"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, February 7, 2015

MPA မဂ္ဂဇင်းနှင့်အတိတ်ကိုလွမ်းမောမိခြင်း (၄)



၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်



ဖေ့စ်ဘွတ်မှ ပြန်လည်ကူးယူဖော်ပြထားပါသည်။


MPA မဂ္ဂဇင်းနှင့်အတိတ်ကိုလွမ်းမောမိခြင်း (၄)





// ဌာနပြောင်းရခြင်း၊ ဌာနအသစ်သို့ စိတ်သစ်လူသစ် အတွေ့အကြုံသစ်၊ လူသစ်များစွာနှင့် ထိတွေ့ကြရခြင်း သည် အစိုးရ၀န်ထမ်းတိုင်းတွေ့ကြုံကြရသည့် အခြေအနေတစ်ရပ်ပင်ဖြစ်ပါသည်။ ပထမ စစခြင်း အတွေ့အ ကြုံနည်းပါးသောကြောင့် လူတိုင်းအားငယ်စိတ်ဖြစ်ပေါ်တတ်ကြပါသည်။ ကျွန်မ ကိုယ်တွေ့ဖြစ်ရပ်လေး တင် ပြပါရစေ။ ဌာနတစ်ခုသို့ ပထမဆုံးအကြိမ် တစ်ဦးတည်းပြောင်းလာရပြီး ကိုယ့်အလုပ်များကို အများသိရှိရန် တင်ပြရပေမည်။ // 


ဆရာမကြီးဒေါ်မြင့်ပြုံးဦးက MPA မဂ္ဂဇင်းမှာပါရှိသော သူ၏ “ရေမြင့် ကြာမြင့်” ဆောင်းပါး၏အစတွင် အ ထက်ပါအတိုင်း ရေးထားပါသည်။
နောက်ပြီး ရန်ကုန်ကလေးဆေးရုံကြီးသို့ ပြောင်းရွေ့ လာသည့် သူ၏ပထမဆုံးနေ့က လျှပ်တစ်ပျက်အတွေ့ အကြုံများကို မဂ္ဂဇင်းစာတစ်မျက်နှာလေးအတွင်းမှာ တိုတိုတုတ်တုတ် သိပ်သိပ်သည်းသည်းဖြင့် ပီပြင်စွာ ခြယ်မှုန်းရေးသားထားပါသေးသည်။ 
ကျန်းမာရေးပညာပေးဆောင်းပါးများနှင့်လုံးချင်းဝတ္တုရေးသားခဲ့သော ဆရာမကြီး၏အရေးအသား ပိုင်နိုင် ကျွမ်းကျင်မှုပင်ဖြစ်လေသည်။

အကြောင်းအရာပိုင်းမှာလည်း MPA မဂ္ဂဇင်းအတွက်ရေးခြင်းဖြစ်လေရာ မျိုးဆက်သစ် PT များအပေါ်ထား ရှိသည့်ဆရာမကြီး၏စေတနာကို သိရှိနိုင်ပါ၏။ မိမိတို့အလုပ်၏တန်ဖိုးကို အလုပ်ဖြင့် သက်သေပြကြရန် တပ်လှန့်သတိပေးထားသည်ဟုဆိုသော် ရနိုင်ပါသည်။

ဥပမာတစ်ခုကိုကြည့်ရသော် အသက်ရှူလမ်းကြောင်းတွင် ပဲကြီးစေ့ဝင်သွားသဖြင့် အသက်ရှူခက်ခဲကာ အသည်းအသန်ဖြစ်နေသည့်ကလေးအား Postural Drainage နည်းကိုသုံးပြီး အသက်ကယ်ပေးခဲ့သည့် PT ပညာရပ်၏တန်ဖိုး။ မည်သည့်ကရိယာမှမလို၊ မည်သည့်စားဆေး ထိုးဆေးမှ မလိုပဲ PTပညာက လူ့ အသက်တစ်ချောင်းအားကယ်ပေးနိုင်ကြောင်း ထင်ရှားသည့်ဥပမာတစ်ရပ်ပင်ဖြစ်ပါလေ၏။

ယင်းကဲ့သို့သောအတွေ့အကြုံမျိုးကို မိမိကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါသည်။ ခံစားတင်ပြပါရစေ။

မော်လမြိုင်မြို့ ရှိ မွန်ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး (၁၉၇၆ ခုနှစ် ၀န်းကျင်ကာလ)တွင် ဖြစ်သည်။ 

