"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 2, 2012

မလေးရှား အနားယူစခန်းသို့ တစ်ခေါက်


ပြီးခဲ့သောအပတ် ကြာသပတေးနေ့နံနက်မှ စနေနေ့ နေ့ခင်းအထိ မလေးရှားသို့ ၂ ရက်ခွဲ ရောက်သွား ခဲ့ဖြစ်သည်။


အုန်းပင်များ ပန်းပင်များ ၀န်းရံထားသည့် ရေကူးကန်။ (ဓါတ်ပုံ - ဖိုးတာ)


ကွန်ဗင်းရှင်းစင်တာ(Convention Centre) ရှေ့ တွင် တွေ့ရသော ရှေးခေတ်က လန်ချား။ (ဓါတ်ပုံ - ဖိုးတာ)

စာရေးသူ၏ ဟိုတယ်အခန်းဝရမ်တာမှ မြင်တွေ့ရသည့် စိမ်းစိုစိုရှုခင်းအလှ။

ရုံးချုပ်ရှိရာ မာဂရက်ဒရိုက်(Margaret Drive)တွင် လူစုကြလျက် နံနက် ၉ နာရီခွဲတွင် လူ ၄၀ ခန့်ဆံ့သော ဘတ်စ်ကားကြီးဖြင့် စပြီးထွက်ခဲ့ကြသည်။ ၁၀ နာရီ ၁၈ မိနစ်တွင် စင်ကာပူစစ် ဆေးရေးစခန်း (Tuas Checkpoint) သို့ရောက်သည်။ နိုင်ငံကူးလက်မှတ်နှင့် လက်မတို့အား ၀န်ထမ်း၏အကူအညီမပါပဲ စက်ဖြင့် စစ်ဆေးခြင်းပြုလုပ်ပြီးသောအခါ နံနက် ၁၀ နာရီ မခွဲခင်လေးမှာ ဂျဟိုးရေလက်ကြား ကိုဖြတ်မောင်းလျက် မလေးရှားဖက်သို့ ထွက်ခဲ့ကြ၏။ မလေးရှားစစ်ဆေးရေးစခန်းတွင် ကားပေါ်မှဆင်းကြရပြီး ၁၀ မိနစ်ခန့်ပင် မကြာလိုက်ပဲ ဘတ်စ်ကားပေါ်ပြန်တက်ကြခါ ခရီးဆက်ခဲ့ကြပါသည်။

ယခင်အခေါက်များကလို ဆီအုန်းပင်များကို လမ်း၏၀ဲယာ တစ်ဖက်တစ်ချက်မှာ တွေ့ရသည်။ နံနက် ၁၁ နာ ရီခန့်တွင် လမ်း၏၀ဲဖက်ရှိ JB Premium Shopping Centre ကို အနားမှာထိုင်နေသည့် မိတ်ဆွေက လက်ညှိုး ထိုးပြသဖြင့် တွေ့ခဲ့ရ၏။ ယခင်အခေါက်များက သတိ မပြုခဲ့မိပါချေ။ ခဏ ကြာသောအခါ ဆီနိုင်း(Senai)ဟု ဆိုင်းဘုတ်တတ်ထားသော လမ်းထဲသို့ ဘတ်စ်ကားက ချိုးဝင်လိုက်ပြီး မိနစ်အနည်းငယ်အတွင်း အနားယူစ ခန်း (Le Grandeur Palm Resort Johor) သို့ ရောက်တော့၏။  

အနားယူစခန်းမှ ဂေါက်ကွင်း။ (ဓါတ်ပုံ - အနားယူစခန်း website)


