"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, November 13, 2012

‘လွမ်း’၀တ္တုရေးဆရာကို လွမ်းမိပါရဲ့ 



 

 

နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာထဲမှာ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ ‘လွမ်း’ ဆိုတဲ့ဝတ္တုကို နေ့စဉ်အခန်းဆက်ပုံစံမျိုးနဲ့ ဖော်ပြပေးနေတာ အခုဆိုရင် ရက်သတ္တပတ်တစ်ပတ်ခန့်ရှိခဲ့ပြီ ထင် ပါတယ်။ နေ့စဉ်အခန်းဆက်ဝတ္တုရှည်ဖြစ်နေတာမို့ ဖတ်တော့မဖတ်မိပါဘူး။

သို့ပေမယ့် သတင်းစာကို နေ့စဉ်ဖတ်နေတာကြောင့် ဆရာ့ဓာတ်ပုံလေးကို မြင်မြင်နေရတော့ မိမိတွေ့ခဲ့ဖူး သိ ခဲ့ဖူးတဲ့ ဆရာ့ကို အမှတ်ရမိပါတယ်။ ဆရာ့စာတွေနဲ့ပတ်သက်လို့ကတော့ ဆရာ့ ကို စာရေးဆရာကြီးတစ်ဦး အဖြစ် လွမ်းလည်းလွမ်းမိရပါတယ်။ ဆရာကြီးရဲ့ ဝတ္တုစာအုပ်အားလုံးကို မဖတ်ဖြစ်ခဲ့ပေမယ့် ဖတ်မိတဲ့အထဲက အချို့ ကိုတော့ အတော်လေးစွဲစွဲလမ်းလမ်း ဖစ်ခဲ့ရတာပါ။ အဲဒီစာအုပ်တွေထဲမှာ“သူငယ်ချင်းလို့ပဲ ဆက်ခါ် မည် … ခိုင်”ဆိုတဲ့ ၀တ္တုစာအုပ်သည် စာရေးသူအကြိုက်နှစ်သက်ဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။

ထိုစဉ်တုန်းက (၁၉၆၃-၆၄ ၀န်းကျင်) “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် … ခိုင်” စာအုပ်ကို စွဲလမ်းနှစ်ခြိုက် ခဲ့ကြသူတွေဟာ စာရေးသူတို့လို ၉ တန်း ၁၀ တန်းအရွယ် အသဲနုနုလူငယ်လးများသာမဟုတ်မူပဲ လူလတ် ပိုင်း လူကြီးပိုင်းက စာဖတ်သူတွေလည်း အများကြီးပါခဲ့ကြတာပါ။ ဆရာ့စကားနဲ့ပြောရရင် ဒီအချစ်ဝတ္တုစာ အုပ်ကို ဖတ်ကြသူတိုင်းဟာ ၀တ္တုထဲကဇာတ်ကာင်များဖြစ်ကြတဲ့ ‘ခိုင့်’အတွက် အသည်းနင့်ခဲ့ကြရတယ်။ ‘မောင့်’ အတွက် ရင်ဆို့ခဲ့ကြရတယ်။ ‘ငြိမ်းမောင်’ အတွက် ငိုမိကြရသလို ‘လှိုင့်’ အတွက်လည်း ခံစားကြေ ကွဲကြရတာဖြစ်တယ်။ 

ယခုလောက်အထိ ဆရာ၏ စာရေးသားမှုအတတ်ပညာက ထက်မြက်ကောင်းမွန်လှသလို စာဖတ်သူများ အပေါ်မှာလည်း ဆရာ၏စာပေသြဇာ ကြီးမားခဲ့ပါတယ်။   

 

“သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် … ခိုင်” ၀တ္တုကို စွဲမက်စေခဲ့သည့် စာသားလေးများ။


“သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် … ခိုင်” စာအုပ်ထဲမှ အထက်ပါစာသားလေးကို စာရေးသူတို့ခေတ်က လူငယ်အတော်များများ နှုတ်တက်ရွရွ ကျက်မှတ်ပြီး နှုတ်တက်ရွရွ ရွတ်ခဲ့ကြတာပါ။ 

                "ဘ၀ဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း 

                နှိုင်းစတမ်းဆိုပါလျှင် ...

                ခိုင်နှင့် ကျွန်တော့်ဘ၀မှာမူ ..

                နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့်

                စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်"

အခုခေတ်စကားနဲ့ပြောရရင် ဒီနေရာမှာ ပြောတဲ့သူက သူ့ခံစားချက်နဲ့သူ သိပ်မိုက်သွားပြီး၊ အဲ အပြောခံရတဲ့ သူမခမျာမှာလည်း သိပ်ခိုက်သွားခဲ့ရပြီပါ့ ။

ဆရာဖန်တီးထားတဲ့ ဇာတ်ကောင်များဟာ ဆရာ့ဝတ္တုအထဲမှာသာ လှုပ်ရှားအသက်ဝင်ခဲ့ကြ တာမဟုတ်ပဲ အ ချစ်ရည်လူးပြီး အချစ်သွေးလွှမ်းနေတဲ့ တစ်ချိန်က လူငယ်များရဲ့ နှလုံးသားတွအပေါ်မှာလည်း အတော်ကြီး ကို ရိုက်ခတ်မှု ရှိခဲ့ကြတာဖြစ်တယ်။ အချို့ က သူ့တို့ရဲ့ ပတ်ဝန်းကျင်မှာ ‘ခိုင်’ကဲ့သို့သော ချစ်စရာကောင်းတဲ့ မိန်းကလးမျိုးကို တွေ့လိုတွေ့ငြား ရှာကြည့်မိ တတ်ကြတယ်။ အချို့ က သူ့တို့ကိုယ်ကိုသူတို့ ‘မောင်’လို့ ထင် စားခံစားကြည့်တတ်ကြတယ်။ ဒီအထိပါ ဆရာ။

ဒါ့ ကြောင့်လဲ ဆရာရဲ့  “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် … ခိုင်” စာအုပ်ဟာ အကြိမ်ပေါင်း ၁၀ ကျော် ပြန် ပြီးရိုက်နှိပ်ခဲ့ရတဲ့အထိ အောင်မြင်မှုရရှိခဲ့တာ။

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကို ပထမဦးဆုံး တွေ့ဆုံခွင့်ရခဲ့တာက မော်လမြိုင်မြို့ မှာပါ။

အဲဒီအချိန်တုန်းက ဆရာကြီးသည် တောင်ဝိုင်းနားမှာရှိတဲ့ မော်လမြိုင်ကောလိပ် (ယခု မော်လမြိုင်တက္ကသို လ်)မှာ ကျောင်းအုပ်ကြီးတာဝန်ကို ထမ်းဆောင်လျက်ရှိပြီး စာရေးသူကတော့ ဥဇိနဘုရားခြေတော်ရင်းနားမှာ ရှိတဲ့ ပြည်သူ့ဆေးရုံကြီး အကြောအဆစ်ကုဌာနတွင် တာဝန်ထမ်းဆောင်နေတာဖြစ်တယ်။ ၁၉၇၆-၇၇ ခုနှစ် ကာလများမှာ မော်လမြိုင်မြို့ နယ် စာပေလုပ်သားအဖွဲ့ ဖွဲ့ကြတဲ့အခါ ဆရာကြီးသည် မြို့ နယ် စာပေလုပ်သား အဖွဲ့၌ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပါတယ်။

