"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, January 26, 2015

MPA မဂ္ဂဇင်းနှင့်အတိတ်ကိုလွမ်းမောမိခြင်း (၂)



၁၃၇၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ 



ဖေ့စ်ဘွတ်မှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။




MPA မဂ္ဂဇင်းနှင့်အတိတ်ကိုလွမ်းမောမိခြင်း (၂)





MPA မဂ္ဂဇင်း၏ပထမဦးဆုံးသောစာမျက်နှာများ၌ “Our Pioneers” ဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာ နိုင်ငံမှာ အနောက်တိုင်းအကြောအဆစ်ကုဆေးပညာရပ် (Physiotherapy) ဖြစ်ပေါ်ဖွံ့ဖြိုးမှုသမိုင်း လမ်းကြောင်းတွင် ရှေ့ ဆောင်ရှေ့ ရွက်ဦးဆောင်မှုပေးခဲ့ကြသော ဆရာဆရာမကြီး ၅ ဦးတို့အား ဂုဏ်ပြုဖော်ပြထားသည်ကို တွေ့ရပါသည်။

ဆရာကြီးပါမောက္ခဒေါက်တာမားလ်ကမ်းပိ(တ)
ဆရာကြီးဦးချစ်သန်းမြင့်
ဆရာမကြီးဒေါ်လှရီ
ဆရာကြီးဦးတင်အောင်
ဆရာကြီးဦးထွန်းအောင်ဇံတို့ဖြစ်ကြ၏။

မိမိသည် ကံကောင်းထောက်မစွာဖြင့် မိမိတို့၏ရှေ့ ဆောင်လမ်းပြများဖြစ်ခဲ့ကြသော အထက်ဖော်ပြ ပါ ဆရာဆရာမကြီးများနှင့် တွေ့ဆုံခဲ့ရဖူးပါသည်။ 


** ဆရာကြီးပါမောက္ခဒေါက်တာမားလ်ကမ်းပိ(တ) **

ဆရာကြီးကို မိမိအနေဖြင့် ပထမဦးဆုံးတွေ့ဖူးခဲ့သည်မှာ ၁၉၆၆ ခုနှစ်က ရန်ကုန်အထွေထွေရောဂါကုဆေးရုံ  ကြီးအတွင်းရှိ ဆေးတက္ကသိုလ်စာသင်ခန်း၌ပြုလုပ်ခဲ့သော ဆေးဘက်ပညာသင်ကျောင်း သူကျောင်သား များ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင်ဖြစ်ပါသည်။ 

ထိုစဉ်က အာရ်ဂျီအိတ်(ခ်ျ)ဟု ထင်ရှားခဲ့သော ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (Rangoon General Hospital) ၏ဆေးရုံအုပ်ကြီးဒေါက်တာဦးအောင်သိန်းသည် ဆေးဘက်ပညာသိပ္ပံကျောင်း (Institute of Para-Medical Sciences)၏ ကျောင်းအုပ်ကြီးဖြစ်ခဲ့ပါသည်။ 

ဒီနောက်ပိုင်းတွင် မြန်မာနိုင်ငံမှပြန်သွားသောဆရာကြီးသည် အင်္ဂလန်နိုင်ငံမှကနေဒါနိုင်ငံသို့ ပြောင်းရွေ့  သွားကြောင်းကို ပြီးခဲ့သည့်နှစ်က ကနေဒါနိုင်ငံမှာ ကွယ်လွန်သွားသော ဆရာကြီးဦးအောင်မြင့်ပြောပြသဖြင့် ကြားသိခဲ့ရပါသည်။ ၁၉၈၆-၈၇ခုနှစ်ခန့်က ကနေဒါမှမြန်မာနိုင်ငံသို့အလည်လာသောဆရာကြီးကိုသူတည်း ခိုရာဟိုတယ်တွင် သွားတွေ့ဖူးပါသည်။

