"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, January 26, 2015

MPA မဂ္ဂဇင်းနှင့်အတိတ်ကို လွမ်းမောမိခြင်း (၁)



၁၃၇၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်



ဖေ့စ်ဘွတ်မှပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။



MPA မဂ္ဂဇင်းနှင့်အတိတ်ကို လွမ်းမောမိခြင်း (၁)

MPA မဂ္ဂဇင်းသည် မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (Myanmar Physiotherapy Association - MPA) မှ ယခုနှစ် ဇန်န၀ါရီလဆန်းတွင် ပထမဦးဆုံးအကြိမ်စီစဉ်ထုတ်ဝေခဲ့သော မဂ္ဂဇင်းဖြစ် သည်။


ယင်းမဂ္ဂဇင်းတွင် အကြောအဆစ်ဆိုင်ရာနှင့်ကျန်းမာရေး အသိပညာပေးဆောင်းပါးများနှင့် ရသစာတမ်း များပါရှိကြပါသည်။ ဆေးဘက်ပညာရှင်များသာမဟုတ်မူပဲ လူတိုင်းဖတ်သင့်သောမဂ္ဂဇင်းတစ်အုပ်ဟု ဆိုနိုင်ပါသည်။





(၀ဲမှ) ဒေါက်တာထိန်လင်း၊ စာရေးသူ၊ ဒေါ်တင်စန္ဒာဝင်း၊
ဆရာကြီး ဦးချစ်သန်းမြင့်။




မနေ့က MPA မဂ္ဂဇင်း၏စာမျက်နှာများကို အရှေ့ မှအနောက်သို့၊ တစ်ခါ အနောက်မှအရှေ့ သို့ လူးလာခေါက် တုံ့လှန်ကာ ဖတ်ကြည့်ရင်းက အကြောအဆစ်ကုပညာရပ်နှင့်အကြောအဆစ်ကုပညာရှင်များ၏အတိတ်က ပုံရိပ်များကို ပြန်လည်မြင်ယောင်လာမိပါသည်။

မဂ္ဂဇင်းမှာပါရှိသော ဆရာကြီးဦးချစ်သန်းမြင့်ဆောင်းပါးကိုဖတ်ရသောအခါ လွန်ခဲ့သောတစ်နှစ်ကျော်က သန်လျင်မှာ ဆရာကြီးနှင့်တွေ့ဆုံစကားပြောခဲ့သည်များအား အမှတ်ရမိပါသည်။ 

အကြောအဆစ်ကုပညာရှင် သမီးတင်စန္ဒာ၏အကူအညီဖြင့် ဆရာကြီးကို ဒေါက်တာထိန်လင်း၏ Family Care Clinic ဆေးခန်းမှာတွေ့ခဲ့ရခြင်းဖြစ်သည်။ ဒေါက်တာထိန်လင်းသည် ဆရာကြီး၏မြေးဖြစ်သည်။ မိမိကိုတွေ့ရသောအခါ ဆရာကြီး ကအထူးတလည်ဝမ်းသာသလို မတွေ့ရသည်မှာကြာပြီဖြစ်သောဆရာကြီး ကို ကျန်းကျန်းမာမာသွားသွားလာလာဖြင့်တွေ့ရသဖြင့် မိမိမှာလည်း အံ့သြ၀မ်းသာခြင်းဖြစ်ရပါသည်။

တစ်ချိန်တည်းမှာ လွန်ခဲ့သော အနှစ် ၃၀ ခန့်က ၁၉၈၀ ခုနှစ်များဆီသို့ ….

ဆရာကြီးဦးချစ်သန်းမြင့်အား မိမိစပြီးတွေ့ဖူးခဲ့သည်မှာ ရုပ်ရှင်မင်းသားကြီးဝင်းဦးတည်းဖြတ်ထုတ်ဝေသည့် စန္ဒာမဂ္ဂဇင်း တိုက်တွင်ဖြစ်သည်။ ထိုစဉ်က မိမိသည် ကြည့်မြင်တိုင်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေရင်း အခြားတဖက်မှလည်း သတင်းစာနှင့်မဂ္ဂဇင်းများမှာ ဆောင်းပါးများရေးနေခဲ့ သည်။ မိမိရေးနေသောမဂ္ဂဇင်းများတွင် စန္ဒာ မဂ္ဂဇင်းလည်းပါရှိလေရာ မိမိ၏ကျောက်တံတားသမ၀ါယမ ဆေးခန်းရှိရာ ဘားလမ်း(အထက်ဘလောက်)ရှိ စန္ဒာမဂ္ဂဇင်းတိုက်သို့ အရောက်အပေါက်များခဲ့ပါသည်။