ထိုစဉ်က စာပေလုပ်သားအဖွဲ့သည် အဓိကအားဖြင့် စာရေးဆရာများ ကဗျာဆရာများနဲ့ သတင်းစာဆရာများ ကို စုပေါင်းပြီးဖွဲ့စည်းထားတာဖြစ်တယ်။ မော်လမြိုင်မြို့ နယ် စာပေလုပ်သားအဖွဲ့ရဲ့ အစည်းဝေးများမှာ ဆရာ ကြီးတက္ကသိုလ်ဘုန်းနိုင်ကို တွေ့ဆုံသိကျွမ်း စကားပြောဆိုခွင့်ရခဲ့သလို ဒေသခံစာရေးဆရာ ကဗျာဆရာ သ တင်းစာ ဆရာများဖြစ်ကြတဲ့ ဆရာကြည်မြလွင်၊ ခင်မောင်လွင်(ရွှေမြိုင်ကောလိပ်)၊ ရွှေမြိုင်မောင်ဖူးဝါ၊ မင်း ချမ်းမွန် (ဘီလူးကျွန်း)၊ မျိုးမြင့် (မော်လမြိုင်)၊ ဦးစိနား၊ မြိုင်နန်းငြိမ်းငြိမ်းချမ်းချမ်း အစရှိတဲ့ စာပေသမားများနဲ့ လည်း ရင်းနှီးခင်မင်ခဲ့ရပါတယ်။ ဘောဂဗေဒနဲ့ စီးပွားရေးဆောင်းပါများရေးသားရာမှာ အောင်မြင်ထင်ရှားတဲ့ စာရေးဆရာကြီး မောင်စူးစမ်း (ဦးချမ်းအေး) တခွန်အားကစားဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် တခွန်လှမော်၊ ဆရာဦးခင်ထွန်း (မော်လမြိုင်ဆရာအတတ်သင်)တို့ကိုလည်း မော်လမြိုင်မြို့ မှာပဲ တွေ့ဆုံသိကျွမ်းခဲ့ရတာပါ။     
ဆရာကြီးရဲ့  သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် … ခိုင်၊ သူ့ကျွန် မခံပြီ၊ ညီမလေးရယ် စိုးရိမ်မိတယ်၊ မိုးညအိပ် မက်မြူ အစရှိတဲ့ ၀တ္တုစာအုပ်များကိုဖတ်ပြီး ဆရာကြီးကို လေးစားကြည်ညိုနေမိသော စာရေးသူသည် မော် လမြိုင်မှာ ဆရာကြီးနဲ့တွေ့ဆုံခွင့်ရလို့ အတော်လေးဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ မိမိတို့ မော်လမြိုင်မြို့  နယ် စာပေလုပ်သားအဖွဲ့တွင် ဆရာကြီးကဲ့သို့သော စာပေနယ်တွင် လျှမ်းလျှမ်းတောက်အာင်မြင်ထင်ရှားန တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဦးဆောင်ဦးရွက်ပြုနေတာဖြစ်လို့ မိမိတို့အားလုံးက ဂုဏ်လည်းယူခဲ့မိပါတယ်။ 
စာရေးဆရာဖြစ်ဖို့ ခြေလှမ်းပင်နသူတစ်ဦးအနေဖြင့် အားလည်းတက်မိခဲ့တာ အမှန်ပါ။  

ရာကြီးလို ပုဂ္ဂိုလ်တစ်ဦးက မိမိလို ကလောင်သစ်လေးရဲ့ စာကိုဖတ်ပြီး သူ့ထင်မြင်ချက်ကို စာပေလုပ်သား အစည်းအဝေးတစ်ခုတွင် ထုတ်ဖော်ချီးကျူးပြောပြခဲ့လို့ ကြည်နူးပီတိဖြစ်ခဲ့ရတာကို ယနေ့တိုင်မှတ်မိနေဆဲ ပါ။ မော်လမြိုင်မြို့ နယ်ရဲ့  ပထမဦးဆုံးသော မြို့ နယ်မဂ္ဂဇင်းအတွက် စာရေးသူ ပေးပို့ထားတဲ့ ‘၀တ္တုတစ် အုပ် ငွေတစ်သောင်း’ ၀တ္တုတိုလက်ရေးစာမူနဲ့ပတ်သက်ပြီး ဆရာကြီးက (စကားလုံးများကို အတိအကျ မ မှတ်မိတော့ပေမယ့်) “ဆရာတို့ဆီ ပေးပို့ကြတဲ့ စာမူအချို့ ဟာ အတော်လေးကောင်းတာကို တွေ့ရပါတယ်။ အဲဒီစာမူတွေအထဲက ၀တ္တုတိုစာမူလေးတစ်ပုဒ်ကို ဆရာ ဖတ်ကြည့်ပြီး စာရေးဆရာဖြစ်ချင်သူတစ်ယောက်ရဲ့  အခက်အခဲများနဲ့ ဘ၀ရုန်းကန်လှုပ်ရှားရမှုများအပေါ် စာနာဂရုဏာသက်ရသလို ဆရာ့မှာ စိတ်မကောင်း လည်း ဖစ်မိခဲ့ပါတယ်။” လို့ပြောတော့ မိမိရဲ့ ဝတ္တုတိုစာမူကို ရည်ညွှန်းတာပဲလို့ သိလိုက်ရပြီး စိတ်ထဲတွင် ကြိတ်ပြီး ၀မ်းသာမိတာ မပြောပါနဲ့တော့။
 
  
 

 

ဆက်ရေးပါဦးမယ်။

 

1 comment:

  1. This post writing about Saya "Tekkatho Phone Naing" is the right thing to do.
    Thanks so much for wonderful contribution and hard working Saya TMA!
    May Lord Buddha Bless You and Your Whole Family, Always and Forever!!!!
    I miss all of you very much! :-)))))
    (LMN)

    ReplyDelete