"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, March 18, 2015

WCPT Congress ရင်ခုန်သံ



၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊


လာမည့် မေလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာအကြာအဆစ်ကုပညာရပ်အဖွဲ့ကြီးညီလာခံ (World Confederation for Physical Therapy Congress 2015)ကို တစ်ကမ္ဘာလုံးမှ အကြာအဆစ်ကု ပညာရှင် ညီလာခံကိုယ်စားလှယ်တော်ပေါင်း ၅၀၀၀ ကျော်ဖြင့် စင်ကာပူနိုင်ငံတွင် ခန်းနားကြီးကျယ်စွာ ကျင်းပပေတော့မည်။

ယင်းကမ္ဘာ့ညီလာခံကြီးကို တတိယအကြိမ်မြောက် တက်ရောက်ခွင့်ရသူတစ်ဦးအနေဖြင့် ရင်ခုန်လှုပ်ရှားခဲ့ ရသည်များကို မိမိ၏ယခင်အတွေ့အကြုံများ မျှဝေခံစားလျက် ဖေ့စ်ဘွတ်မှာရေးတင်ခဲ့ပါသည်။

ထိုစာစုများအား ယခုကျွန်းသာယာဘလော့တွင် ပြန်လည်ကူးယူဖော်ပြလိုက်ရပေသည်။





WCPT Congress ရင်ခုန်သံ (၁)

သောကြာနေ့ည ၉ နာရီခွဲတွင် ဟောင်ကောင်ရှိ မိတ်ဆွေအကြောအဆစ်ကုပညာရှင် ပီတာထံက WhatsApp မှ စာဝင်လာခဲ့သည်။ 

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက မိမိထံ အီးမေးဖြင့် သူမေးထားသော ဟိုတယ်ကိစ္စအခြေအနေ ကို စုံစမ်းမေးမြန်းခြင်းဖြစ်၏။

ယခုနှစ်မေလဆန်းမှာ စင်ကာပူနိုင်ငံ၌ကျင်းပမည့် အပြည်ပြည်ဆိုင်ရာအကြာအဆစ်ကုပညာရပ်အ ဖွဲ့ကြီးညီလာခံ (World Confederation for Physical Therapy Congress 2015) ကို သူလာ တက်မည်ဖြစ်ရာ ဈေးနှုံးအသင့်အတင့်ရှိပြီး ကောင်းမွန်သောဟိုတယ်ရှာထားပေးရန် မိမိအား အကူအညီတောင်းခြင်းဖြစ်သည်။ 

သူနှင့်မိမိတို့သည် ၂၀၁၃ ခုနှစ်က ထိုင်ဝမ်နိုင်ငံ တိုင်ချွန်းမြို့ တွင်ကျင်းပခဲ့သော အာရှနှင့်အနောက် ပစိဖစ်ဒေသဆိုင်ရာအကြာအဆစ်ကုပညာရပ်ညီလာခံ (The 6th Congress of WCPT’s Asia- Western Pacific Region) မှာ တွေ့ဆုံသိကျွမ်းခဲ့ခြင်းဖြစ်သည်။

ဒီတော့မှ WCPT Congress ကျင်းပရန် ၂ လခန့်သာလိုသဖြင့် ၂ ကြိမ်တိုင် မိမိတက်ခဲ့ဖူးသော ယင်းညီလာခံကြီးအကြောင်းပြန်ပြောင်းတွေးမိပါလေသည်။

မိမိသည် အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကြီးနှင့်ပတ်သက်ပြီး တစ်ကြိမ်မက ရင်ခုန်ခဲ့ရဖူးပါသည်။ 

၂၀၀၇ ခုနှစ်က လန်ဒန်မြို့ ရှိ WCPTရုံးချုပ်နှင့် ဖင်လန်နိုင်ငံ HUR ကုမ္ပဏီကြီးတို့၏ ပူးတွဲပညာ တော်သင်ဆုဖြင့် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ တွင် ပထမဆုံးအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်က နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ မှာ ဒုတိယအကြိမ်အဖြစ်လည်းကောင်း တက်ရောက် ခဲ့ပြီး ယခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ယင်းကမ္ဘာ့ညီလာခံကြီးကို တတိယအကြိမ်မြောက် နောက် တစ်ကြိမ်ထပ်မံပြီး တက်ရောက်ခွင့်ရဦးမည်ဖြစ်သည်။

