"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Sunday, October 9, 2011
ကိုး တစ်ဆယ် ဆယ့်တစ်
တစ် .. နှစ် .. သုံး .. လေး .....
ကိုး .. တစ်ဆယ် .. ဆယ့်တစ် ... (၉ ..  ၁၀ ..  ၁၁)
အလီတိုင်ရေတွက်နေသည် မဟုတ်ပါ။
ယနေ့သည် မိမိ၏မွေးနေ့ဖြစ်သည်။
မိမိသည် အောက်တိုဘာလ (၉) ရက်နေ့တွင် မွေဖွားခဲ့သည်။ မွေးရက် ၉ ဂဏန်းနှင့် မွေးလ ၁၀ ဂဏန်း ပိုင်ရှင်ဟုဆိုသော် ရအံ့ထင်ပါသည်။ ယခုနှစ်သည် သိကြပြီးဖြစ်သည့်အတိုင်း ၂၀၁၁ခုနှစ်။ သို့မို့ကြောင့် ၉၊၁၀၊၁၁ ဆိုသည့် မွေးနေ့လေးဖြစ်လာခဲ့ရ၏၊
မွေးနေ့ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးပီပီ မွေးနေ့ကို ဘာသာရေးနှင့်မြန်မာ့ဓလေ့ထုံးစံများအရ မွေးနေ့ပွဲပြုလုပ်ရသည်။ နှစ်စဉ်နှစ်တိုင်း မှန်မှန်ပြုလုပ်ခဲ့သည်။ ယခုနှစ်လည်း လုပ်ဖြစ်သည်။ ယခုနှစ် အတွက် ထူးထူးခြားခြားဖြစ်သည်က အထက်တွင်ဆိုခဲ့သည့်အတိုင်း တစ်သက်မှာတစ်ခါ ကြုံတောင့် ကြုံခဲဖြစ်သော ၉၊၁၀၊၁၁ ဆိုသည့် မွေးနေ့ဂဏန်းစဉ်လေးဖြစ်သည်။
မိမိကိုယ်ကိုမိမိ အမွှန်းတင်ပြောရသော် .... လှမှလှသည့် မွေးနေ့ကလေး။
မိမိသည် မိမိ၏မွေးနေ့ကို မည်သည့်အခါကမှ မိတ်ဆွေသင်္ဂဟများဖိတ်ကြားပြီး စည်စည်ကားကားပြုလုပ် လေ့မရှိ။ ကြီးကြီးကျယ်ကျယ်လုပ်ဖို့ဆို ဝေလာပင်ဝေးရော။
တိတ်တိတ်ဆိတ်ဆိတ်သာ ပြုလုပ်လေ့ရှိပါသည်။ မွေးနေ့ကို လူအများနှင့်ပျော်ပျော်ပါးပါးလုပ်ရန် ဆန္ဒမရှိ သောကြောင့်ဖြစ်သည်။ မွေးနေ့သည် လူတစ်ဦးစီ၏ ကိုယ်ရေးကိုယ်တာအကျဆုံးကိစ္စဖြစ်သဖြင့် လူတိုင်း လူတိုင်း မိမိတို့နှစ်ခြိုက်သည့်အတိုင်းသာ ပြုလုပ်သင့်သည်ဟု ယုံကြည်မိသည်။ အပျော်အပါး ပါရှိခြင်း မ ပါရှိခြင်းတို့သည် သက်ဆိုင်ရာပုဂ္ဂိုလ်၏ ရွေးခြယ်မှုသာဖြစ်သင့်လေသည်။ သို့တစေ ပါကိုပါရှိရမည်ဟူ၍ ကား မိမိမယုံကြည်။
တံတားပေါ်မှ ဖူးမြင်ရသည့် မြတ်စေတီနှင့် မြန်မာဘုန်းတော်ကြီးကျောင်း။ (ဓါတ်ပုံ-ဖိုးတာ၊ ၉-၁၀-၁၁)