ထိုစဉ်က အထူးကုသမားတော်ကြီးများနှင့်ခွဲစိတ်အထူးကုဆရာဝန်ကြီးများ (အထူးသဖြင့် အထွေထွေခွဲစိတ် အထူးကုဆရာဝန်ကြီးနှင့်အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး)သည် အကြောအဆစ်ဆိုင်ရာလူနာများနှင့်ပတ် သက်ပြီး မိမိတို့PTများကို များစွာအားကိုးအားထားရှိစွာဖြင့် လွဲပေးလေ့ရှိကြပါသည်။ 

တစ်နေ့တွင် သမားတော်ကြီးဒေါက်တာဦးစိန်ဦး(MRCP)က ဖျားနာဆောင်တွင် အဆုတ်အတွင်း သလိပ် များ ဆို့နစ်ပြည့်ကျပ်နေပြီး အသက်ရှူရအလွန်ခက်ခဲနေသော အသက် ၃၀ နှစ်ခန့်အရွယ်အမျိုးသားလူနာ တစ်ဦးအား မိမိထံ လွှဲပေးပါသည်။ ဆရာကြီးက လူနာကို ချွဲစုတ်စက်ဖြင့်ရနိုင်သမျှစုတ်ထုတ်ပေးသော် လည်း လေပြွန်အတွင်းနက်ပိုင်းနှင့်အဆုတ်ထဲရှိသလိပ်များကိုမူ မလုပ်ပေးနိုင်ကြောင်းနှင့် physiotherapy နည်းဖြင့်သာ လုပ်ပေးနိုင်မည်ဖြစ်ကြောင်း အင်္ဂလန်တွင် MRCP တက်ခဲ့စဉ်က သူ၏အတွေ့အကြုံများကို လက်ထောက်ဆရာဝန်များနှင့်အလုပ်သင်ဆရာဝန်များအား Ward Round လုပ်ရင်း ပြောပြပါသည်။ 

သမားတော်ကြီးမှ မိမိကို ရှင်းလင်းပြောပြထားပြီးဖြစ်သဖြင့် အဆုတ်၏အောက်ဖက်နှင့်အနောက်ဖက်တို့ရှိ သလိပ်အကျိအချွဲများအား Postural Drainage နည်းဖြင့်ထုတ်ပေးရန် ဆေးရုံအလုပ်သမားနှင့်လူနာစောင့် တို့၏အကူအညီဖြင့် ကုတင်အောက်ခြေကို အုတ်ခဲ၂လုံးစီဖြင့်မြှင့်ပြီး လူနာအား လိုအပ်သည့်အနေအထား တွင် ထားရှိလိုက်ပါသည်။ လူနာ၏မျက်နှာမှာ မဲညစ်နေပြီး အသက်ရှူရ ခက်ခဲနေသဖြင့် အတော်လေးကို စိတ်ဓာတ်ကျနေပုံရပါသည်။ မိမိ မူလရည်ရွယ်ထားသော Deep breathingနှင့် Chest Percussion ပင် မစရသေးခင်မှာ ကုတင်ပေါ်တွင်မှောက်လျက်အနေအ ထားဖြင့်ရှိနေသည့်လူနာ၏ပါးစပ်မှ သလိပ်အကျိအ ချွဲများနှင့်သွေးပုတ်များ ဒလဟောအဆက်မပြတ် ထွက်ကျလာတော့၏။ ထွေးခံကြီးတစ်လုံးပြည့်လုနီးနီးပင်။

မိမိပင်လျင် သလိပ်အကျိအချွဲများ ယခုလောက်လျင်လျင်မြန်မြန် ထွက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ သဖြင့် လန့်မိသွားသေး၏။ လူနာကိုယ်တိုင်ကလည်း ကြောက်လန့်သွားပုံရ၏။ လူနာဆောင်အတွင်းရှိ အ ခြားသောလူနာများနှင့်လူနာစောင့်များလည်း အထိတ်တလန့်ဖြစ်ကုန်ကြသည် ။ သို့သော် သလိပ်အကျိအချွဲ များနှင့်သွေးပုတ်များ အထွက်ရပ်သွားသောအခါ ချွေးများနစ်နေသည့် လူနာ၏မျက်နှာလေးမှာ စောစောက လို ညစ်မနေတော့ပဲ လန်းလာသည်ကို ပထမဆုံးသတိပြုမိသည်။ စိုးရိမ်ကြောက်လန့်မှုများကြားမှ အပြုံး ပန်းလေးပွင့်လာသည်ကို မိမိမြင်တွေ့လိုက်ရသော အခါ မိမိ၏ရင်မှာ ကျေနပ်ပီတိဖြစ်သွားတော့၏။ 