၎ နှစ်တွင် တစ်ကြိမ်သာကျင်းပလေ့ရှိသော ကမ္ဘာ့ညီလာခံကြီးကို ကံကောင်းထောက်မစွာ ၃ ကြိမ် တိတိဆက်တိုက်တက်ရောက်နိုင်တော့မည်ကိုမျှော်လင့်လျက် မိမိအနေဖြင့် ရင်ခုန်ရမိသည်အမှန်။





WCPT Congress ရင်ခုန်သံ (၂)







WCPT Congress ကြီးနီးလာပြီဖြစ်သဖြင့် အပြည်ပြည်ဆိုင်ရာအကြောအဆစ်ကုပညာရပ် အဖွဲ့ကြီးသည်လည်းကောင်း၊ အာရှနှင့်အနောက်ပစိဖစ်ဒေသဆိုင်ရာအကြောအဆစ်ကုပညာ ရပ်အဖွဲ့သည်လည်းကောင်း၊ မိမိအလုပ်လုပ်ကိုင်လျက်ရှိရာ စင်ကာပူနိုင်ငံမှ ညီလာခံအိမ်ရှင် ဖြစ်သော အကြာအ ဆစ်ကုပညာရပ်အဖွဲ့ (Singapore Physiotherapy Association) သည်လည်းကောင်း ကမ္ဘာ့ညီလာခံကြီးနှင့်ပတ်သက်ပြီး လှုံ့ဆော်လှုပ်ရှားမှုအမျိုးမျိုး လုပ်ဆောင်နေကြသည်ကို သတိပြုမိနေ ပါသည်။

ဟိုက ဒီက အီးမေးများ မကြာမကြာရရှိနေ၏။

ပြီးခဲ့သောနှစ်က မြန်မာပြည်သို့လာရောက်သွားခဲ့သော WCPTအသင်းကြီး၏အာရှနှင့် အနောက်ပစိဖစ်ဒေသဆိုင်ရာအမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ‘ဒေါက်တာမားဂေါ့စကင်းနာ’က
သူ၏ မတ်လ ၄ ရက်နေ့က အီးမေးသ၀ဏ်လွှာမှာ အောက်ပါအတိုင်းရေးသားထားတာကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

“လာမည့်မေလမှာ စင်ကာပူနိုင်ငံမှာကျင်းပမယ့် WCPT Congress ကြီးဟာ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၀၀ ကျော်ကလာကြမယ့် ရောင်းရင်းPTများနဲ့ တွေ့ဆုံဖို့ဆက်ဆံကြဖို့ ထူးခြားတဲ့ အခွင့်အလမ်း တစ်ရပ်ဖြစ်ပြီး မိမိတို့၏ပညာရပ်ဖွံ့ဖြိုးမှုနဲ့ ကိုယ်တိုင်တိုးတက်မှုများကို လုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။ 
ဒီလိုအခွင့်အလမ်းမျိုးက ရတောင့်ရခဲကြီးရယ်ပါ။ 

ဘာ့ကြောင်လဲဆိုတော့ ကျမတို့ရဲ့ အာရှနှင့်အနောက်ပစိဖစ်ဒေသမှာ ဒီညီလာခံကြီးကို နောက်ဆုံး ကျင်းပသွားခဲ့တာဟာဖြင့် ၁၉၉၉ ခုနှစ်က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ မှာပါ။ ဒါ့ကြောင့် အခုကျမတို့ရဲ့ တံခါးဝမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတဲ့ ဒီအခွင့်အရေး ကြီးကို လက်မလွှတ်သင့်ပါဘူး။
လာမယ့်မေလမှာ စင်ကာပူနိုင်ငံတွင် ကျမတို့အားလုံး တွေ့ကြရအောင် မျှော်လင့်နေပါ တယ်။“တဲ့။





WCPT Congress ရင်ခုန်သံ (၃)