စာမူပေးစရာရှိရှိ မရှိရှိ လမ်းကြုံသည့်အခါ မဂ္ဂဇင်းတိုက်မှအယ်ဒီတာများနှင့်စကားစမြည်ပြောတတ်ပါသည်။ တစ်ခါတစ်ရံ မဂ္ဂဇင်းတိုက်၏အပေါ်ထပ်ခိုးလေးတွင်နေလေ့ရှိသော မင်းသားကြီးဝင်းဦးနှင့်ကြုံတတ်ပါသည်။ တစ်ခါမှာ မင်းသားကြီးနှင့်စကားစပ်မိရာ သူနှင်မိမိ့ဇနီး၏ဖခင်(ကပ္ပတိန်ဗိုလ်မှူးအေးမင်း)တို့သည် အင်္ဂလန် နိုင်ငံရှိ Royal Military Academy Sandhust (RMAS) တွင် အရာရှိသင်တန်းကို အတူတက်ခဲ့ကြကြောင်း သိရပါသည်။

ဆရာကြီးဦးချစ်သန်းမြင့်သည် ထိုအခါက စန္ဒာမဂ္ဂဇင်းတိုက်တွင် အယ်ဒီတာလုပ်ရင်း ရုပ်ရှင်ဇာတ်ညွှန်းများ ရေးနေကြောင်းသိခဲ့ရသည်။ တစ်နေ့တွင် မိမိက စာမူသွားပေးရင်း ဆရာကြီးဦးချစ်သန်းမြင့်တွေ့ဆုံပြီးစကား ပြောဖြစ်ကြရာက မဂ္ဂဇင်းတိုက်တွင်အလုပ်လုပ်နေသော ဆရာကြီးသည် စစ်တပ်မှစေလွတ်သောပညာသင် ဆုဖြင့် အင်္ဂလန်နိုင်ငံတွင် အကြောအဆစ်ကုပညာသင်တန်း တက်ရောက်ခဲ့ကြောင်းကို သိရှိခဲ့ရသည်။ အကြောအဆစ်ကုပညာရှင်တစ်ဦးက သင်ကြားတတ်မြောက်ထားသည့်ပညာဖြင့် အလုပ်မလုပ်ပါဘဲ တခြား သောအလုပ်ဖြင့်အလုပ်လုပ်နေသဖြင့် နိုင်ငံအတွက် ဆုံးရှုံးမှုတစ်ရပ်ဟု မိမိထင်မြင်မိပါသည်။

ဆရာကြီးကိုလည်းပြောပြခဲ့မိရာ ဆရာကြီးက သူ၏ယခုဆောင်းပါးမှာ “ကျွန်တော် Physiotherapist ဘ၀ ကိုနားပြီး စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာဘ၀မှာ ကျင်လည်နေတာလည်း လောကသားတစ်ယောက် အနေနဲ့နှမြောတဲ့အထဲမှာ ဆရာဦးတင်မောင်အေးလည်း ပါပါတယ်” ဟု ထည့်သွင်းရေးသားခဲ့ပါသည်။

ဆရာကြီး၏ဆောင်းပါးတစ်နေရာမှာ အရိုးရောဂါကုပါရဂူ ဗိုလ်မှူးလားအိုး၏အမည်ကိုတွေ့ရသောအခါ မိမိ တာဝန်ကျစဉ်က ကြည့်မြင်တိုင်အရိုးရောဂါအထူးကုဆေးရုံကြီးသို့ မကြာခဏရောက်လာပြီး ဆေးရုံမှ ဆရာ ကြီးဦးဖေခင်၊ ဆရာကြီးဦးဘညွန့်  အစရှိသည့် အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးလေ့ရှိ သော ဗိုလ်မှူးကြီးလားအိုးကို ဆက်စပ်အမှတ်ရမိသေးတော့။ 

၁၉၅၄ခုနှစ်က မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးတွင် Physiotherapy Department ထူထောင်ခဲ့စဉ်က ကိုယ် တိုင်ပါဝင်ခဲ့ပြီး ၁၉၅၅ မှ ၁၉၅၇ ခုနှစ်အထိ စကောလားရှစ်ပညာတော်သင်ဆုဖြင့်အင်္ဂလန်တွင် Physiothe-rapy ပညာရပ်နှင့်ခြေတုလက်တုပညာရပ်များကို လေ့လာဆည်းပူးခဲ့သော ဆရာကြီးကား မြန်မာအကြော အဆစ်ကုပညာရပ်သမိုင်းတွင် ရှေ့ ဆောင် Physiotherapist ကြီးဖြစ်လေသည်။









No comments:

Post a Comment