"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 17, 2015

တစ်စွန်းတစ်စ




၁၃၇၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်၊ 



မိမိတို့ဇနီးမောင်နှံသည် များသောအားဖြင့် စနေနေ့ကဲ့သိုသောအလုပ်ပိတ်ရက်တွင် နံနက်စာကို အတူ အပြင်ထွက်စားလေ့ရှိသည်။
အနီးအနားရှိ စားသောက်ဆိုင်များမှာ ပုံမှန်စားလေ့ရှိသော်လည်း တစ်ခါတရံတွင် အနည်းငယ်ဝေး သော အနောက်အရပ်က Jurong Point နှင့် အရှေ့ အရပ်က Jurong East ကုန်တိုက်ကြီးများရှိရာ စားသောက် ဆိုင်များသို့လည်း သွားစားတတ်ကြပါသေး၏။ 


ပင်နဲင်းစူးလားပလာဇာ၊ စင်ကာပူ။


သွားလေရာရာတွင် ကိုယ့်နိုင်ငံသားများကို တွေ့ရတတ်ပါသည်။
လမ်းတွေမှာ၊
ရထားထဲမှာ၊
ဘတ်စ်ကားတွေပေါ်မှာ၊
ကုန်တိုက်ကြီးများမှာ၊
ရုံးဌာနနှင့်ဆေးကုခန်းတွေမှာ၊
လေဆိပ်မှာက ပိုလို့ပင်များသေးတော့။

တစ်ခါကတော့ နံနက်စာစားရန် တိုက်အောက်မှဖြတ်ပြီး လမ်းလျှောက်သွားကြစဉ် “ကိုယ့်မှာတော့ တစ်ယောက်ထဲ..အဲ..” ဆိုသည့် မြန်မာသီချင်းဆိုသည့် လွမ်းလွမ်းဆွတ်ဆွတ်အသံကို ကျယ်ကျယ်  လောင်လောင်ကြီးကြားရသဖြင့်ကြည့်လိုက်ရာ တိုက်အောက်ရှိယာယီပစ္စည်းသိုလှောင်ခန်းအတွင်း မှာ အလုပ်လုပ်နေသော ဆောက်လုပ်ရေးလုပ်သားမြန်မာလူငယ်တစ်ဦးကို တွေ့ရပါသည်။
သူ့ခမျာ အလုပ်လုပ်ရင်း ခပ်ပျင်းပျင်းရှိသဖြင့် သီချင်းဆိုလေသလား။ 
စိတ်လက်ပျော်ရွှင်နေသဖြင့် ဆိုလေသလား။ 
သို့မဟုတ် ..
မြန်မာပြည်တွင်ကျန်ခဲ့သော သူ့မိသားစုအားလွမ်းတမိသဖြင့် ရသေ့စိတ်ဖြေအလွမ်းပြေလေး ဆိုလေ သလားဟု စာနာစွာတွေးတောမိပါသည်။

အဲ မနေ့တစ်နေ့ကမူ ဇနီးသည်ပြောပြ၍ သိရသည်မှာ ..
ဇနီးသည်က အိမ်နောက်ဖေးရှိမီးဖိုချောင်မှာ ချက်ပြုတ်နေစဉ် တိုက်ခေါင်မိုးမှ တွဲလောင်းချထားသည့် ၀က်ခြံထဲကနေ တိုက်ကိုဆေးသုတ်နေကြသည့် မြန်မာလူငယ်အလုပ်သမားလေးများ ရောက်တတ် ရာရာပြောနေသံကို ကြားရတာကတော့ ……

“စင်ကာပူကကွာ အားအားနေရင်း တိုက်တွေကိုပဲ ဆေးသုတ်နေကြတယ်။တို့ဆီကတိုက်တွေကြတော့ ညစ်နေလည်း ဒီအတိုင်းပဲထားတာကွ”
“ဟုတ်ပကွာ ဆောက်ပြီးကတည်းက ဘာမှကိုမလုပ်တော့ပဲကို ပစ်ထားကြတာ။”  


မိမိတို့၏တိုက်များကို ဆေးသုတ်နေသည်။


“မြန်မာပြည်ကငါ့အိမ်မှာ အီးမေးချိပ်ထားတယ်ကွ။” 
“အီးမေးဆိုလို့ ဟိုအကောင့်ဆီကို အီးမေးပို့ဖို့ရှိတာ ငါ့မှာကလည်း အချိန်ကို မရှိပါဘူးကွာ။”
“ဟိုအကောင်ကလည်းကွာ စင်ကာပူကိုဆင်းလာခဲ့ပါလို့ ငါပြောနေသားနဲ့ မလေးရှားကို စွတ်ပြီးထွက်သွားတယ်။”

အထက်ပါ တောရောက်တောင်ရောက်စကားများကို မိမိတို့ ခိုးချောင်ခိုးဝက် တကူးတက နားမထောင်ရပါပဲ တစ်စွန်းတစ်စကြားမိလိုက်ရခြင်းသာဖြစ်ပါလေ၏။

ဘာပဲဖြစ်ဖြစ် ကိုယ့်ဌာနေနှင့်ဝေးနေကြရသူများပေမို့ မြန်မာသံမြန်မာစကားကို တစ်စွန်းတစ်စလေးပဲဖြစ်ဖြစ် ကြားရသောအခါ ပျော်ရကြရသည်သာ။ 













No comments:

Post a Comment