ပုံ (၁) WCPT Congress ဗင်ကူးဗားမြို့ ၊ ကနေဒါ။


ပုံ (၂) WCPT Congress အမ်စတာဒမ်၊ နယ်သာလန်။


ခေါင်းစဉ်မှာရေးထားသည့်အတိုင်း WCPT Congress ကြီးတက်ရန် ပထမဆုံးသောအခွင့်အလမ်း ကို မိမိရခဲ့စဉ်က ပညာရှင်တစ်ဦးအနေဖြင့်ကော လူတစ်ယောက်အနေဖြင့်ပါ ၀မ်းသာပြီး အမှန်တ ကယ်ပင် ရင်ခုန်ခဲ့ရပါသည်။

ယင်းညီလာခံမတက်မီက အခြားသောအလားတူနိုင်ငံရပ်ခြားညီလာခံများ (ဆိုးလ်မြို့  ကိုရီးယား ၁၉၉၃၊ ဟယ်လ်စင်ကီမြို့  ဖင်လန် ၁၉၉၆၊ ဆု့ကူးဗား ဂျပန် ၂၀၀၃၊) ကို မိမိ တက်ရောက်ခဲ့ဖူးပြီး ဖြစ်သော်လည်း ညီလာခံတက်ရောက်သူအားလုံး PT များမဟုတ်ကြပဲ အများစုမှာ စိတ်ပညာရှင် များ၊ လူမှုရေးပညာရှင်များ၊ ပညာရေးဝန်ထမ်းများ၊ စီမံအုပ်ချုပ်သူများ၊ သုတေသနပညာရှင်များ စသဖြင့်အခြားသောပညာရှင်မျိုးစုံဖြစ်ကြပါသည်။ ကိုရီးယားနှင့်ဂျပန်နိုင်ငံများတွင် မိမိသည် PT ဘာသာရပ်နှင့်သက်ဆိုင်သောသုတေသနစာတမ်းများကို တင်သွင်းဖတ်ကြားခဲ့ရာ PT မဟုတ်သူ အများစုက နားထောင်ခဲ့ကြခြင်းဖြစ်လေသည်။

သို့သော် ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ PTများသာ တက်ရောက်ကြပြီး PTနှင့်သက်ဆိုင်သည့်သုတေ သနစာတမ်းများကိုသာ တင်သွင်းဖတ်ကြားသော WCPT Congress ကိုတက်ရသောအခါ ထူးထူးခြားခြားခံစားမှုဖြစ်ရပါသည်။ ကိုယ်စားလှယ်များသည် နိုင်ငံမတူ၊ လူမျိုးမတူ၊ ပြောဆိုသောဘာသာ စကားမတူကြသော်လည်း ထောင်ပေါင်းများစွာသောPTများအား တစ်နေရာတည်းတွင်တစ်ပတ်ခန့် စုစုဝေးဝေးတွေ့ကြရပြီး ရင်းရင်းနှီးနှီးတွေ့ဆုံဆက်ဆံပြော ဆိုကြရသာအခါ အခြားသောညီလာခံများကိုတက်ခဲ့စဉ်ကနှင့်မတူသော ပိုမိုနွေးထွေးသည့် ရင်ခုန်မှုမျိုးကို ခံစားခဲ့ရပါတော့သည်။






WCPT Congress ရင်ခုန်သံ (၄)





စင်ကာပူနိုင်ငံတွင်ကျင်းပမည့် WCPT Congress ကြီးကို စိတ်ဝင်စားကြကြောင်းသိရှိရသဖြင့် အချိန်ရသလို ဆက်ပြီးရေးသွားပါမည်။ 

ရင်ခုန်သံ (၄) တွင် ၂၀၁၃ ခုနှစ် ဇူလိုင်လက Fairmont Hotel မှာ WCPT အဖွဲ့ကြီးနှင့် စင်ကာပူ အကြောအဆစ်ကုပညာရပ်အသင်း(SPA)တို့ ညီလာခံကျင်းပရေးဆိုင်ရာသဘောတူလက်မှတ်ရေး ထိုးကြသည့်အကြောင်း အနည်းငယ်ပြောပြပါမည်။ 