အနားယူစခန်းမှ ဟိုတယ်ဧည့်ခန်းတစ်နေရာတွင် အမှတ်အရ။

အနားယူစခန်း (Le Grandeur Palm Resort Johor) ဟု မူလအမည်ရှိသည့်အတိုင်း ပြောရသော်လည်း စာရေးသူတို့၏ခရီးစဉ်မှာ အပျော်အပါးခရီး(holiday/vacation)မဟုတ်သလို စိတ်ပြေလက်ပြေ အနားယူ သည့်ခရီးစဉ်လည်း မဟုတ်ပါချေ။ Strategic Planning Retreat ခေါ် မိမိတို့အဖွဲ့အစည်းအနေဖြင့် လက်ရှိ အနေအထားမှ တစ်ဆင့်တက်လျက် အနာဂတ်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်တိုးတက်ဖွံ့ဖြိုးမှုရှိစေ ရန် သုံးသပ်မှုများ၊ ဆွေးနွေးကြံဆမှုများ၊ တိကျခိုင်မာသည့် ရှေ့ လုပ်လမ်းစဉ်ချမှတ်ပြင်ဆင်မှုများပြုလုပ်ရန် သွားကြခြင်းဖြစ်သည်။

အမှန်က ခေါင်းကိုဖျစ်ညှစ်သုံးရသော ဦးနှောက်စားသည့် ခရီးစဉ်ကြီးသာ ဖြစ်ပါလေတော့၏။ 


အနားယူစခန်းသို့ရောက်ရောက်ချင်း ဟိုတယ်သို့ မသွားရသေးပေ။ မိမိတို့နှင့်အတူ ပါလာသော ၀န်စည်စ လွယ်များအား ‘ကွန်ဗင်းရှင်းစင်တာ’(Convention Centre)အတွင်းရှိ အစည်းဝေးခန်းထဲသို့ တပါတည်း ယူ သွားကြရ၏။ အစည်းဝေးခန်း၏အမည်မှာ Pendeta 1 ဖြစ် သည်။ အစည်းဝေးခန်းထဲ၌ မိမိတို့၏ ဆွေးနွေး တိုင်ပင်မှုများနှင့်ရှေ့ လုပ်ငန်းစဉ်ချမှတ်မှုများအား လက်တွေ့လမ်းညွှန်ဦးဆောင်မှုပေးကြမည့်သူ(facilitator) ၂ ဦး ရောက်ရှိနေပြီးဖြစ်သည်။ သူတို့ ၂ ဦး မှာ Civil Service College (Centre for Organisation Deve- lopment) မှ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦး(Principal Consultant)နှင့် မန်နေဂျာတစ်ဦးတို့ ဖြစ်ကြသည်။ 


Pendeta 1 အစည်းဝေးခန်း။


သူတို့က ယနေ့ပြုလုပ်မည့် အစီအစဉ်များနှင့် နောက်ရက်များမှာပြုလုပ်မည့် အစီအစဉ်များကို ရှင်း လင်းပြောပြကြ၏။ 


နေ့လည်စာ မစားမီမှာ မိမိတို့ဝန်ထမ်းများ၏ ဖြတ်သန်းခဲ့ပြီးနှင့် လက်ရှိရောက်ရှိနေသည့်အခြေအနေများ ကို ပြန်လှည့်ကြည့်ခြင်းနှင့်သုံးသပ်ဝေဖန်တင်ပြခြင်းများ လုပ်ကြရသည်။ယင်းနောက်မှ နေ့လည်စာ စားကြ ရ၏။ တဖန် နေ့လည်စာစားပြီးနောက် အစည်းဝေးခန်းသို့ ပြန်သွားကြရ ပြန်ပါသည်။ ညနေ ၆ နာရီ ကျော် တွင်မှ ညနေစာစားရန် အနားပေးလေသည်။ ညစာစားပြီး သောအခါတွင်မှ ၀န်စည်စလွယ်များယူလျက် ဟို တယ်သို့ သွားနိုင်ကြတော့၏။   


ဟိုတယ်ဧည့်ကြိုကောင်တာ။ (ဓါတ်ပုံ - ဖိုးတာ)

