"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, January 30, 2015

MPA မဂ္ဂဇင်းနှင့်အတိတ်ကိုလွမ်းမောမိခြင်း (၃)



၁၃၇၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊



ဖေ့စ်ဘွတ်မှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။




MPA မဂ္ဂဇင်းနှင့်အတိတ်ကိုလွမ်းမောမိခြင်း (၃)








၁၉၇၀ ခုနှစ် နှစ်ကုန်မှာကျောင်းဆင်းပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရူပဗေဒဆေးကုဌာနတွင် ပထမဆုံး အလုပ်ဝင်၍ ၁ နှစ်အကြာမှာ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်မစွမ်းလူနာများဆေးရုံ(Hospital for the Disabled) သို့ပြောင်းရွေ့ ခဲ့ရသည်။ 

ဤနေရာတွင်အလျဉ်းသင့်သဖြင့် ပြောင်းလဲသွားသော အခေါ်အဝေါ် ၂ ခုအကြောင်း ပြောပြလိုပါ သည်။
ပထမတစ်ခုမှာ 'ရူပဗေဒဆေးကုဌာန' အမည်ဖြစ်ပြီး အကြောအဆစ်ဆေးကုဌာနကို ထိုစဉ်ကခေါ်ခဲ့ကြ သောအမည်ဟောင်းဖြစ်၏။

နောက်တစ်ခုမှာ 'မသန်မစွမ်း'ဟု ယခင်က 'မ'၂လုံး ထည့်သုံးခဲ့ခြင်းဖြစ်၏။ ယခုနောက်ပိုင်တွင် 'မ'တစ်လုံး သာပါပြီး 'မသန်စွမ်း'ဟုသာ ခေါ်ဝေါ်ပါတော့၏။ မသန်လည်းမသန်၊ မစွမ်းလည်းမစွမ်း မဟုတ်၊ 'မသန်သော် လည်းစွမ်းပါသည်'ဟု ဆိုလိုရင်းဖြစ်ပြီး အလွန်ကောင်းမွန်သောပြောင်းလဲ မှုဖြစ်ပါသည်။

အကြောအဆစ်ကုဌာနအား 'ရူပဗေဒဆေးကုဌာန'ဟု မခေါ်ခင်က 'ဓာတ်ရောင်ခြည်ကုဌာန' ဟု လည်း အမည်တွင်ခဲ့ပါသေးသည်။ 

မသန်မစွမ်းလူနာများဆေးရုံသို့ မိမိပြောင်ရွေ့ လာသောအခါ ဆေးရုံအုပ်ကြီး ဒေါက်တာဦးလှဖေအား ဦးစွာ သတင်းပို့ပြီးနောက် အကြောအဆစ်ကုဌာနတာဝန်ခံ ဆရာမကြီးဒေါ်လှရီထံ သတင်းပို့ရပါသည်။ ၀န်ထမ်း များအထဲတွင် အသက်အငယ်ဆုံးဖြစ်သောမိမိအား ဆရာမကြီးက သူ၏လက် အောက်ငယ်သားတစ်ဦး အ နေနဲ့အပြင် တူသားတစ်ယောက်ကဲ့သို့လည်း ပြောဆိုဆက်ဆံဆုံးမလေ့ရှိပါသည်။ 

ထိုဆေးရုံမှာ ၃ နှစ်တာမျှ အလုပ်လုပ်နေစဉ် ဆရာမကြီးနှင့်သာမက ဆရာမကြီး၏ခင်ပွန်းဦးဝင်းကြည် (ဦးဆောင်ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဝန်ကြီးဌာန)အစရှိသည့် မိသားစုဝင်များနှင့်လည်း ရင်နှီးသိကျွမ်း မှုရှိခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ဆရာမကြီးနှင့်ဦးဝင်းကြည်တို့ စင်ကာပူကိုလာသည့်အခါ မိမိထံဖုန်း ဆက်တတ်ပြီး မိမိနဲ့ဇနီးတို့ သွားပြီးတွေ့ကြလေ့ရှိပါသည်။ အချိန်ရသည့်အခေါက်တွေမှာတော့ ဆရာမကြီး တို့ကို အိမ်သို့ဖိတ်ပြီး ထမင်းကျွေးဖြစ်ပါသည်။