ယင်းလက်မှတ်ရေးထိုးပွဲသို့ မိမိတက်ရောက်ခဲ့၏။ မိမိအပြင် အခြားမြန်မာPT ဖြစ်သူ ဒေါ်ဘေဘီ သန်းမောင် (ဒုတိယတန်း၊ ယာစွန်)လည်း တက်ရောက်ပါသေးသည်။ WCPT အဖွဲ့ကြီးမှကိုယ်စား လှယ်အဖြစ် ထရေစီ ဘာရီနှင့် ရေချယ်မိုးတို့နှစ်ဦးက လက်မှတ်ရေးထိုးပြီး စင်ကာပူဘက်မှ SPA ဥက္ကဌ ဒင်းနက်ရှ်ဗားမား (ရှေ့ တန်း၊ ၀ဲမှတတိယ)နှင့်SPA ဒု-ဥက္ကဌ ဗစ်ဗီယံလင်း(ရှေ့ တန်း၊ ယာမှ ဒုတိယ)တို့က အကြောအဆစ်ကုဌာမှူးများနှင့်မန်နေဂျာများရှေ့ တွင် လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ 

နောက် ၂ နှစ်ခန့်အကြာ ၂၀၁၅ ခုနှစ် မေလတွင် စင်ကာပူနိုင်ငံမှာကျင်းပမည့် WCPT Congress ကြီးအတွက် ဧည့်သည်များကော အိမ်ရှင်များပါ ပြုံးပြုံးရယ်ရယ် ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးကြ သည့်မြင်ကွင်းကား မိမိတို့အားလုံးအဖို့ ၀မ်းသာကြည်နူးစရာကောင်းလှပါသည်။ 

အထူးသဖြင့် စင်ကာပူနိုင်ငံသူနိုင်ငံသား PT များအတွက်ကား ဂုဏ်ယူမဆုံး ပီတိဖုံးလို့ ဆိုဖွယ်ရာ ပင် မရှိလေတော့။ 

အောက်မှာ WCPT NEWS က ညီလာခံအကြောင်း သတင်းရေးထားတာလေးတွေကို ဖတ်ရှုခံစားကြည့်ကြစေလိုပါတယ်။


********* ********* **********


Singapore Physiotherapists Sign Congress Agreement

The Singapore Physiotherapy Association (SPA) has formally signed an agreement with WCPT confirming their collaboration for the WCPT Congress, to be held in Singapore in 2015.

The congress, the world’s biggest and most important international event for physical therapists, will be held at the Suntec Singapore Convention and Exhibition Centre over four days in May 2015. The previous WCPT Congress, held in the Netherlands in 2011, attracted over 5,000 delegates.

The agreement between WCPT and the SPA was signed at a high tea at the Fairmont Hotel, during a visit to Singapore by WCPT representatives Tracy Bury, Director of Professional Policy, and Rachel Moore, Project Manager and Membership Coordinator. 

The SPA’s President, Dinesh Verma, and Vice President, Vivian Lim, signed the agreement, which sets out how WCPT and SPA will cooperate to create a successful congress. Also present were Singapore physiotherapy managers who will host clinical visits during the congress, and members of the SPA Executive Committee. 

Tracy Bury said the event was an opportunity for Singapore physiotherapists to find out about the WCPT Congress, and to get an idea of what it will be like to open their doors to members of the profession coming from all over the world.

“It was clear how committed our hosts are to welcoming physical therapists and giving them a taste of Singapore,” she said. “This was a wonderful opportunity to meet face to face, and recognise all the work on planning the congress that has already been taking place over the past 12 months and prepare for more intensive planning to come.”

Dinesh Verma knows the physical therapy spotlight is going to be on Singapore in 2015. He said: “Singapore physiotherapists are thrilled to be hosting colleagues from around the world at the WCPT Congress and we know what a wonderful opportunity this will be for the profession in Singapore to benefit from networking and learning from international experts.”





