမေးရနဲ့။ တချို့ လည်း မတွေ့ကြတာ ကြာလှပြီ။ တစ်ချို့ ကျတော့လည်း မ ရှိကြတော့ဘူး။ အနည်းစုလောက်ကိုပဲ တွေ့ကြရတော့တာ။ 


မိမိတို့နဲ့ မော်လမြိုင်ဆေးရုံဝင်းထဲမှာ အတူနေခဲ့ကြတဲ့ ကိုရှုအောင်၏ဓာတ်ပုံကို ကိုလွင်သိန်းက တယ်လီဖုန်းမှာပြလို့ တွေ့ရတယ်။ သူနဲ့သူ့ဇနီးမနွဲ့တို့ ဆွမ်းလောင်းနေကြတဲ့ပုံ။ ကျန်းကျန်းမာမာနဲ့ ဘာသာရေးကို လင်ကိုယ်မယားနှစ်ဦး စိတ်တူကိုယ်တူ လုပ်နေကြတာတွေ့ရတော့ ၀မ်းသာရသလို အားလည်းကျမိပါရဲ့ ။ ကိုရှုအောင်က မျက်မှန်ကျွမ်းကျင်ပညာရှင် (Refractionist) ပါ။ ဟိုလွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်တုန်းက မြန်မာပြည်ကိုပြန်တဲ့အခါ သူဆေးခန်းထိုင်တဲ့ ပန်းဆိုးတန်းသမ၀ါ ယမဆေးခန်းမှာ မိမိမျက်မှန်သွားလုပ်ခဲ့ဖူးတယ်။ မြန်မာပြည်ရောက်တဲ့အခါ မျက်မှန်လုပ်စရာမရှိလဲ သူ့ဆီကို မိမိ သက်သက်သွားလည်လေ့ရှိပါတယ်။ 

သူက မိမိတို့အညာဖက်က ဇာတိ။ တန့်ဆည်မြို့ သား။ အညာသားဆိုပေမယ့် မိမိလို အသားမညိုဘူး။ ဖွေး နုနေအောင်ကို ဖြူတာ။ စကားပြောတဲ့အခါ အညာလေးသံလေးနဲ့။ ခပ်ညက်ညက်လေး။ 

မော်လမြိုင်မှာနေကြတုန်းက ထားဝယ်စုဈေးက ကိုယ်လုံးကောင်းကောင်းနဲ့ ၀က်သားသည်အမကြီးဆီမှာ သုံးထပ်သားဝယ်ကြတဲ့အကြောင်း၊ ၀က်ဆီဖတ်ကနေ မီးကင်းနဲ့ဆီထုတ်ပြီး အဲဒီဆီနဲ့ပဲ ထမင်းကျော်စားကြ တဲ့အကြောင်းတွေ၊ ကိုလွင်သိန်းက ကြေးအိုးချက်ကျွေးတဲ့အကြောင်းတွေ၊ စိတ်ထားသဘောထားကောင်း ပြီး ခင်မင်စရာကောင်းသလောက် အရက်ဝင်သွားတဲ့အခါ ထိန်းမနိုင် သိမ်းမနိုင်အောင် သွေးဆိုးတတ်တဲ့ မိတ်ဆွေကို..….အကြောင်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားကြတဲ့ ဓာတ်မှန်ဘက်ဆိုင်ရာပညာရှင် ကိုကြင်ဝမ်းနဲ့ ကိုရွှေဌေးတို့အကြောင်း၊ စုံလို့စုံလို့ပါပဲ။   