ကွန်ဗင်းရှင်းစင်တာအတွင်းရှိ မျက်စိအေးစရာ အပြင်အဆင်လေးတစ်ခု။

  
ဟိုတယ်တွင် ပစ္စည်းများနေရာချပြီး ရေမိုးချိုးကာ အ၀တ်အစား လဲရသည်။ အချိန်ရတုန်း စင်ကာပူ၌ ကျန် ခဲ့သော အိမ်ရှင်မထံ ခရီးလမ်းချောမောစွာရောက်ရှိကြောင်း ဖုန်းဆက် အကြောင်းကြားရသည်။ သို့ သော် စိတ်ချလက်ချ အနားမယူနိုင်သေးပေ။ 

ည ၈ နာရီတွင် အစည်းဝေးခန်းသို့အရောက် ပြန်သွားကြရဦးမည်။


ည ဂ နာရီမထိုးမီ ၁၅ မိနစ်ခန့်စောပြီး ဟိုတယ်မှထွက်ခါ အစည်းဝေးခန်းရှိရာ ကွန်ဗင်းရှင်းစင်တာသို့ ၅ မိ နစ်ခန့် လမ်းလျောက်ရ၏။ တကယ်က ဟိုတယ်နှင့်ကွန်ဗင်းရှင်းစင်တာတို့မှာ တဆက်တည်းရှိနေကြပြီး လမ်း တလျောက်ဝဲယာတွင် တရုတ်နှင့်မလေးစားသောက်ဆိုင်များ အသီးသီးရှိလေသည်။ စောစောက စာရေးသူ တို့ ညစာစားကြသည်မှာ တရုတ်စားသောက်ဆိုင်ဖြစ်သော်လည်း စားပွဲထိုးအမျိုးသမီးလေးများက ဂျပန်အ ၀တ်အစားများ ၀တ်ဆင်ထားကြသလို ဆိုင်၏အပြင်အဆင်များအား သတိပြုကြည့်မိသောအခါမှာလည်း ဂျ ပန်စားသောက်ဆိုင်နှင့်ပို၍ တူနေချေသေးတော့။ 

ဂျပန်ဆိုင်နှင့်တူသော တရုတ်စားသောက်ဆိုင်။ (ဓါတ်ပုံ - အနားယူစခန်း website)

ဒါကြောင့် မိမိတို့ စားပွဲဝိုင်းမှအမျိုးသမီးတစ်ဦးက သူ့မိတ်ဆွေဖြစ်သူကို “ဟိုတယ်ကထွက်လာတော့ ဘယ် ဘက် အခြမ်းမှာ ဂျပန်ဆိုင်နဲ့တူတဲ့ တရုတ်ဆိုင်မှာ တို့တတွေရှိနေကြတယ်” လို့ တယ်လီဖုန်း ပြောနေသဖြင့် စာရေးသူက ပြုံးမိသေး၏။


ညစာကို အေးအေးလူလူ စားသောက်ရင်း အလုပ်နှင့်မပတ်သက်သည့် တောရောက် တောင်ရောက် စကား များကို ရယ်ရယ်မောမော ပြောဖြစ်ကြသည်။ စင်ကာပူမှရောက်ကတည်းက တစ်နေ့တာလုံး အုပ်စုလေးများ ဖွဲ့ပြီး ဆွေးနွေးလိုက်ကြ၊ စာရွက်ကြီးများပေါ်တွင် ချရေးလိုက်ကြ၊ တစ်ဦးဦးက အဖွဲ့၏ကိုယ်စား အပြင်ထွက် လျက် ရှင်းလင်းတင်ပြပြောဆိုကြ၊ ကျန်သောအဖွဲ့များက ထောက်ပြဝေဖန်ကြ၊ တစ်ခါတစ်ခါ ဆွေးနွေးပွဲများ ရပ်နားပြီး စာရွက်နှင့် ဖောင်တိန်မလိုသော ကိုယ်လက်လှုပ်ရှားမှုများ(Activities)လုပ်ကြနှင့် ည ၉ နာရီတွင်မှ အနားရလေတော့၏။  