WCPT Congress ရင်ခုန်သံ (၅)


WCPT Congress ဖွင့်ပွဲအခန်းအနားနှင့်ကြိုဆိုဧည့်ခံရေးညက တွေ့ရသော ရင်ခုန်လှုပ်ရှား ညီလာခံကိုယ်စားလှယ်များ။
(အောက်ပုံ)အင်္ကျီအစိမ်းဝတ်ပြီး နဖူးစည်းအနီပတ်ထားသူမှာ ကနေဒါတိုင်းရင်းသားဓလေ့ထုံးစံ(Canadian First Nations tradition) ကို ကိုယ်စားပြုထားခြင်းဖြစ်၏။ First Nations ဆိုသည် မှာ ကနေဒါနိုင်ငံရှိ အဘော်ရီဂျင်များ (Aboriginal people) ပင်ဖြစ်ကြ၏။



WCPT Congress ဖွင့်ပွဲအခန်းအနားနှင့်ကြိုဆိုဧည့်ခံရေးညက အာရှ၊ အာဖရိက၊ တောင်အမေရိက၊ မြောက်အမေရိက အစရှိသောတိုက်ကြီးများမှ တက်ရောက်လာကြသော ရင်ခုန်လှုပ်ရှား ညီလာခံကိုယ်စားလှယ်များ။


စင်ကာပူမှ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ သို့ ၁၆ နာရီခွဲကြာ ခရီးရှည်မောင်းနှင်ပျံသန်းလာသော အီဗားလေယာဉ်ကြီး ဗင်ကူးဗားအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချည်းကပ်ချိန်တွင် လင်းကျင်း သောကောင်းကင်အောက်မှာ တောင်ထိပ်အချို့ နှင့်တောင်ကြားနေရာအချို့ ပေါ် ဟိုတစ်စု ဒီတစ်စု ပျံ့ ကျဲနေသည့်ရေခဲများကို လှပစွာတွေ့ရလေသည်။
နေရောင်တွင် တဖြတ်ဖြတ်တောက်နေကြ၏။

လေဆိပ်မှ တက္ကစီငှားလျက် University of British Columbia သို့အသွား စောစောက လေယာဉ်ပေါ်မှ မိမိမြင်ခဲ့သော တောင်ပေါ်ရေခဲများအကြောင်းကို ကားမောင်းသူအား မေးကြည့်ပါ သည်။ အကြောင်းမှာ မိမိရောက်နေသောအချိန်မှာ ဇွန်လဖြစ်လေရာ ဆီးနှင်းများကျသောအချိန်မ ဟုတ်သောကြောင့်ဖြစ်သည်။ ယင်းရေခဲများမှာ တောင်များပေါ်၌ တစ်နှစ်ပတ်လုံးရှိနေကြောင်းနှင့် ယခုအခါ ကမ္ဘာကြီးပူနွေးလာသဖြင့် ယခင်အခါများကလို မများတော့ကြောင်းသိရှိရ၏။ 

မိမိသည် WCPTရုံးချုပ်နှင့် HURကုမ္ပဏီကြီးတို့၏ပူးတွဲပညာတော်သင်ဆုဖြင့် လာခြင်းဖြစ်ရာ လေယာဉ်အသွားအပြန်စရိတ်၊ ဟိုတယ်စရိတ်၊ ညီလာခံကြေးနှင့်နေ့စဉ်အသုံးစရိတ်များကို ညီလာခံတက်သည့် ၅ ရက်အတွက်သာ ပေးပါသည်။ သိုသော် မိမိက တစ်ရက်ကြိုပြီးသွားသဖြင့် ရောက်သည့်နေ့အတွက် မိမိဖာသာ ကျခံရ၏။ ဒါ့အပြင် တက္ကသိုလ်မှာ ယခုကဲ့သို့တစ်ညတာတည်း ခိုရန်လည်း မိမိအနေဖြင့် စင်ကာပူမှာကတည်းက ကြိုတင်စီစဉ်ခဲ့ရခြင်းဖြစ်ပါလေ၏။ ကျောင်းပိတ် ရက်ရှည်နှင့်တိုက်ဆိုင်နေသောကြောင့် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၄၀ တွင်ရပ်တည်နေ သည့် နာမည်ကျော် ဤတက္ကသိုလ်ကြီးက မိမိတို့ညီလာခံကိုယ်စားလှယ်များကို ဈေးနှုန်းချိုသာ စွာဖြင့် အခန်းငှားပေးခဲ့ပါသည်။ တစ်ညတာဖြစ်သဖြင့် မိမိက ဟိုတယ်မှာ ငွေအကုန်အကျခံပြီး မတည်းပဲ တက္ကသိုလ်ကြီးကိုလည်း ရောက်ဖူးရလေအောင် တစ်ချက်ခုတ်နှစ်ချက်ပြတ် လာတည်း ခြင်းဖြစ်၏။
အဝေးမှလာသော မိမိက တစ်ညသာတည်းသော်လည်း ကနေဒါနိုင်ငံရှိတစ်ခြားသောမြို့များ (ဥပမာ အော့တားဝါးမြို့ )မှ လာတက်ကြသူ PTအချို့ ကား ဤတက္ကသိုလ်ကြီးမှာပင် ၅ရက်လုံး တည်းသွားခဲ့ကြလေသည်။ 

