"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, August 28, 2012

သိန်းထီ ပေါက်ဖူးပြီ


မြန်မာပြည်မှာတုန်းက သူလို ငါလို ထီကလေး ဘာလေး ထိုးခဲ့ဖူးပါတယ်။

ဟုတ်တိပတ်တိ စွဲစွဲမြဲမြဲကြီးရယ်လို့တော့ မဟုတ်ရပါဘူး။ တစ်ခါတစ်ခါ စိတ်ကူးပေါက်မိတဲ့ အ ခါလေး ကြုံကြိုက်တဲ့အခါလေး ထိုးလိုက်တာပါပဲ။

ခက်တာက ထီတော့ ပေါက်ချင်ပါရဲ့ ။ ဒါပေမယ့် မှန်မှန်တော့ မထိုးဖြစ်ပြန်ဖူး။

‘မိဖ ကျေးဇူးဆပ်ရန်’တို့
‘အိပ်မက်အရ ထီထိုး သိန်းဆုနဲ့တိုး’တို့
‘ဘုရားတည်ရန် ကျောင်းဆောက်ရန်’တို့ စသဖြင့် အတိတ်အမျိုးမျိုးနဲ့ ထိုးကြည့်ဖူးခဲ့ပါရဲ့ ။

အဲ ဒါပေမယ့် တစ်ခါဖူးမျှ မပေါက်ခဲ့ဖူးဘူး။ ၂ လုံး ၃ လုံးထက်ကို ပိုပြီး မတူဖူးဘူး။ ပေါက်ပါ လိမ့် အားကြီး။ ကံကောင်းလေမလားလို့ ကံစမ်းခဲ့တာ။ တစ်ခါမှ ကံမကောင်းခဲ့ဖူးဘူး။

အဖေ အမေတို့ကို ရှိခိုးတိုင်း ‘ငါ့သား သိန်းဆုကြီး ပေါက်ပါစေ’တဲ့။ ဦးကြီးတွေ ဒေါ်ကြီးတွေကို ကန်တော့ပြန်တော့လည်း ‘ငါ့တူကြီး သိန်းဆုများများ ပေါက်ပါစေ’တဲ့။ ပါးစပ်က ပေးတဲ့ဆုတွေ သာ ရခဲ့ဖူးတာ။ တကယ့် သိန်းဆု မပြောနဲ့ ထောင်ဆု သောင်းဆုလောက်တောင် အယောင် ယောင်အမှားမှားလေး မပေါက်ခဲ့ဖူးဘူး။ 

စာရေးသူတို့ ငယ်ငယ်တုန်းက သိန်းထီဆိုတာ သိန်းပေါင်း ရာ ထောင်ကို ပြောတာ မဟုတ် ဘူး။ ယုံချင် ယုံ၊ မယုံချင်နေ တစ်သိန်းကိုပဲ ပြောတာ။ အခုခေတ်မှလို မောင်မယ်စုံဖို့ မလိုဘူး။ တစ်ရွက်ပဲ ၀ယ်။ သိန်းဆုပေါက်ရင် တစ်သိန်းပဲ။ တိုက်နဲ့ ကားနဲ့ ၀ယ်လို့ ရတယ်။ ဒါမှမဟုတ် တခြားလုပ်ချင်တာတွေ အများကြီး လုပ်လို့ ရတယ်။

ဥပမာအဖြစ် သီချင်းလေးတစ်ပုဒ်ကို ကြည့်ကြည့်ပါလား။

ဆရာရွှေတိုင်ညွန့် ရေးစပ်ပြီး စိန်ပါတီဆိုတဲ့ ရေဒီယိုသီချင်းလေးပါ။

“လင်ဝယ်ရန် ရည်မှန်းလို့ ကံစမ်းမည် … မိဖများ .. သောတရှင်များတို့ .. နားနဲ့မနာ ဖ၀ါးနဲ့သာ  နာစေချင်ပါသည် .... ကျွန်မ တစ်ကိုယ်တည်း အပျိုကြီး မဖြစ်အောင် .. သိန်းထီကိုသာ ပေါက် စေချင် .. လင်တစ်ယောက်ကို ခေါင်းခေါက် ၀ယ်ယူမည် ..” တဲ့။

ဒါက ဟိုတစ်ချိန်က တစ်ရွက် တစ်သိန်းထီ။ အက္ခရာနဲ့ ဂဏန်းအားလုံးတူတာ။

ဟုတ်ကဲ့။ စာရေးသူ ပေါက်တာလည်း သိန်းထီပါပဲ။ ဒါပေမယ့် အက္ခရာနဲ့ ဂဏန်းအားလုံး တူ တာမျိုး မဟုတ်ဘူး။ က္ခရာနဲ့ နောက်ဆုံးဂဏန်းသုံးလုံးပဲတူတာ။ ၂ ရွက်တူတာမို့ ၂ သိန်း ရ တာ။ ဟိုခေတ် ဟိုအခါက ဟိုဒင်းဟိုဟာမျိုးသိန်းထီ မဟုတ်လို့ ‘တိုက်’စော်နံ ပြန်လိုက်ဦး၊ ‘ကား’စော်နံ ပြန်လိုက်ဦးထဲကပါပဲ။ အချိန်ကာလ လွဲမှားပြီးပေါက်တဲ့ သိန်းထိဖြစ်လို့ တိုက်တစ် လုံးသုတ်ဖို့ ဆေးဖိုးတောင် မရှိပါဘူး။  

သို့ပေမယ့် အလွန်ရှားရှားပါးပါး ပေါက်တာမို့ ‘ငါ သိန်းထီ ပေါက်တယ်’  ‘ငါ သိန်းထီ ပေါက်ဖူး ပြီ’ ဆိုတဲ့ ခံစားချက်ကတော့ တိုက် တစ်လုံး၊ ကား တစ်စီး ၀ယ်လို့ ရသလောက်နီးနီး ပီတိဖြစ် ခဲ့ရပါတယ်။

ဒါနဲ့ .. သိန်းထီ ပေါက်ပုံလေး ပြောပြရဦးမယ်။ စိတ်ဝင်စားစရာလေးတစ်မျိုးဆိုရင် မမှားပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာပြည်ကို ပြန်လည်ရင်း မုဒုံကနေ ရန်ကုန်အပြန်ခရီးမှာ ပဲခူးက နာမည်ကြီးရွှေအုန်းပင်စားသောက်ဆိုင်မှာ ညနေစာ ၀င်စားဖြစ်ကြတယ်။ ထမင်းစားပြီးတဲ့အခါ အိမ်ရှင်မက ငါးခြောက်ငါးခြမ်းနဲ့ ငါးပိထောင်းဝယ်ရင်း ထီလက်မှတ်တွေချိပ်ထားတာ တွေ့တာ နဲ့ ၀ယ်ခဲ့ဖြစ်တယ်။

တကယ်ဆို ထီလက်မှတ်တွေက ရန်ကုန်က အမတို့အိမ်မှာ ထားခဲ့ဖို့ပါ။ မေ့ပြီး စင်ကာပူအထိ ပါလာခဲ့တာနဲ့ ထီပေါက်စဉ်ကို ရန်ကုန်ကမှာပြီး တိုက်ရတာ။

မမျှော်လင့်ထားပဲ ထီပေါက်ခဲ့တာမို့ အံ့လည်းအံ့သြ ရယ်လည်းရယ်မိကြသေးတယ်။

နောက်ပြီး …  

‘ငါ သိန်းဆုကြီး ပေါက်ဖူးပြီ’လို့ ကြုံးဝါးခဲ့မိတာ အမှန်။

No comments:

Post a Comment