ည ၉ နာရီကျော်လောက်တွင် အစည်းဝေးခန်းမှ ဟိုတယ်သို့လမ်းလျောက်ပြန်လာကြရင်း မည်သူက မည်သို့ စ,လိုက်သည်မသိ၊ အအေးသောက်ရန် ဆိုင်ထဲသို့ စာရေးသူတို့ တအုပ်စုလုံးဝင်ကြသဖြင့် မိမိလည်း ဘုမသိ ဘမသိ ရောယောင်လိုက်သွားမိသည်။ ဆိုင်ထောင့်ရှိ တီဗွီအကြီးကြီးမှ နိုင်ငံခြားဘောလုံးပြိုင်ပွဲတစ်ပွဲ လာနေ သည်။ ဖြေဖျော်မှုစင်ပေါ်၌ အမျိုးသားတစ်ဦးက ဂစ်တာကို အသံညှိနေပြီး အမျိုးသမီးငယ် ၂ ဦးကမူ မိုက်ခွက် များ တပ်ဆင်နေကြ၏။ ဆိုဖာခုံများမှာ အသီးသီးနေရာယူ ကြရင်း စာရေးသူတို့အထဲမှ တစ်ဦးက “ဥက္ကဋ္ဌကြီး က တိုက်မှာတဲ့ဟေ့” ဟု စကားစ,လိုက်ရာ ကျန်သူများက လက်ခုပ်လက်ဝါးတီးလျက် ဥက္ကဋ္ဌကြီး၏မျက်နှာ အား လှမ်းကြည့်ပြီး “ဟုတ်တယ် ဟုတ်တယ် ဥက္ကဋ္ဌကြီးက ပေးလိမ့်မယ်”ဟု သံယောင်လိုက်ကြ၏။ ဥက္ကဋ္ဌကြီး က “ရတယ် ရတယ် ကျုပ် ပေးပါ့မယ်၊ ဒီကနေ့ ခင်ဗျားတို့ကြိုက်တာသာ မှာသောက်ကြပါ” ဟု ပြုံးရယ်ကာ လက်ကလေးမြောက်ပြပါသည်။ အားလုံးက ဝေး .. ဝေး ..ဟေး .. ဟု ဥက္ကဋ္ဌ ကြီးအား ၀မ်းမြောက်ဝမ်းသာ သြဘာပေးလိုက်ကြသည်။



သို့နှင့် အသီးသီးမှာကြစဉ် စာရေးသူအနားရှိ ခုံတွင်ထိုင်နေသည့် မစ္စတာအန်သနီက “မစ္စတာအေး တို့တွေ ဘီယာ သောက်ကြရအောင်”ဟု အဖော်ညှိလာသဖြင့် “ကောင်းသားပဲ၊ သောက်ကြတာပေါ့” ဟု ဟန်ကလေး တစ်ချက်ပင် မဆောင်တော့ပဲ ပြန်ပြောလိုက်မိ၏။ မြေပဲလေး ၀ါးလိုက်၊ ဘီယာလေး တကျိုက်ချလိုက်၊ တီဗွီ မှဘောလုံးပွဲ ကြည့်လိုက်၊ စကားလေးတွေ ဖောင်လိုက်၊ ဂစ်တာ နှင့် သီချင်းသံကို နားထောင်လိုက်၊ ဂီတ သံနှင့်အတူ ကိုယ်ကလေးတွေကို နွဲ့ယိမ်းပြီး သီဆိုကနေကြသည့် အမျိုးသမီးငယ် ၂ ဦးအား ကြည့်လိုက်ဖြင့် ည ၁၀ နာရီခွဲကျော်မှ ဟိုတယ်အခန်းသို့ ပြန်ရောက်ခဲ့သည်။  
 






No comments:

Post a Comment