"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, March 18, 2015

ချန်ဂီမှ မက်ရစ်ချီးသို့



၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊





ချန်ဂီမှ မက်ရစ်ချီးသို့










ဒီကနေ့ မနက်စောစော ၆ နာရီတွင် ချန်ဂီလေဆိပ်သို့ တက္ကစီဖြင့်သွားခဲ့ကြသည်။
ဆရာတော်ဒေါက်တာဦးညာဏ၀ရ အမေရိကန်နိုင်ငံသို့ပြန်ရန် သွားပို့ခြင်းဖြစ်၏။

အမြန်လမ်းမကြီးမှာ မိမိ ယခင်နောက်ဆုံးအခေါက်များကကြုံတွေ့ခဲ့ဖူးသလို မိုးကလည်း မရွာ။
ယာဉ်တိုက်မှုဖြစ်ခြင်းလည်း မတွေ့ခဲ့ရ။
ကံကောင်းလှပေစွ။

ရာသီဥတုကကောင်း၊ လမ်းကလည်း ခြောက်သွေ့နေသောကြောင့်ထင်သည်။
ကားဆရာက တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မလျှော့တမ်းမောင်းနေလေရာ ကားလေး သည် လမ်းပေါ်ကလေထုကို စူးဝင်ထိုးခွဲပြီး ငြိမ့်ငြိမ့်လေး ပြေးနေ၏။ 

စီးလို့အရသာရှိသော်လည်း တစ်ခါတစ်ခါ စိုးရိမ်စိတ်လေးတော့ ဖြစ်မိသည်။ 

နောက်တန်းခုံတွင် မိမိက အလယ်မှာထိုင်သဖြင့် ထိုင်ခုံခါးပတ် ပတ်မထားရ။
တစ်ခုခုဖြစ်ရင်တော့ ညာဖက်ရှိ ဒရိုင်ဘာ၏ထိုင်ခုံကျောမှီကို ကိုယ်လုံးဖြင့်ပြေးကပ်လိုက်ရန် PT ပီပီ ကိုယ်နေကိုယ်ထား ကြံရွယ်ပြင်ဆင်ထားမိသေးတော့။

သို့နှင့် နာရီဝက်အကြာတွင် ချန်ဂီလေဆိပ်ရှိ တာမီနယ် (၃)သို့ ရောက်သွားခဲ့၏။

လေယဉ်က နံနက် ၉ နာရီ မိနစ် ၂၀ တွင်မှထွက်မည်ဖြစ်ရာ အချိန်စောလွန်းနေသေးသဖြင့် ပစ္စည်းများကိုတွန်းလှည်းမှာတင်ပြီး စားသောက်ဆိုင်များရှိရာ ဘီ (၂) အထပ်သို့ ဓာတ်လှေကား ဖြင့်ဆင်းလျက် နံနက်စာစားကြသည်။ 

တာမီနယ် (၁) နှင့် (၂) တို့ရှိ စားသောက်ဆိုင်များတွင် မကြာခဏ စားသောက်ခဲ့ဖူးခဲ့ကာ တာမီနယ် (၃) ကို ရောက်ဖူးသော်လည်း စားသောက်ဆိုင်များတွင်မူ ယခုတစ်ကြိမ်သာ စားဖူးသေး၏။

စားပြီးနောက် လေယာဉ်ထွက်ခွာဆောင်သို့ပြန်တက်လာကြကာ ဆရာတော်အတွက် Check-in ကူလုပ်ပေးရသည်။ Check-in ကောင်တာမှာ ခရီးသည်အတော်များများ တန်းစီနေကြပြီဖြစ်သည်။တန်း သုံးလေးခေါက်အထိ ရှည်နေသည်။ ဆရာတော်၏ပစ္စည်းအလေးချိန်မှာ ခွင့်ပြုသည်ထက် များနေသဖြင့် လက်ဆွဲအိတ်တစ်လုံးကို လူဖြင့်အတူယူနိုင်စေရန် ပစ္စည်းများကို ပြန်ပြီးစီစဉ်ထည့် ပေးရ၏။

