"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 26, 2012

ခေါဆီ ရီပက်ကေးချင်း အန်ပက်ကေးချင်း ဇာတ်လမ်း


ယခုသြဂုတ်လမှာ စင်ကာပူနိုင်ငံ အမျိုးသားနေ့ (National Day) ရုံးပိတ်ရက်နဲ့ ကျောင်းပိတ်ရက်တွေ ဆက်သွားတာကြောင့် စနေ တနင်္ဂနွေအပါအ၀င် အားလပ်ရက် ၄ ရက်ခွဲ ရလိုက်တာဖြစ်လို့ အိမ်မှာ ၄ ရက် ခွဲကြီးများတောင် အငြိမ့်သား ‘နှပ်’နိုင်ခဲ့ပါတယ်။

ဒီအခါမှာ အိမ်ထဲမှာကုပ်ပြီး သတင်းစာဖတ်လိုက် အင်တာနက်လုပ်လိုက် ဘလော့ရေးလိုက် စာအုပ်တွေ ဖတ်လိုက် မြန်မာပြည်က မိတ်ဆွေတွေဆီ တယ်လီဖုန်းလေးလှမ်းပြောလိုက် YouTube က မြန်မာအငြိမ့် တွေကြည့်လိုက်ရှိနေတဲ့ အိမ်ဦးနတ်ကို အိမ်ရှင်မက မြန်မာအစားအစာလေးတွေ တစ်မျိုးပြီးတစ်မျိုး လုပ် ကျွေးရင်း ပါရမီဖြည့်ရှာခဲ့ပါတယ်။

မိမိကလည်း ကိုယ့်မြန်မာအစားအစာမှ ကိုယ့်အစားအစာဖြစ်နေတာကြောင့် အိမ်ရှင်မ လုပ်ကျွေးသမျှ တစ် ခုမကျန် အမှတ်ပြည့်ပေးပြီး မငြီးမငြူ စားပစ်လိုက်တာပါပဲ။ 


ရွရွကြွပ်ကြွပ် ခေါဆီကြော်ရယ်၊ ငါးမုန့်ကြော်ရယ်၊ ခရမ်းချဉ်သီး မီဖုတ်ဖျော်ရယ်၊ လက်ဘက်ရည်ရယ် ...။

ဒီအစားအစာတွေထဲမှာ စားရခဲတာလည်းဖြစ် မစားရတာလည်း အတော်လေးကြာနေပြီဖြစ်တဲ့ အစားအစာ တစ်ခုကတော့ ခေါဆီကြော်ပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ခေါဆီကြော်ကို နောက်ဆုံးစားခဲ့ရတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကဖြစ်တယ်။ စာရေးသူတို့ဇာတိကနေ ရန်ကုန်မှာရောက်ရှိကာ အခြေချနေတဲ့ ကန့်ဘလူသားကြီး ကိုသောင်းကြည်က မြန်မာပြည် ခေတ္တ ပြန်ရောက်နေတဲ့ စာရေးသူတို့ဇနီးမောင်နှံအား သူ့အိမ်ကို တကူးတက ဖိတ်ပြီး သူကိုယ်တိုင်ကြော်ကျွေးခဲ့တာ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာပဲ  ဒီအကြောင်းအရာလေးကို မှတ်မှတ်ရရ ‘အညာစာ’ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ကျွန်းသာယာမှာ ရေးခဲ့သေးတာ။  

ခေါဆီကို ပင်နင်းစူးလားက မြန်မာဆိုင်မှာ တွေ့တာနဲ့ အိမ်ရှင်မက ၀ယ်လာခဲ့တာ။ ဆီပူပူနဲ့ ရွနေအောင် ကြော် ထားတဲ့ ခေါဆီကြော်က လက်ဘက်ရည်နဲ့ဆို ဘာလိုက်သလဲ မမေးနဲ့လေ။ အပေါ်သားက ရွရွကြွပ်ကြွပ်ဖြစ်ပြီး အတွင်းသားက အိအိထွေးထွေးမို့ မွန်ပြည်နယ်ကလေသံနဲ့ ပြောရရင် “စားလို့ကောင်းမှ ကောင်း”ထဲကပါပဲ။   

ဟိုတုန်းက မြန်မာပြည်ကိုပြန်တိုင်း မွေးဇာတိဖြစ်တဲ့ ကန့်ဘလူကို အမြဲရောက်အောင်သွားဖြစ် တယ်။ ပြန်တဲ့ လတွေက နိုဝင်ဘာ ဒီဇင်ဘာလတွေဖြစ်လို့ ကန့်ဘလူမှာ ခေါဆီအဖြူအနက်တွေ ရနေပြီ။ ဈေးထဲရောက်တာ နဲ့ လင်ပန်းလေးတွေပေါ်မှာ စီစီရီရီ တင်ထားတဲ့ ခေါဆီတွေကို တစ်ဈေးလုံးအနှံ့ မတွေ့ချင် မမြင်ချင်အဆုံး ပဲ။ ခေါဆီအဖြူလေးတွေက ဖွေးဖွေးနုနု။ ခေါဆီအမဲတွေက နက်နက်ချိပ်ချိပ်။