သတိတရဖြစ်ကြရတာတွေလေ။



ကိုလွင်သိန်းတို့ကို မိမိ၏ဇနီးက မြန်မာပြည်ကနေ ဒီကိုအလည်ရောက်နေတဲ့ မုဒုံက သူ့ညီမနှစ်ဦးနဲ့ မိတ် ဆက်ပေးတော့ ဒေါ်အေးက သူက သံဖြူဇရပ်ကဖြစ်ကြောင်းပြောပါတယ်။ ကိုလွင်သိန်းက ကျိုက္ခမီဇာတိပါ။ နောက် ဒေါ်အေးက မွန်စကားတတ်ကြောင်းပြောပြတော့ မိမိက မော်လမြိုင်မှာနေခဲ့စဉ်တုန်းက မွန်စာပေ သင်တန်းတက်ခဲ့ဘူးတဲ့အကြောင်း ပြောပြဖြစ်ပါတယ်။ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် မိမိနဲ့မွန်စာပေသင် တန်း အတူတူတက်တဲ့သူတွေထဲမှာ အဲဒီအချိန်က မွန်ပြည်နယ် ကောင်စီရုံးတွင် ရုံးအဖွဲ့မှူးလုပ်နေသော မွန်တိုင်းရင်းသား ဦးကျင်ဖေပါပါတယ်။ သူနဲ့က ရင်းနှီးတာ မို့ မှတ်မိတာပါ။ ကျန်တဲ့သူတွေကိုတော့ တစ် ယောက်မှကို မမှတ်မိတော့ပါဘူး။ စာသင်သား ၁၅ ယောက်၊ အယောက် ၂၀ လေက်ရှိလိမ့်မယ်လို့ ထင်ပါ တယ်။ ဦးကျင်ဖေက အခုအခါမှာ မွန်ပြည်နယ်လွတ်တော်ဥက္ကဌအ ဖြစ်တာဝန်ယူထားကြောင်း မနှစ်က သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ 

ကိုလွင်သိန်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရာမှာ ထိုစဉ်က မိမိတို့ထက် အသက်များစွာကြီးတဲ့ ဒေ သခံလုပ်ဖော်ကိုင်ဖက်များအကြောင်းလည်း ပါရှိပါတယ်။ သူတို့တတွေ ရှိမှကောရှိကြသေးရဲ့ လားလို့ စိုးရိမ် စိတ်နဲ့ မေးမိကြတယ်။ လျှပ်စစ်နဲ့စက်ပိုင်းဆိုင်ရာကျွမ်းကျင်သူ ဦးမောင်ဝမ်း၊ စားဖိုမှူးကြီး ဦးမောင်မောင် စသဖြင့်။ မိမိ စင်ကာပူကိုရောက်ပြီးနောက် မြန်မာပြည်ကို အလည်ပြန်တဲ့ ပထမ ၂ ခေါက်လေက်မှာ သူတို့ ကို ဆေးရုံမှာသွားတွေ့ပြီးနောက် လုံးဝကို ပြန်မတွေ့ဖြစ်တော့ပါဘူး။


ရန်ကုန်ကနေ ဒီကိုလာတော့ စားစရာသောက်စရာတွေယူလာတဲ့အကြောင်း ကိုလွင်သိန်းက ပြောပြပါတယ်။ ကဒတ်ရွက်ကစပြီး ပါတာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ကားနဲ့ထိခိုက်မှုဖြစ်ပြီး ခါး နာဝေဒနာ ရှိနေတာ ကြောင့် သူက အလေးချိန်များများကို လူနဲ့မသယ်နိုင်ပါဘူး။ အစားအသောက်တွေကို စီစဉ်ထည့် လိုက်၊ ပြီး အလေးချိန် ချိန်ကြည့်လိုက်။ အလေးချိန် မကိုက်သေးရင် တစ်ခါပြန် ပြောင်းထည့်ကြည့်လိုက် အခါအခါလုပ် ခဲ့ရတဲ့အကြောင်းပြောပြလို့ “သြော် မိဖဆိုတာမျိုးဟာ သားသမီးတွေအတွက်ဆို ဒီလိုပဲ လုပ်တတ်ကြပါလား” လို့ စာနာတွေးလေး တွေးမိခဲ့ပါတယ်။ ဒါတောင် ခါးနာဝေဒနာကာကွယ်ပေး တဲ့ခါးပတ် (Ortho-Back Belt) ကို လိုရမည်ရ ၀တ်ခဲ့ရသေးတာတဲ့။    







၁။ တစ်ပုံတစ်ခေါင်း (အသံထွက် - ဒဗုန်တခေါင်း) = အများကြီး
၂။ လိုရမည်ရ (အသံထွက် - လိုယာ့မယ်ယာ့) = လိုသည့်အခါ ရရှိစေရန်။










No comments:

Post a Comment