"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 15, 2012

အမျိုးသားစာကြည့်တိုက် စာအုပ်အဟောင်းရောင်းပွဲတော်



စင်ကာပူနိုင်ငံ အမျိုးသားစာကြည့်တိုက်ရဲ့  Singapore Expo မှာ ပြုလုပ်တဲ့ စာကြည့်တိုက်က အသုံးပြုပြီး စာအုပ်အဟောင်းတွေ ရောင်းချတဲ့ပွဲတော် (National Library Book Sale 2012) ကို ဒီကနေ့ မနက်က အိမ်ရှင်မနဲ့အတူ သွားဖြစ်ခဲ့ကြတယ်။ နံနက် ၉ နာရီခွဲကနေ ည ၇ နာရီအထိ ဒီကနေ့နဲ့ မနက်ဖန် ၂ ရက် ပဲ ရောင်းမှာဖြစ်လို့ ၀ီရိယစိုက်ပြီး အိမ်က စောစောလေး ထွက်သွားခဲ့ကြတယ်။ စနေနေ့ နေ့ဝက် အလုပ် ဆင်းချိန်ကို ရောက်ရင်တော့ လူတွေက အရမ်းများလာကြမှာ။  

ဒါတောင် စာရေးသူတို့ ရောက်သွားတာ နံနက် ၁၁ နာရီ မထိုးသေးဘူး၊ စာအုပ်လာဝယ်တဲ့သူ တွေက Expo ခန်းမကြီးနဲ့အပြည့် ရှိနေနှင့်ကြပြီ။ ပုံမှန်က စနေနေ့တွေဆိုလို့ရှိရင် နံနက်စာကို လင်ကိုယ်မယားနှစ်ယောက် အပြင်ထွက်ပြီး စားကြလေ့ရှိတာ။ အဲဒီကမှ NTUC ဆိုင်ကို ဆက်သွားကြပြီး တစ်ပတ်စာ ဈေးဝယ်ကြတာ။ ဒီကနေ့တော့ အိမ်မှာ ပဲပြုတ်နဲ့ထမင်းကြော်စား လက်ဖက်ရည်သောက်ပြီး ကားတစ်တန် ရထားတစ်တန်စီး လို့ Expo ကို သွားခဲ့ကြတယ်။ 


စာမြည်းရင်း စာအုပ်ရွေးနေကြသူများ။ (ဓါတ်ပုံ - ဖိုးတာ)


မွှေနှောက်ကြည့်ရှုထားကြသည့် စာအုပ်များ၊ (ဓါတ်ပုံ - ဖိုးတာ)


ကြမ်းပြင်မှာ ဖင်ထိုင်ချလျက် စိမ်ပြေနပြေ စာအုပ်ရွေးနေကြတယ်။


ရောင်းတဲ့စာအုပ်တွေက အမျိုးစုံလို့ပါပဲ။ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ခရီးသွား၊ ယဉ်ကျေး မှု၊ အနုပညာ၊ ကွန်ပြူတာ၊ အင်တာနက် စသဖြင့် တွေ့ရပါတယ်။ အဓိကအားဖြင့်တော့ လူကြီး၊ လူလတ်၊ လူ ငယ်များအတွက်၊ ၀တ္တုနဲ့ ၀တ္တုမဟုတ်တဲ့စာအုပ်များဆိုပြီး ခွဲခြားထားပါတယ်။    



အမျိုးသားစာကြည့်တိုက်က နှစစ်ဉ်နှစ်တိုင်းပြုလုပ်လေ့ရှိတဲ့ စာအုပ်အဟောင်းရောင်းပွဲတော်ကို စာရေးသူနဲ့ ဇနီးတို့ နှစ်တိုင်းရောက်အောင် သွားလေ့ရှိကြပါတယ်။ စင်ကာပူနိုင်ငံမှာ Expo အဆောက်အဦကြီး မဆောက် ရသေးခင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် အမျိုးသားစာ ကြည့်တိုက်ရဲ့  စာအုပ်အဟောင်းရောင်းပွဲတော် ကို ဟိုတုန်းက World Trade Centre လို့ခေါ် တဲ့ (ယခု HarbourFront Centre) နေရာမှာ လုပ်ခဲ့ တာ။ အဲဒီကိုလည်း စာရေးသူတို့ ရောက်ခဲ့ကြတာပါပဲ။ အဲဒီတုန်းကခန်းမတွေ (hall) က ယခု Expo က ခန်း မတွေလောက် ကျယ်လည်း မကျယ်ဘူး။ ခမ်းနားမှုလည်း မရှိကြဘူး။ ဂိုထောင်ကြီးတွေနဲ့ ပိုပြီးတူပါတယ်။



