"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 22, 2015

လမ်းလျှောက်၊ ရွရွပြေး၊ အမြန်ပြေး



၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ 



21 hrs · Edited · 

လမ်းလျှောက်၊ ရွရွပြေး၊ အမြန်ပြေး



ပုံ (၁) ပြေး-လျှောက်-ပြေးနည်းစနစ်စာအုပ်။



မနေ့က မရောက်တာကြာပြီဖြစ်သော စာကြည့်တိုက်ကို အိမ်ရှင်မနှင့်အတူ ရောက်သွားခဲ့၏။
မရောက်တာကြာဆို အတော်လေးကို ကြာလှနေတာ။ 
သုံး လေးနှစ်ကို ရှိလောက်ပေပြီ။

ဟိုတုန်းကမူ စာကြည့်တိုက်ကို ၃ ပတ်မှာတစ်ကြိမ် အမြဲရောက်ခဲ့၏။
မရောက်၍လည်း မဖြစ်ပေ။ တစ်ခါငှားလျှင် ၃ ပတ်သာ အချိန်ရ၏။ ၃ ပတ်ပြည့်သဖြင့် စာအုပ်တွေပြန်အပ်တိုင်း နောက်ထပ်ငှားခဲ့လေ့ရှိသည်။

တစ်ကြိမ်ငှားလျှင် ၄ အုပ်သာရသဖြင့် ဇနီး၏မှတ်ပုံတင်ကိုပါသုံးပြီး အမြဲ ၈ အုပ် ငှားလေ့ရှိသည်။

စာအုပ်တိုင်းအား အစမှအဆုံး အကုန်လုံးမဖတ်နိုင်သော်လည်း မိမိငှားသောစာအုပ်များမှာ ၀တ္တုတို ရှည်ကဲ့သို့သော ရသစာအုပ်များမဟုတ်ကြပဲ အတတ်ပညာနှင့်ဗဟုသုတစာအုပ်များဖြစ်လေရာ မိမိအတွက်အသုံးလိုနေသည်များနှင့် အသုံးဝင်မည့်သတင်းအချက်အလက်များကို ရွေးနှုတ်ဖတ် ခြင်း ရေးမှတ်ခြင်းများလုပ်ပါသည်။ အချို့ သောစာအုပ်များမှာ အကြောအဆစ်ကုပညာရှင် (physiotherapist) များရေးသားပြုစုထားသော ကျန်းမာကြံ့ ခိုင်ရေး (Health and Fitness) အကြောင်းများ ပါရှိကြလေသည်။

သို့တစေ မနေ့က မိမိ ငှားလာသည့်စာအုပ်များထဲမှ တစ်အုပ်မှာ The Run-Walk-Run Method (ပြေး-လျှောက်-ပြေးနည်းစံနစ်)ဖြစ်လေရာ မိမိအနေဖြင့်အထူးစိတ်ဝင်စားမိ၏။ 

လမ်းလျှောက်သည့်အကြောင်းဆိုလည်း လမ်းလျှောက်သည့်အကြောင်း၊ ပြေးသည့်အကြောင်း ဆိုကလည်းပြေးသည့် အကြောင်း ရေးသားထားကြသည်ကိုသာ အဓိကသတိပြုမိခဲ့ရာ ယခုတော့ "ပြေး-လျှောက်-ပြေး" ဟူ၍ အပြေးနှင့် လမ်း လျှေက်ခြင်းတို့ကို ပေါင်းစပ်လေ့ကျင့်သည့်နည်းဖြစ်ရာ လေ့လာကြည့်လိုပါသည်။

နောက်တစ်ချက်အနေဖြင့် အမှတ်တရဖြစ်မိသည်မှာ ဒီလေ့ကျင့်နည်းပုံစံမျိုးကို လွန်ခဲ့သောအနှစ် ၅၀ ကျော်က မိမိ ကိုယ်တိုင် လေ့ကျင့်ခဲဖူး၏။