ဒီဆေးရုံမှာ အလုပ်လုပ်ခဲ့ရသည်မှာပျော်စရာကောင်းပါသည်။ 

စည်းကမ်းကြီးသော၊ အလုပ်ထဲမှာဘ၀မြှုပ်နှံပြီးလုပ်နေသော၊ ၀န်းထမ်းများအား စာလည်းသင်ပေး စာလည်း မေးတတ်သော၊ လေးစားရသော ဆေးရုံအုပ်ကြီး ဆရာကြီးဦးလှဖေကိုတော့ ကြောက်ရပါ၏။ သို့တစေ PT အားလုံးအထဲမှာ မိမိက ပညာဝါအနုဆုံးဖြစ်သဖြင့် မိမိထက် ၁ နှစ်စောပြီးကျောင်းပြီးသော ဒေါ်သန်းသန်း အေးမှစပြီး ကျန်လုပ်သက်ရင့်ဆရာဆရာမကြီးများထံမှ မိမိအနေဖြင့် တန်ဖိုးရှိလှသော ပညာများရခဲ့လေရာ ကျေးဇူးအထူးတင်အမှတ်ရနေဆဲဖြစ်ပါသည်။ 

လွန်ခဲ့သော ၁ နှစ်ကျော်ခန့်ကဟု ထင်ပါသည်။ အောက်ပါ ဆရာမကြီးဒေါ်လှရီ၏ဓာတ်ပုံလေးနှင့် MPA မှ သတင်းလေးကို ဖေ့စ်ဘွတ်တွင် ဖတ်ခဲ့ရပါသည်။ 

// Myanmar Physiotherapy Association ၏အတွင်းရေးမှူး ဆရာဦးတင်မြင့်မှ အမေရိကန်နိုင်ငံ နယူး ယောက်သို့ သွားရောက်၍ Physiotherapy ပညာရပ်ကိုလေ့လာသင်ယူခဲ့သော ပထမဦးဆုံး မြန်မာအမျိုး သမီး Physiotherapist ဆရာမကြီး ဒေါ်လှရီနေအိမ်သို့ သွားရောက်၍ World Physical Therapy Day အခမ်းအနား ဖိတ်စာသွားရောက်ပေးအပ်ဖိတ်ကြားနေပုံ။ (ဆရာမကြီး သည် ဆေးတက္ကသိုလ် ၁ ပါချုပ် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၏ မိခင်လည်းဖြစ်သည်) 
ဆရာမကြီးမှ မျိုးဆက်သစ် Physiotherapist များအတွက် ကိုယ့်ပညာရပ်နှင့်ပတ်သက်၍ တစိုက်မတ်မတ် ကြိုးကြိုးစားစား လေလာဆည်းပူးကြရန်နှင့် ကိုယ့်၏ကုသမှုများကို ဝေဖန်ခံရမှုကင်းဝေးစေရန် စေတနာ ထားလုပ်ဆောင်ရန် အရေးကြီးကြောင်း၊ နိုင်ငံတကာအကူအညီများရှိလာပါကလည်း မျိုးဆက်သစ် Physiotherapist များမှ လူနာများအတွက် အကျိုးရှိစေနိုင်သော အခွင့် အလမ်းများ ရှိသဖြင့်  အသင်းကြီး အနေဖြင့် စနစ်တကျ လက်ခံဆောင်ရွက် ထားရှိရန် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း အမှာစကား ပါးခဲ့ပါတယ်။ //

