"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 19, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (1)







ရေခဲဖုန်းနေသောတာင်ထိပ်များကို
နောက်ခံထားလျက် ဂျနီဗာကန်ကြီးနှင့်ပနံရလှပနေသောဂျနီဗာမြို့ 










ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ တွင် ယခုနှစ်မေလ ၁၀ ရက်နေ့မှာ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ညီလာခံ (World Confederation for Physical Therapy) ကို သွားဖြစ်မလို မသွားဖြစ် တော့မလိုဖြင့် မိမိတက်ရောက်နိုင်ခဲ့သည်။

ယခင်ကမိမိတက်ရောက်ခဲ့သောညီလာခံ ၄ ကြိမ်တွင် အချိန်ယူပြင်ဆင်ပြီးမှသွားဖြစ်ခဲ့သော်လည်း ယခုတစ်ခေါက်တွင်မူ ညီလာခံကျင်းပရန်ရက်အတော်နီးကပ်မှ ကတိုက်ကရိုက်စီစဉ်သွားခဲ့ရသည်။ ခရီးသွားသင့်မသွားသင့်ကို အိမ်ရှင်မနှင့်တိုင်ပင်လျက်စဉ်းစားနေခဲ့ရသဖြင့် အချိန်မီကြိုတင်ဆုံးဖြတ်နိုင်ခြင်းမရှိသောကြောင့်ဖြစ်ရလေသည်။

နောက်ဆုံး မေလ ၆ ရက်နေ့တွင် ပင်နင်စူးလားပလာဇာကုန်တိုက်ကြီးရှိ လေယာဉ်လက်မှတ်အရောင်းဆိုင်သို့ လက်မှတ်စုံစမ်းရင်း မိမိသွားလိုသည့်ရက်နှင့်ပြန်လာမည့်ရက်၊ အလုပ်လုပ်နေသောဆေးရုံမှခွင့်ယူရမည့်ရက်တို့ အားလုံးအဆင်ပြေသဖြင့် ခရီးသွားရန်ဆုံးဖြတ်မိပါတော့သည်။

ညီလာခံ၏သတိပေးအချိန်ဇယား (Countdown Timer) ကိုကြည့်လိုက်အခါ ညီလာခံကျင်းပရန် ၄ ရက်မျှသာလိုတော့၏။

စိတ်မောသွားမိသည်။




သို့နှင့်ထိုနေ့ည ၇ နာရီကျော်ကျော်တွင် ညီလာခံတက်ရောက်ကြမည့်နိုင်ငံအသီးသီးမှကိုယ်စားလှယ်များ ညီ လာခံမှတ်ပုံတင်ရန်နှင့်နေထိုင်ရန်ကိစ္စများ (Registration and Hotel booking service) ကို တာဝန်ယူဆောင်ရွက်ပေးနေသည့်  KIT-Group သို့ အီးမေးပေးပို့စုံစမ်းလိုက်သည်။

မိနစ်အနည်းငယ်အတွင်း အီးမေးပြန်လာသည်။ ကြိုတင်မှတ်ပုံတင်ရက်ပိတ်သွားပြီးဖြစ်သဖြင့် ဂျနီဗာကိုရောက်ရှိသောနေ့တွင်မှသာ မှတ်ပုံတင်ကောင်တာသို့သွားရာက်ပြီး ငွေပေးချေစာရင်းသွင်းရန်အကြံပြုလေသည်။

မှတ်ပုံတင်ကိစ္စပြီးစီးသောအခါ ညီလာခံကစီစဉ်ပေးထားသော ဟိုတယ်များနှင့်ဟိုတယ်ခတို့ကိုလေ့လာပြီး အီးမေးပေးပို့လျက် တစ်ဆက်တည်းစုံစမ်းရပြန်သည်။ 

ဈေးနှုန်း (တစ်ည CHF 122.80 = စင်ကာပူဒေါ်လာ 167.33) သင့်တော်ပြီး ညီလာခံကျင်းပမည့်နေရာနှင့်လည်းသိပ်မဝေးလှသော Hotel de Geneve တွင် မိမိတည်းခိုလိုကြောင်းပါပြောပြလိုက်သည်။ 

ယခုတစ်ခါမှာတော့ အီးမေးပေးပို့စုံစမ်းသောညမှာ အကြောင်းပြန်စာမရခဲ့ပဲ နောက်တစ်နေ့တွင်မှ မိမိတည်းခိုလိုသည့်ဟိုတယ်မှာ တစ်ည CHF 122.80 ပေးရသည့်အခန်းများမရှိတော့ကြောင်းနှင့် တစ်ညကို CHF 170 ကျော်ပေးရမည့်အခန်းသာကျန်ရှိတော့ကြောင်းပြောပါသည်။ 

သို့နှင့်မိမိက ထိုနှုန်းကိုမတတ်နိုင်ကြောင်းနှင့် CHF 130 နှင့်အောက်ပေးရသည့်ဟိုတယ်ကိုသာ ရှာပေးရန်အကြောင်းပြန်လိုက်၏။ 

သို့နှင့် ကံကောင်းထောက်မစွာပင် ညီလာခံကျင်းပသည့်နေရာနှင့် (၀.၀၇) ကီလိုမီတာသာဝေးပြီး တစ်ည CHF 122.50 သာပေးရသော Ibis Budget Hotel ကိုရရှိခဲ့တော့၏။ 

Hotel de Geneve နှင့်အခန်းခနှုန်းတူသော်လည်း ထိုဟိုတယ်က ညီလာခံကျင်းပသည့်နေရာနှင့် (၃.၄၅) ကီလိုမီတာဝေးသဖြင့် ဘတ်စ်ကားအသွားအပြန်စီးရမည်ဖြစ်သည်။ 

ယခုမိမိတည်းခိုခဲ့သည့်ဟိုတယ်ကား ညီလာခံကျင်းပသည့်နေရာသို့ မိမိ၏ပုံမှန်ခြေလှမ်းဖြင့် ၃-၄ မိနစ်ခန့် သာလျောက်ရသည်။ 

ကံကောင်းလေစွ။


မှတ်ချက်။ ။

CHF - ၁ စီအိပ်(ချ)အက်(ဖ) သည် စင်ကာပူဒေါ်လာ ၁. ၄၀ နီးပါးရှိသည်။ 
Euro - ၁ ယူရိုသည် စင်ကာပူဒေါ်လာ ၁.၅၀ ကျော်ရှိသည်။



ဆက်ရေးပါဦးမည်။


******
















No comments:

Post a Comment