ဒါပေမယ့် မ၀ယ်ပါဘူး။ ၀ယ်ဖို့ မလိုတာမို့ပါ။

ဒီလိုလေ …

ဈေးကို မထွက်လာခင်ကတည်းက အမျိုးအဆွေတစ်ချို့  အိမ်ကို အစောကြီးရောက်လာကြပြီး စာရေးသူကြိုက် တတ်တာတွေကို သိနေကြလို့ “ဟိုဟာ မ၀ယ်နဲ့” “ဒီဟာ မ၀ယ်နဲ့”ဆိုပြီး အပြီးကို လာမှာထား လာပြောထား ကြတာ။ သူတို့ ၀ယ်ပြီး လာပို့ပေးမယ်။ သူတို့ လုပ်ပြီး လာပို့ပေးမယ် ဒါမှမဟုတ် သူတို့အိမ်ကို ဖိတ်ကျွေးမယ် လို့ပေါ့။ ဟဲ.. ဟဲ .. တယ်နိပ်ပါလား။  

ဒါတင်ဘယ်ဟုတ်သေးမှာလဲ။ ပြန်လာတော့လည်း ထည့်ပေးလိုက်ကြသေးတာ။ စင်ကာပူမှာ စားဖို့ပါတဲ့လေ။ ဒါပေမယ့် ရန်ကုန်ရောက်တော့ ခေါဆီက ပြသနာစ,ပါတော့တယ်။ ကန့်ဘလူကနေ ထွက်လာပြီး ရန်ကုန်ကို တစ်ရက် နှစ်ရက်နဲ့ ရောက်တာမျိုးမှ မဟုတ်တာ။ ကန့်ဘလူက အမေ့အမျိုးတွေဆီ သွားရသလို ရွှေဘိုက အဖေ့အမျိုးတွေဆီကို မသွားလို့ ဘယ်ဖြစ်ပါ့မလဲ။ အနည်းလေးတော့ ၂ ရက်လောက် ကုန်တာ။

တစ်ခါ ရွှေဘိုကနေ မန္တလေးကိုသွား။ အဲဒီမှာလည်း အဖေ့ဘက် အမေ့ဘက်အမျိုးတွေရှိတော့ နောက်ထပ် ၂ ရက် ကုန်ရပြန်ကော။ ဒါတောင် ရွှေဘိုနဲ့မန္တလေးက အမျိုးတွေက ခဏလေး နေရကောင်းလားဆိုပြီး မကျေမ နပ်နဲ့ စကားနာ အထိုးခံရတတ်သေးတယ်။

အဲ .. စောစောကပြောတဲ့ ရန်ကုန်မှာ ကြုံရတဲ့ ခေါဆီပြသနာကို ဆက်ပြီး ပြောရဦးမယ်။

ရန်ကုန်ကို ပြန်ရောက်တော့ ထုံးစံအတိုင်း ပါလာတဲ့အထုပ်တွေဖြေတဲ့အခါ ခေါဆီတွေ မှိုတက်နေတာတွေ့ရ တယ်။ ကန့်ဘလူက ထုပ်ပေးလိုက်တဲ့ အင်ဖက်တွေကို တစ်လွှာချင်း ဖြေလိုက်တာနဲ့ ခေါဆီအချပ်တိုင်းရဲ့  ပတ်ပတ်လည်မှာ မှိုဖတ်တွ တွေ့ရတော့တာ။  

ဒီအခါမှာ ရန်ကုန်အိမ်က အမတို့မိသားစု အလုပ်များကုန်ကြရတယ်။ အိမ်ရှင်မရဲ့ အမနဲ့ ညီမတွေက ခေါဆီ တစ်ချပ်စီက မှိုတွေကို ဓားနဲ့ခြစ် ရေစင်စင်ဆေးပြီး စကောတွေနဲ့ နေလှမ်းကြရတာ။ ခြောက်သွားတော့ ပ လတ်စတစ်နဲ့ ရီပက်ကေးချင်း (repackaging) ပြန်လုပ်ပြီး စင်ကာပူကို ယူလာခဲ့ကြရတယ်။  

စင်ကာပူကို ပြန်ရာက်လာတဲ့အခါ လက်ဆောင်ပေးလိုက်ကြသူတွေ ပေးလိုက်ရကျိုးနပ်အောင်ရယ်၊ ရန်ကုန် မှာ ဒုက္ခခံပြီး ခြစ်-ဆေး-လှမ်း လုပ်ပေးလိုက်ကြရသူတွေ ပင်ပမ်းရကျိုးနပ်အောင်ရယ် ရီပက်ကေ့ချင်းလုပ် ထားတဲ့ မြန်မာခေါဆီကို အန်ပက်ကေးချင်း (unpackaging) လုပ်ပြီး တ၀တပြဲကြီး စားပစ်လိုက်ကြရပါတော့ တယ်။ 

မှတ်ချက်။  ။ ဒီစာလေးကိုဖတ်ပြီး အညာသူ အညာသားများ သွားရည်(သရေ)ကျခြင်း သည်းခံပါ။
 

No comments:

Post a Comment