တစ်ဖက်လူနာခန်းမှာ Ward Round လုပ်နေသော သမားတော်ကြီးနှင့်လက်ထောက်ဆရာဝန်များ၊ အလုပ် သင်ဆရာဝန်များ မိမိတို့အခန်းထဲသို့ အပြေးလေးပြန်ရောက်လာကြပြီး သမားတော် ကြီးဦးစိန်ဦးက "ကဲ ခင်ဗျားတို့ကို ကျနော်ပြောတယ်မဟုတ်လား၊ Physiotherapy က လုပ်ပေးနိုင်ပါတယ်လို့" ဟု ပြုံးလျက် မှတ်ချက်ပြုပါလေသည်။ 

ဆရာမကြီးဒေါ်မြင့်ပြုံးဦး၏စာလေးကိုဖတ်ရင်း ကြည့်မြင်တိုင်မြို့ နယ်ရှိ အရိုးရောဂါကုဆေးရုံကြီးတွင် ဆရာ မကြီးနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ရသည်များကို အမှတ်ရမိပါသည်။ MPA ဖွဲ့စည်း လှုပ်ရှားမှုကာလတွင် ဥက္ကဌတာဝန်ယူခဲ့သော ကွယ်လွန်သူဆရာကြီးဦးထွန်းအောင်ဇံ၊ ဆရာကြီး ဦးတင်အောင်၊ ဆရာကြီးဦးငွေ လှိုင်၊ ဆရာဦးကြီးမောင်၊ ဆရာဦးမောင်မောင်မြင့်၊ ဆရာဦးဝင်းမောင်နှင့် မိမိအပါအ၀င် PT စုစုပေါင်း ၉ ဦး ခန့် ရှိခဲ့ပါသည်။ 

စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် အလွန်ပျော်စရာကောင်းသော လုပ်ငန်းခွင်လေးဖြစ်ခဲ့ပါသည်။ ယင်းဆေးရုံကြီးသို့ ၁၉၈၁ ခုနှစ်ကုန်မှာ မိမိသည် မော်လမြိုင်မှပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်၏။ 

ထိုစဉ်က ဆရာမကြီးအား ပထမဦးဆုံးတွေ့ဖူးခဲ့ခြင်းဖြစ်သော်လည်း ဆရာမကြီး၏အမအရင်းဖြစ်သူ ဆရာ ၀န်မကြီးဒေါက်တာဒေါ်ချိုနွယ်ဦး (ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာဦးခင်လှိုင်{FRCS}၏ဇနီး) အား ၁၉၇၄ ခုနှစ်က သမိုင်းမသန်မစွမ်းလူနာများဆေးရုံတွင် မိမိ၏လူနာအဖြစ်တွေ့ဖူးခဲ့ပါသည်။ ဒေါက်တာ ဒေါ်ချိုနွယ်ဦးက သူ၏ညီမသည် PT တစ်ဦးဖြစ်ကြောင်းကို မိမိအားပြောပြခဲ့ဖူးပါ သည်။ 

စာရေးစာဖတ်ဝါသနာချင်းတူသဖြင့် ဆရာမကြီးနှင့်မိမိတို့ စာအကြောင်းပေအကြောင်းများပြောဖြစ်ကြပါ သည်။ သတင်းစာနှင့်မဂ္ဂဇင်းများတွင် မိမိရေးခဲ့သောစာများကို ဆရာမကြီးကဂရုတစိုက်ဖတ်ရှုပေးလျက် အကြံပေးခြင်းနှင့် အားပေးခြင်းများရှိခဲ့ရာ ယနေ့ထက်တိုင် ကျေးဇူးတင်အမှတ်ရနေဆဲ ဖြစ်ပါသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်သို့ရောက်စဉ် ဆရာမကြီးနှင့်ခင်ပွန်းဒေါက်တာဦးဝင်းအောင်တို့၏အိမ် သို့ မိမိနှင့်ဇနီးတို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သေး၏။ 

ဆရာမကြီးတို့မိသားစု ကျန်းမာပျော်ရွှင်စွာရှိကြစေရန် ယခုအမှတ်တရစာလေးဖြင့် လေးစားစွာဆုတောင်း လိုက်ပါသည်။












No comments:

Post a Comment