ယင်းသတင်းကိုဖတ်ရသဖြင့် မိမိက အောက်ပါအတိုင်း နောက်ဆက်တွဲမှတ်ချက်ရေးခဲ့ပါသည်။

// ဆရာမကြီးဒေါ်လှရီကို ယခုလိုကျန်းကျန်းမာမာနဲ့တွေ့ရတာ အလွန်ဝမ်းသာစရာကောင်းပါတယ်။ တစ်လောကပဲ ဆရာမကြီးနဲ့ တယ်လီဖုန်းပြောဖြစ်ပါသေးတယ်။ အပြင်ကို မသွားနိုင်တော့ဘူးလို့ ပြောပါ တယ်။ ဆရာကန်တော့ပွဲကိုတော့ လုပ်ဖော်ကိုင်ဖက်များ၊ PTလူငယ်များနဲ့တွေ့ချင်လွန်းလို့ ကြိုးစားသွားနေ တာလို့လည်းပြောပါတယ်။ ဆရာမကြီး၏ကျန်းမာရေးကြောင့် ယခင်ကလိုတယ်လီဖုန်းကြာကြာ မပြောပဲရပ် လိုက်တော့ ဆရာမကြီးက “မောင်တင်မောင်အေး ခဏခဏ ဖုန်းခေါ်ပါ။ မမ စကားတွေ အများကြီးပြောချင် သေးတယ်”လို့ပြောပါတယ်။ 
ဆရာမကြီးနဲ့ဆရာမကြီးတို့မိသားစုကို သိကျွမ်းခင်မင်ခဲ့တာ ကြာပါပြီ။ အခုဆေး(၁)ပါမောက္ခချုပ်တာဝန် ထမ်းဆောင်နေတဲ့ ဒေါက်တာသက်ခိုင်ဝင်းက အဲဒီတုန်းက ငယ်သေးတာမို့ ဆရာဦးခင်မောင်လွင်၊ ဆရာဦး သာဇံနဲ့မိမိတို့က ဖိုးသက်ခိုင်လို့ပဲခေါ်ခဲ့ကြတာ။ လူနာမကုရတဲ့ စနေနေ့လို နေ့တစ်ဝက်လုပ်ရတဲ့နေ့မှာ ဆရာ မကြီးက ဖိုးသက်ခိုင်ကို အလုပ်ကိုခေါ်လာပြီး အိမ်စာတွေလုပ်ခိုင်းတတ်ပါတယ်။ ဆရာမကြီးနဲ့ ခင်ပွန်းဦးဝင်း ကြည်တို့က စင်ကာပူကိုလာတိုင်း မိမိထံ ဖုန်းဆက်လို့ မိမိနဲ့ဇနီးတို့ သွားပြီးတွေ့ကြလေ့ရှိပါတယ်။ အချိန်ရ တဲ့အခေါက်တွေမှာတော့ ဆရာမကြီးတို့ကို အိမ်ဖိတ်ပြီး ထမင်းကျွေးဖြစ်ခဲ့ပါတယ်။ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ထားတာလည်း ရှိပါတယ်။ ဆရာမကြီး အမေရိကန်နိုင်ငံကို ပညာတော်သင်သွားခဲ့တဲ့အကြောင်းကို မေးမြန်းရေးမှတ်ထားဖူးပါတယ်။ ပြန်ရှာပြီး ရေးပါဦးမယ်။ ဆရာမကြီးတို့ဇနီးမောင်နှံ ကျန်းကျန်းမာမာဖြင့် အသက်ရှည်ပြီး ကောင်းမှုကုသိုလ်များ လုပ်နိုင်ကြပါစေလို့ လေးစားစွာဆုတောင်းရပါတယ်။ //

ယခုနှစ် MPA မှ ကြီးမှူးကျင်းပခဲ့သော သက်ကြီးပူဇော်ပွဲတွင် ဆရာမကြီးအား မတွေ့ရပေ။ ပြီးခဲ့ သောနှစ် ဒီဇင်ဘာလက မြန်မာပြည်သို့ အလည်ပြန်စဉ်ကလည်း ဆရာမကြီးထံသွားရောက်တွေ့ဆုံရန် ရည်ရွယ်ထား သော်လည်း မရောက်ဖြစ်ခဲ့သဖြင့် စိတ်မကောင်းဖြစ်ရပါသည်။












No comments:

Post a Comment