ထိုစဉ်က မိမိသည် ရွှေဘိုမြို့ တွင် သတ္တမတန်းနှင့်အဋ္ဌမတန်းတို့မှာ ပညာသင်ကြားနေပါသည်။ကျောင်းတက်ရင်း ၀ါသနာ အလျှောက် လက်ဝှေ့ အားကစားသင်နေခဲ့ရာ မိမိ၏လက်ဦးလက်ဝှေ့  သင်ဆရာ ရွှေဘိုဘာမထီခင်အောင်(အားကစား စာရေးဆရာကြီး) က မိမိတို့အား လက်ဝှေ့ နည်းပ ညာများကို စနစ်တကျသင်ပေးရင်း မိမိတို့အား ခန္ဓာကိုယ်ကြံ့ ခိုင်မှု လေ့ကျင့်ခန်းများကိုလည်း သူ ကိုယ်တိုင် တပည့်များနှင့်အတူ သင်တန်းပေးလေ့ရှိခဲ့ပါသည်။ 



ပုံ (၂) ကြေးမုံသတင်းစာပါ အသက် ၁၇ နှစ်အောက် စစ်ကိုင်းတိုင်း လူသစ်တန်းလက်ဝှေ့ ဗိုလ်လု ပွဲသွားမည့် မိမိတို့အသင်းသတင်း။ နောက်တန်း လက်ယာအစွန်ဆုံးမှ ပိန်ပိန်သေးသေးလေးမှာ စာရေးသူဖြစ်၏။မိမိ၏လက်ဝှေ့ ဆရာဖြစ်ခဲ့သော သူကိုယ်တိုင်ကလည်း ယခုတိုင် စာများရေးသားလျက်ရှိနေသည့် ဆရာသည် သူ့တပည့်စာရေးဆရာ ဖြစ်လာသည်ကို အမြဲဂုဏ်ယူတတ်ကြောင်း ဆရာ့လက်ရေးနှင့်စာက ထင်ရှားစေပါသည်။


'ဆရာဘာမထီ' (ကျနော်တို့တပည့် များအခေါ်) က မိမိတို့လက်ဝှေ့ သင်တန်းသားများကို ရွှေဘိုမြို့ ဘောလုံးကွင်းအတွင်း မှာ သက်လုံကောင်းစေပြီး အမောစေ့စေရန်အတွက် အပြေးလေ့ကျင့်စေခဲ့ပါသည်။ 

အပြေးလေ့ကျင့်နည်းမှာ စာအုပ်ထဲကအတိုင်း တိတိကျကျတူသည် မဟုတ်သော်လည်း မိမိ ယနေ့ငှားလာသော The Run-Walk-Run Method မျိုးပင် ဖြစ်သည်။ ဒီမှာဖက်ပိုင်းတွင် အလွန်ခေတ်စားလာသော ယင်းလေ့ကျင့်နည်းအား မိမိတို့၏လက်ဝှေ့ နည်းပြဆရာဖြစ်သူ ဆရာဘာမထီခင်အောင်က လွန်ခဲ့သော အနှစ် ၅၀ကျော် ကတည်းက အသုံးပြုခဲ့ သည်မှာ လေးစားဖွယ်ကောင်းလှ၏။ 

ဆရာက သင်ကြားလေ့ကျင့်ပေးသောနည်းမှာ ..

၁) ဘောလုံးကွင်း၏အနံတစ်ဝက်[ဒေါင့်ကန်ဘောကန်သည့်နေရာကနေ ဂိုးတိုင်အထိ ပုံမှန်လမ်း လျှောက်ခြင်း။
၂) ကျန်သောအနံတစ်ဝက်ဖြစ်သော ဂိုးတိုင်ကနေ ဒေါင့်ကန်ဘောကန်သည့်နေရာအထိ ခပ်ရွရွလေး (အနှေး) ပြေးခြင်း။
၃) ကွင်း၏အလျှားတစ်ခုလုံးကိုတော့ အစွမ်းကုန်အမြန်ပြေးရခြင်း။ 

အဲဒီလို ကွင်းကိုပတ်ပြီး အပြေးလေ့ကျင့်ခဲ့ကြရပါတယ်။

ယခုစာအုပ်လေးက မိမိ၏ဆရာအား များစွာအမှတ်ရစေခဲ့ပါတယ်။


ပုံ (၃) ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက မိမိတို့ ကန့်ဘလူမှမန္တလေးသို့ စီးလာသောကား ရွှေဘိုမှာ ခဏရပ်စဉ် ရွှေဘိုမှာနေသောဆရာက သူ့တပည့်ဖြစ်သူမိမိအား တကူးတကလာတွေ့ရာ မိမိတို့ ကန်တော့ခွင့်ရလိုက်ပါသည်။









No comments:

Post a Comment