ဆရာတော် ခရီးထွက်ခွာဆောင်အတွင်းသို့ ၀င်သွားသောအခါ မိမိတို့ဇနီးမောင်နှံသည် အပေါ်ထပ် ရှိ Viewing Mall သို့တက်ပြီး နားနားနေနေထိုင်ကာ လေယာဉ်များထွက်သည်ကို ကြည့်ကြပါသည်။

ခဏကြာသောအခါ မြန်မာ PT များ နှစ်ပတ်လည်တွေ့ဆုံကြမည့် မက်ရစ်ချီးရေလှောင်ကန်သို့ သွားရန် လေဆိပ်ဘူတာသို့ ဆင်းလာခဲ့ကြ၏။ 

ပုံမှန်အားဖြင့် လေဆိပ်ဘူတာမှ စီးတီးဟောဘူတာအထိ တောက်လျှောက်စီးပြီး အဲဒီကမှ ရထား ပြောင်းလျက် နိုဗီးနားဘူတာကိုပြန်စီးကြမည်။ တစ်ခါ နိုဗီးနားဘူတာကနေ မက်ရစ်ချီးရေလှောင် ကန်သို့ ဘတ်စ်ကားစီးလို့ရ၏။ သို့သော် ဒီကနေ့ ဇနီးဖြစ်သူအား စင်ကာပူနိုင်ငံ၏ စတုတ္ထမြောက် MRTလိုင်းဖြစ်သည့် Circle Line အား စီးဖူးစေလိုသောကြောင့် လေဆိပ်ဘူတာမှစီးလာပြီး တာနာမေရားဘူတာမှာ ရထားပြောင်းကာ ပါယာလေဘာဘူတာမှာဆင်း။ အဲဒီကနေ ဒိုဘီဂေါ့ဘူ တာ၊ တစ်ခါ ရထားထပ်ပြောင်းပြီး နိုဗီးနားဘူတာကိုဆက်သွား။ နေ့လည်စာကို KFC ဆိုင်တွင်စား လျက် အချိန်နောက်ကျမည်စိုးသဖြင့် မက်ရစ်ချီးရေလှောင်ကန်သို့ တက္ကစီဖြင့်သွားခဲ့ကြတော့၏။

ယခင် အင်းယားကန်ဘောင်နှင့်ပုံပန်းတူသော မက်ရစ်ချီးရေလှောင်ကန်ဘောင်ဖက် လမ်းလျောက် ၀င်သွားသောအခါ မြန်မာ PT များကို အဝေးမှမှန်းဆလှမ်းပြီးမြင်နေရသည်။ သို့နှင့် ပိုပြီးသေချာစေ ရန် ရွှေစင်ဝင်းခင်ကိုဖုန်းခေါ်လိုက်ရာ သူက မိမိတို့ကိုလာကြိုပေးပါသည်။

မိမိမျှော်လင့်ထားသည့်အတိုင်း senior နှင့် junior PT များကို ၀မ်းမြောက်စွာတွေ့ကြရ၏။

အားလုံး၏မျက်နှာများပေါ်တွင် အပြုံးကိုယ်စီဖြင့် …
အပျော်ကိုယ်စီဖြင့် …
တက်ကြွလှုပ်ရှားမှုကိုယ်စီဖြင့် ..
အဓိကအားဖြင့်တော့
ရင်းနှီးချစ်ခင်ဖော်ရွေနွေးထွေးမှုများစွာဖြင့် ..
နောက်ပြီး 
မပါမဖြစ်သော မြန်မာအစားအသောက်မျိုးစုံတို့ဖြင့် ….

မိမိက စကားအနည်းငယ်ပြောကာ မိမိရောက်စ ဟိုတစ်ခါတုန်းအခါက စင်ကာပူအကြောင်း၊ အလုပ်အကြောင်းတို့ကို မြန်မာပြည်က အတွေ့အကြုံလေးများဖြင့် မွှေနောက်နှိုင်းယှဉ်ပြောပြပါ သည်။ (အကယ်၍ အနည်းမငယ်ခဲ့လျှင် ပြုမိလေသော နားဒုက္ခအတွက် တောင်းပန်ရပါ၏)

အားလုံး အားလုံး …
ကျန်းမာရွှင်လန်းကြပါစေ။




No comments:

Post a Comment