ဒါနဲ့ စာအုပ်အဟောင်းတွေကို ဘယ်လိုရောင်းတယ်ဆိုတာ နည်းနည်းပြောပြဦးမယ်။ 

အထက်ကဓါတ်ပုံတွေထဲမှာ တွေ့ကြရတဲ့အတိုင်းပါပဲ။ စာအုပ်တွေကို လေးထောင့်သံပန်းခွက်ကြီးတွေမှာ အနှောင့်တွေကို အပေါ်ဖက်ထောင်ပြီး စီထားတယ်။ စာအုပ်အမည်ကို အလွယ်တကူ တွေ့မြင်ရအောင်လို့ ပါ။ နောက်ပြီး စာအုပ်များများလည်း ထည့်ထားလို့ ရပါတယ်။ သို့ပေမယ့် ခဏကြာတဲ့အခါ လူတွေက စာ အုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် လှန်လှောကြည့်ပြီး နေရာတကျ ပြန်မထားကြတာကြောင့် စနစ်တကျ စီ ထားတဲ့စာအုပ်တွေက တောင်ပုံရာပုံဖြစ်သွားပါတော့တယ် (ပုံ ၃)။


ခန်းမအ၀င်ဝမှာ ပလတ်စတစ်ခြင်းလေးတွေ ထားပေးထားလို့ စာအုပ်ကြည့်ရင်း ကြိုက်တာတွေ့တဲ့အခါ တခါ တည်းထည့်ပြီးယူသွားလို့ ရပါတယ်။ တချို့ ကတော့ အိမ်က ခရီးသွားတွန်းလှည်းအိတ်လေးတွေ ယူလာခဲ့ကြ တာ။ စာအုပ်က လေးတာမို့ လက်နဲ့ဆွဲဖို့ မလိုတော့ဘူးပေါ့။ စာရေးသူကတော့ ခြင်းနဲ့ စာအုပ်တွေသယ်ရင်း များလာတာနဲ့ အိမ်ရှင်မက သူရွေးထားတဲ့ စာအုပ်အချို့ ကို ကြမ်းပြင်မှာထိုင်ဖတ်ရင်း စောင့်နေတဲ့နေရာကို သွားကာ စာအုပ်တွေချထားခဲ့ပြီး ခြင်းအလွတ်ကို ပြန်ယူလာခဲ့တာ။

လူတွေကများပြီး ကျပ်ညပ်နေတာမို့ စာအုပ်စင်မှာကြာကြာရပ်ပြီး စာမြည်းဖို့ မလွယ်ဘူး။ ဒါကြောင့် ကိုယ်စိတ် ၀င်စားတဲ့စာအုပ်တွေ့တာနဲ့ ခြင်းထဲကို တခါတည်းကောက်ပြီး ထည့်လိုက်တယ်။ ကြည့်တဲ့အလုပ် ပဏာမရွေး တဲ့အလုပ်တွေပြီးတော့မှ စောစောကအိမ်ရှင်မစောင့်နေတဲ့နေရာကို အပြီးပြန်သွားကာ ရွေးထာတဲ့စာအုပ်အား လုံးကို တစ်အုပ်ချင်း စိမ်ပြေနပြေ ဖင်လှန်ခေါင်းလှန် စာမြည်းပြီး နောက်ဆုံး စကာတင်ရွေးရတာ။ ဒီအခါမှာ ၀ယ်မယ်လို့ ရွေးတဲ့စာအုပ်အရေအတွက်နဲ့ မ၀ယ်တော့ဘူး ထားခဲ့တော့မယ်ဆိုတဲ့ စာအုပ်အရေအတွက်က အ တူတူလောက် ရှိကြတယ်။ ပြီးတာနဲ့ ငွေပေးချေဖို့ တုံကင်နံပတ်ကို ကြိုပြီးသွားယူရတယ်။ ကိုယ့်နံပတ်ခေါ်တဲ့ အခါ ငွေချေကာင်တာမှာ တန်းစီပြီး ရွေးထားတဲ့စာအုပ် ၂၃ အုပ်အတွက် ပိုက်ဆံပေးလိုက်ရုံပါပဲ။ 

 

ဝယ်ခဲ့တဲ့ စာအုပ်တွေပါ။

 

အိမ်အပြန် ရထားနဲ့ ဘတ်စ်ကားတွေပေါ်မှာတော့ လေအေးစက်ရဲ့ အရသာကို ခံစားရင်း ဟိုစာအုပ်လေးလှန် ကြည့် ဒီစာအုပ်လေးလှန်ကြည့်နဲ့ စောစောက ၂ နာရီလောက် ခြေထောက်သွေးတောင့်အောင် တမတ်တတ် ရပ်ရပ်နဲ့ ရှိခဲ့ရတာတွေကို မေ့သွားပြီး ပီတိလေးတွေ ဖြစ်မိရပါတော့တယ်။

 


 

No comments:

Post a Comment