ယခုနှစ်မွေးနေ့အတွက် တိုပါးယိုးမြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးတိလောက အား နေ့ဆွမ်းပင့်ဖိတ်ခဲ့သည်။ ဆရာတော်သည် ကနဦးပင့်ဖိတ်စဉ်က ကျန်ရဟန်းသံဃာများပင့်ဖိတ်ပြီး ဖြစ်သဖြင့် သူတစ်ပါးတည်းကြွမည်ဟု အမိန့်ရှိခဲ့သော်လည်း နောက်ထပ်သံဃာနှစ်ပါးပါ ခေါ်လာခဲ့လေ သည်။ ဦးကေသ၀ (၀ဲစွန်)သည် ရွှေတိဂုံမြောက်ဖက်မုဒ်ရှိ မူလကမ္ဘာအေးကျောင်းမှဖြစ်ပြီး အရှင်သံဃ သိရီ (ယာစွန်)မှာ စစ်ကိုင်းတောင်ရိုးရှိ ပါဋ္ဌိကါရီစာသင်တိုက်မှ ဖြစ်လေသည်။
မွေးနေ့တရား နာယူနေစဉ်။
ရဟန်းသံဃာတော်များ ဆွမ်းဘုန်းပေးကြစဉ်။
ဆရာတော်အား မဖူးတွေ့ရသည်မှာကြာလှပြီဖြစ်သဖြင့် ရှေးဟောင်းနှောင်းဖြစ်တွေ အတော်လေးပြော ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးကျောင်းတည်ဆောက်စဉ်က ကျောင်းတော်ကြီးဖြစ်မြောက်ရေးကော်မတီ တွင် ပါဝင်လုပ်ဆောင်ခဲ့ကြသူများအကြောင်း ပြောဖြစ်ကြသည်။ လူအတော်များများ စင်ကာပူမှာ မရှိ ကြလေတော့။ တစ်ခြားနိုင်ငံများသို့ရောက်ကြသူရောက်၊ မြန်မာပြည်သို့ ပြန်ကြသူပြန်ကြသည်။
မိမိအပါအ၀င် မိသားစုအနည်းငယ်သာ စင်ကာပူမှာ ရှိနေကြဆဲ။
အောက်တိုဘာ ၁၁ ရက်၊ အင်္ဂါနေ့
မိမိ၏မွေးနေ့ကိတ်။
မိမိ၏အခန်းထဲသို့ ခြေတစ်လှမ်းဝင်လိုက်မိသောအခါ "Happy Birthday to You ..." ဆိုသည့် သံပြိုင်သီချင်း သံက မိမိ၏နားထဲသို့ 'ဘွား'ကနဲဝင်ရောက်လာခဲ့သည်။
သည်တော့မှ အလစ် ခံလိုက်ရပြီဖြစ်ကြောင်း သဘော ပေါက်မိတော့၏၊ မိမိ၏မွေးနေ့အတွက် အမှတ်မထင် အာမေဍိတ် (surprise)လုပ်ကြခြင်း ဖြစ်ပါလေ၏၊ မွေးနေ့သီချင်းဆိုနေစဉ် ဓါတ်ပုံရိုက်သူရိုက်၍ ဗွီဒီယို ရိုက်သူရိုက်ကြသည်။ ပြီးသည့်အခါ မွေးနေ့ကိတ်ကို လှီးလျက် တပျော်တပါးစားကြသည်။ ကိုယ်နေကိုယ်
ထား အမျိုးမျိုးလုပ်ရင်း ဓါတ်ပုံရိုက်ကြပြန်ပါသည်။
မိမိ၏လုပ်ဖော်ကိုင်ဖက်များ အထူးတလည်စီစဉ်ထားသည့် မွေးနေ့ပွဲလေးကား ၀မ်းမြောက်ပျော်ရွှင်ဖွယ် ကောင်းလှပါ၏။ အားလုံးကို ကျေးဇူးများစွာတင်ရပါသည်။ 
အောက်တိုဘာ ၁၄ ရက်၊ သောကြာနေ့
ကိုး .. တစ်ဆယ် .. ဆယ့်တစ်..ကိစ္စက နောက်တစ်ခါ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပြန်ပါသည်။ စာရေးသူတို့ အဖွဲ့အစည်းမှပြုလုပ်သော ပဒေသာကပွဲအတွက် မေတ္တာလက်ဆောင်လက်မှတ် (၃)စောင်ရခဲ့သည်။ ထိုင် ခုံနံပတ်တွေကြည့်မိတော့ E9 E10 E11 ပါတဲ့။ ကြံကြံဖန်ဖန် လာပြီးတိုက်ဆိုင်နေသေး၏၊ 