တစ်ခါ စင်ကာပူနိုင်ငံတွင် ဆရာကြီးအား သူ၏တပည့်များက ဧည့်ခံကျွေးမွေးသည့်ညစာစားပွဲများ တွင် ၂ ကြိမ် တွေ့ဖူးခဲ့ပါသေး၏။ CBR စီမံချက်ဖြင့် အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားအစရှိသောအာရှ နိုင်ငံများသို့သွား ရင်း စင်ကာပူသို့ဝင်လာခြင်းဖြစ်သည်။ ဆရာကြီးကိုတွေ့ရသည့်အခါတိုင်း မိမိအနေဖြင့် သတိပြုမိသည်မှာ အသက် ၇၀ ကျော် ၈၀ ရှိလာသော်လည်း ဖြတ်ဖြတ်လပ်လပ် သွက်သွက်လက်လက်ဖြင့် တက္ကသိုလ်တစ်ခု ၏အမှုဆောင်ဒါရိုက်တာတာဝန်များကို နိုင်ငံတကာသို့ ခရီးသွားလျက် ထမ်းဆောင်နိုင်နေသေးခြင်းပင်ဖြစ်ပါ သည်။

ဆရာကြီးအနေဖြင့် မြန်မာပြည်ကို မည်မျှချစ်သနည်းဆိုသည်ကို နှစ်စဉ်နှစ်တိုင်းလိုလို မြန်မာပြည်သို့ တစ် ဦးတည်းဖြစ်စေ၊ သူဇနီးရှိစဉ်က ဇနီး သမီးတို့နှင့်အတူဖြစ်စေ၊ သည့်နောက်ပိုင်းတွင် သူအ လုပ်လုပ်ကိုင် နေသော Queen's University မှ သူ၏တပည့်များ လုပ်ဖော်ကိုင်ဖက်များနှင့်ဖြစ်စေ လာရောက်လေ့ရှိခြင်း က သက်သေခံနေပါသည်။ တစ်ချို့ သောနှစ်များတွင် တစ်နှစ်တည်းကို နှစ် ခေါက် လာတတ်ပါသေး၏။

ဆရာကြီးသည် ယူနိုက်တက်ကင်န်းဒန်းတွင် အစိုးရ၀န်ထမ်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)၏၀န်ထမ်း အဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ပြီး မသန်စွမ်းမှုပြန်လည်ထူထောင်ရေးဆိုင်ရာတက္ကသိုလ် ပညာရေး၊ လူထုအခြေပြု မသန်စွမ်းမှုပြန်လည်ထူထောင်ရေး (Community-based Rehabilitation - CBR) နှင့်လူမှုအဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးရေး (Community Develop-ment) အစရှိသည့် စီမံကိန်းများအား ဦးဆောင်လုပ်ကိုင်ခဲ့သော နိုင်ငံတကာအတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့်ရှိသူတစ်ဦးဖြစ်သည်။ သို့အတွက် ကြောင့်လည်း ဂုဏ်ထူးဆောင်ဆေးပညာရပ်ပါရဂူဘွဲ့နှင့်သိပ္ပံပညာရပ်ပါရဂူဘွဲ့များကို ပေးအပ်ချီးမြှင့်ခြင်းခံ ခဲ့ရလေသည်။ 

ဆရာကြီးသည် မြန်မာပြည်ကိုလာသောအချို့ အခေါက်တွေမှာ မြန်မာအကြောအဆစ်ကုပညာရှင်များကို သင်တန်းပို့ချပေးလေ့ရှိသည်။ ပြီးခဲ့သောတစ်ခေါက်လာစဉ်ကမူ သူအလုပ်လုပ်နေသော Queen's University အနေဖြင့် မြန်မာနိုင်ငံသို့ အကူအညီပေးဖို့ရာအတွက် ရှေ့ ပြေးလာခြင်းဟု သိရပါသည်။ မြန်မာ ပြည်မှာလိုအပ်နေသော မသန်စွမ်းမှုပြန်လည်ထူထောင်ရေးဆိုင်ရာတက္ကသိုလ်ပညာရေးနဲ့လူထုအခြေပြုမ သန်စွမ်းမှုပြန်လည်ထူထောင်ရေး(CBR) ဌာနလာဖွင့်ရန်ဟုဆိုပါသည်။

နောက်တစ်ခေါက်လာသောအခါတွင် ကျန်းမာရေးဝန်ကြီးနှင့် တွေ့ဆုံရန်အစီအစဉ်ရှိလေသည်။






No comments:

Post a Comment