နောက်တစ်နေ့နံနက်စောစောတွင် ညီလာခံကျင်းပရာ Vancouver Convention and Exhibition Centre သို့ရောက်သောအခါ မှတ်ပုံတင်နေရာစားပွဲတွင် နိုင်ငံအသီးသီးကကိုယ်စားလှယ်များ တဖွဲဖွဲရောက်ရှိလျက် ရှိနေကြပါသည်။ 

အပြင်ဘက်တွင် အပူချိန်က ၁၉ ဒီဂရီစင်တီဂရိတ် (၆၆ ဒီဂရီဖာရင်ဟိုက်) သာရှိရာ အတော်လေး အေးပါသည်။

ညီလာခံဖွင့်ပွဲနှင့်ကြိုဆိုဧည့်ခံပွဲကို ထိုနေ့ညကသွာသောအခါ အ ပူချိန်က ၁၁ဒီဂရီစင်တီဂရိတ်သာ ရှိလေသည်။

မိမိအနေဖြင့် ကမ္ဘာနိုင်ငံအသီးသီးက PT ၃၅၀၀ ကျော်တက်ရောက်သည့် ဤမျှကြီးကျယ်ခန်းနား သောညီလာခံကြီးကို တစ်ယောက်တည်းမယောင်မလည်ဖြင့်ရောက်လာခဲ့ရာ စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာများစွာဖြင့် ကြည်နူးစွာရင်ခုန်ရပါလေ၏။
မိမိကဲ့သို့ အလားတူဝမ်းသာရင်ခုန်ကြရသူများ၏ပုံရိပ်များအား ကြည်ရှုခံစားကြပါကုန်။





WCPT Congress ရင်ခုန်သံ (၆)





မနေ့ညနေက မြန်မာပြည်မှဧည့်သည်တစ်ဦး မိမိ၏အိမ်သို့ ရောက်လာခဲ့သည်။ 
သူ၏မြေးလေးက spina bifida ဖြစ်နေသဖြင့် လက်တွန်းလှည်းဖြင့်သာ သွားလာနိုင်သည်။ အိမ်တွင် လက်များကိုသုံးလျက် ဖင်ဒရွတ်ဖြစ်စေ ၀မ်းလျားထိုးဖြစ်စေ ဟိုဟိုဒီဒီသွားလို့ရသည်။ ခါးရိုးအနည်းငယ်စောင်းကာ ခါးအောက်ပိုင်းမှစပြီး အာရုံသိရှိမှုများ လုံးဝမရှိရှာပေ။ စာကို လက်ရေးလှလှရေးနိုင်ပြီး အသိဥာဏ်မှာလည်း သူလိုငါလို ပုံမှန်ရှိကြောင်းသိရ၏။

ဤအချက်မှာ ယင်းကလေးမလေးအတွက် အလွန်ဝမ်းသာစရာကောင်း၏။
သို့နှင့် မိမိက ကလေးမလေး၏အခြေအနေများကို မေးမြန်းကြည့်ပြီး PT အနေဖြင့် မည်သည့် အခြေအနေများကို မည်သို့လုပ်ပေးနိုင်ကြောင်းရှင်းလင်းပြောပြရရင်း ဂရုပြု့ သင့်သည်များနှင့် သူ့အနေဖြင့်လုပ်ပေးနိုင်သည်များကို မှာကြားရသည်။ 

ယင်းကလေးမလေး၏ဆရာမ(PT)နှင့်မိမိတို့သည် ဖေ့စ်ဘွတ်သုံးပြီး ဆွေးနွေးခဲ့ဖူးပါသေးသည်။
မိမိ တက်ရောက်ခဲ့ဖူးသော WCPT Congressများအကြောင်းကို ယခုရက်ပိုင်းတွင် ဆွေးနွေးရေး သားနေလေရာ ၁၈ လသမီးအရွယ်ကတည်းက ပိုလီယိုဖြစ်ခဲ့ပြီး ယခုအသက် ၆၇ နှစ်ရှိသည့်တိုင် လက်တွန်းလှည်းဖြင့်သာ ကမ္ဘာအနှံ့သွားလာရင်း မသန်စွမ်းသူများ၏လူ့အခွင့်အရေးအတွက်
မဆုတ်မနစ် ရဲရဲတောက်တိုက်ပွဲဝင်လျက်ရှိသူတစ်ဦးအား ၂၀၀၇ ခုနှစ်က ဗင်ကူးဗားညီလာခံမှာ တွေ့ကြုံခဲ့ရသည်ကို အမှတ်ရမိပါသည်။ 

သူမ၏အမည်မှာ Judith Heumann ဖြစ်သည်။ သူသည် WCPT Congress 2007 ကြီး၏အထူး တလည်ဖိတ်ကြားခြင်းခံရသော ဟောပြောပို့ချသူ(Keynote speaker) ဖြစ်သည်။
မိမိ၏နားထဲတွင်ယနေ့တိုင်စွဲနေသော သူ့စကားတစ်လုံးမှာ ..
“Physiotherapists’ status will be improved by working closer with people with disabilities” 
ဟူ၍ဖြစ်သည်။

PTမဟုတ်သော်လည်း PTကုသမှုများကြောင့် များစွာတိုးတက်မှုရရှိခဲ့ကြောင်းကို သူ၏ကိုယ်တွေ့ အတွေ့အကြုံများဖြင့်ပြောဟောသည်ကိုနားထောင်ရင်း ညီလာခံတက်ရောက်သူများ၏လက်ခုပ် သံများနှင့်အတူ ကြက်သီးမွေးညင်းထသည်အထိ မိမိ၏ရင်မှာ ရိုက်ခတ်ခဲ့ရလေသည်။

"အကြောအဆစ်ကုပညာရပ်ဟာ မသန်စွမ်းသူများအနေနဲ့ ဆုံးရှုံးသွားခဲ့ရတာတွေကို ပြန်လည် ရရှိအောင် ကူညီလုပ်ကိုင်ပေးနိုင်စွမ်းရှိတယ်ဆိုတာရယ်၊ နောက်ပြီးတော့ သူတို့ရဲ့  လူမှုပတ်ဝန်းကျင်တွေမှာလည်းပဲ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်လုပ်ဆောင်ပေးနိုင်တယ်ဆိုတာတွေကိုပါ ကျမ ယုံကြည်ထားပါတယ်။" 

“I believe you are in this profession to help disabled people to regain what they did previously, and play an important role in their communities.”

မိမိ၏ညီလာခံအတွေ့အကြုံများအရ အထူးတလည်ဖိတ်ကြားထားသော ဟောပြောပို့ချသူများ၏ အင်အားရှိလှသောမိန့်ခွန်းများသည် ညီလာခံကိုယ်စားလှယ်များအဖို့ အလွန်ပင်တန်ဖိုးရှိမှတ်သား ဖွယ်ကောင်းလှကြောင်း ပြောလိုပါသည်။


မှတ်ချက်။ Judith Heumann သည် Long Island University မှ လူထုကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ မဟာသိပ္ပံဘွဲ့ရရှိခဲ့သည့်အပြင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ၃ ခုလည်း ရရှိထားသူဖြစ်သည်။







No comments:

Post a Comment