အောက်တိုဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့
ဒီနေ့မနက် ဂ နာရီခွဲလောက်တွင်သတင်းစာဖတ်နေစဉ် တယ်လီဖုန်းမြည်သံကြားသဖြင့် ဇနီးက ကောက် ကိုင်လိုက်ပြီး "အဖေကြီး အိုဗာဆီးကတဲ့"ဟု တစ်လက်စာတည်းပြောရင်း စာရေးသူထံ လှမ်းပေးလိုက် ပါသည်။
ဒီနေ့ ဒီအချိန်မျိုးဆိုလျှင် အမေရိကားမှစာရေးဆရာလူမျိုးနော် ခေါ်တာဖြစ်လိမ့်မည်ဟု စိတ်ထဲကထင် ထားသည့်အတိုင်း မှန်နေလေ၏၊ သူက ဆိုင်းမဆင့်ဘုံမဆင့်ပင်"ဆရာအေး အခု အသက်ဘယ်လောက် ရှိသွားပြီးလဲ" ဟုမေးသဖြင့် ၆၃ နှစ်ဖြစ်ကြောင်း ပြောရသည်။ ပြီးခဲ့သောအပတ် တနင်္ဂနွေနေ့မနက် ဒီအ ချိန်လောက်ကလည်း သူ ဖုန်းခေါ်သေး၏၊ စာရေးသူက တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်ဦးတိလောကအား ဆွမ်းစားသွားဖိတ်နေသဖြင့် သူနှင့်စကားမပြောလိုက်ရပေ။ ဇနီးက အကျိုးအကြောင်းပြောပြ၍ အောက်တိုဘာလ ၉ရက်နေ့သည် မိမိ၏မွေးနေ့ဖြစ်ကြောင်း သူသိရ သဖြင့် ယနေ့ ဖုန်းဆက်မေးမြန်းခြင်းဖြစ်သည်။
စာရေးဆရာလူမျိုးနော် သူ့မိခင်ကြီးနှင့် စာရေးသူတို့အိမ်တွင် ၂၀၀၄ ခုနှစ် စက်တင်ဘာလက အမှတ်တရ။ 
မန္တလေးဆေးတက္ကသိုလ်မှာ ဆေးကျောင်းသားဘ၀ကတည်းက ရှုမ၀မဂ္ဂဇင်းတွင် ၀တ္တုတိုလေးတွေ ရေး ရင်း နောင်မှာ ဆရာဝန်စာရေးဆရာဖြစ်လာခဲ့သည့် ဆရာလူမျိုးနော်(နာမည်ရင်း-ဒေါက်တာသောင်းတင်) သည် သူနှင့်သူ့မိသားစုနေထိုင်ရာ လော့(စ)အင်ဂျလိ(စ)မြို့မှ မိမိထံ မကြာခဏဆိုသလို ဖုန်းဆက်လေ့ရှိ သည်။ သူနှင့်မိမိတို့သည် ၁၉၉၁ ခုနှစ်လောက်က စင်ကာပူနိုင်ငံမှာမှ စတင်တွေ့ဆုံသိရှိခဲ့ကြပြီး ယခုအခါ တွင် တစ်ဦးနှင့်တစ်ဦး မိသားစုကိစ္စ အမျိုးဘာသာ သာသနာနှင့် စာပေ နိုင်ငံရေးကိစ္စများကို စိတ်တူသ ဘောတူ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်ကြသည့် မိတ်ဆွေရင်းချာကြီးများဖြစ်လာခဲ့ကြပါသည်။ သို့မို့ကြောင့် တစ်ခါတစ်ခါ ဖုန်းပြောလျှင် အနည်းလေး တစ်နာရီခန့် ကြာတတ်ပါလေ၏၊ 
အဝေးတစ်နေရာမှ မိမိ၏မွေးနေ့ကို တကူးတက ဖုန်းဆက်မေးမြန်းခဲ့သည့် စာရေးဆရာလူမျိုးနော်အား ကျေးဇူးများစွာ တင်မိရပါကြောင်း။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment