(၁၃၇၄ ခုနှစ် နတ်တော်လဆုတ် ၈ ရက်၊ စနေနေ့။)
ပြီးခဲ့တဲ့နှစ်တုန်းက
ဒီလ ဒီအချိန်မှာ ဒီခေါင်းစဉ်လေးနဲ့ပဲ ဒီအကြောင်းကို ရေးခဲ့တာ။
ဒီအကြောင်းကို ရေးနေတာတွေ့တော့
အိမ်ရှင်မကတောင် ပြောနေသေးတယ်။
ရေးပြန်ပြီလား တဲ့လေ။
ဒါကြောင့် ပြန်ပြောလိုက်ရတယ်။
ရေးရတာပေါ့၊ နှစ်တိုင်း
လွမ်းနေရတာပဲဟာ လို့။
ဟုတ်ပါတယ်။
စာရေးသူကတော့ အခြေအနေ
မပေးလွန်းလို့ အကြောင်းမညီညွတ်လို့ မြန်မာပြည်နဲ့ ဝေးနေရသူမို့ ဟိုဟာလေးတွေ့လည်း လွမ်းလိုက်။
ဒီဟာလေးမြင်လည်း လွမ်းလိုက်။ သတင်းသဲ့သဲ့လေး ကြားလိုက်ရလည်း လွမ်းလိုက်။ မြန်မာပြည်က
လာကြတဲ့သူတွေကို လေဆိပ်မှာသွားပြီးကြိုတဲ့အခါမှာလည်း လွမ်းလိုက်။ မြန်မာပြည်ကို ပြန်မယ့်သူတွေကို
သွားပို့ပြန်တော့လည်း လွမ်းလိုက်နဲ့ နိုင်ငံခြားကိုရောက်မှ ဒီနာတာရှည်အလွမ်းရောဂါကြီး
စွဲကပ်နေခဲ့တာ ကြာ ကြာလှပါပကောလား။
"ယောကျာင်္း ဘ,သားဟေ့.." ချောတိုင်တက်ပြိုင်ကြပြီ။ |
ကဲပါ ကဲပါ … အလွမ်းတွေကို
တခဏ ဘေးချိပ်ထားလို့ လွမ်းရတဲ့ဝေဒနာလေးတွေ နင့်နင့်နဲနဲ ခံစားရင်း ဒို့များငယ်ငယ်တုန်းက
အကြောင်းတွေကို ပြန်ပြောင်းသတိရပြီး ပီတိဖြစ်ရတာလေးတွေကိုပဲ ပြောကြရအောင်ပါနော်။
လွတ်လပ်ရေးနေ့အကြောင်းပြောတော့
တွံတေးသိန်းတန်ရဲ့  “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်”ဆိုတဲ့ သီချင်းစာသားလေးလို
“ဆောင်းရယ် နှင်းရယ် လွတ်လပ်ရေးနေ့ ရယ်” လို့ ပြောချင်မိတယ်။
စာရေးသူကြီးပြင်းခဲ့တဲ့
ကန့်ဘလူမြို့ တို့ ရွှေဘိုမြို့ တို့မှာ လွတ်လပ်ရေးနေ့ဆိုရင် နံနက် စောစော ချမ်းချမ်အေးအေးနဲ့
နှင်းတွေ မြူတွေ ဝေနေလေ့ရှိတယ်။ တစ်ခါတစ်ခါမှာ ဓာတ်မီးတိုင် တစ်တိုင်နှစ်တိုင်လောက်
အကွာအဝေးကို သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ နှင်းတွေ မြူတွေနဲ့ မှိုင်းမှုန်လို့နေတာ။
အသက်အရွယ်အလိုက် ပြိုင်ပွဲတွေမှာ ငယ်ငယ်တုန်းက ၀င်နွှဲခဲ့တာကတော့ စုံလို့ပါပဲ။ ဘာမှသာ ဟုတ်တိပတ်တိ အဖြစ်မရှိခဲ့တာ။
အားကူးကောက်ပြိုင်ပွဲ ၀င်နွှဲနေကြစဉ်။ |
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်တဲ့ ခေါင်းအုံးရိုက်ပြိုင်ပွဲ။ |
အေးတာကလည်း ကျောထဲက
စိမ့်နေအောင်ကို အေးတာ။ အိမ်တိုင်းက နံနက်ခင်းနဲ့ ညနေခင်း တွေမှာ မီးဖိုပြီးတောင် လှုံကြရတာ။
အိမ်အောက်မှာ မီးလှုံနေရင်း အိမ်ခေါင် မိုးတံစက်ြမိတ်ကနေ နှင်းစက်ကလေးတွေ တဖောက်ဖောက်ကျနေတာကို
မြင်နေရတယ်။
မိုးလင်းစမှာ မြက်တွေနဲ့ သစ် ရွက်တွေပေါ်မှာ နှင်းရည်ဥလေးတွေကို စီစီရီရီတွေ့ရတတ် သေးတာ။
အမတ်ကြီး လက်ဝဲသုန္ဒရရဲ့  “မဲဇာတောင်ခြေ”ရတုထဲက
“ မိုးမပါဘဲ၊
သံဝါဖြောက်ဖြောက်၊
ဆီးနှင်းပေါက်လည်း၊
မိုးလောက် ပြင်းထန်၊
သွန်းချပြန်သော် ” လို့ဆိုလောက်အောင် မပြင်းထန်ပေမယ့် မိမိအဖို့မှာတော့ မှတ်မိ လွမ်း ရ လောက်အောင်ကိုအေးတဲ့ အတွေ့အကြုံတွေပါ။
အခုလိုချမ်းအေးတဲ့အချိန်မှာ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲတွေကို သူငယ်ချင်းများနဲ့ ဝေးလားဟားလား ၀င်ပြိုင်ခဲ့ကြရတာ ပြန်တွေးကြည့်မိလေတိုင်း
လွမ်းမောကြည်နူးမဆုံး ဖြစ်ရတယ်။
ကြိုးတန်းမှာ ချိပ်ထားသောမုန့်ကို မမှီမကမ်း မော့စားရင်း ပြိုင်နေကြတဲ့ ကလေးငယ်များ။ |
သူနိုင် ငါနိုင် အပြိုင်ဆွဲကြပြီ ..။ |
အသက်အရွယ်အလိုက် ပြိုင်ပွဲတွေမှာ ငယ်ငယ်တုန်းက ၀င်နွှဲခဲ့တာကတော့ စုံလို့ပါပဲ။ ဘာမှသာ ဟုတ်တိပတ်တိ အဖြစ်မရှိခဲ့တာ။
မုံ့စားပြိုင်ပွဲလည်း
ပါလိုက်တာပဲ။ မနိုင်လည်း ဘာဖြစ်တာမှတ်လို့။ အနည်းဆုံး မုန့်တော့ အလကားစားရတာပဲ မဟုတ်လား။
ယောကျာင်္းဝတ်ပုဆိုးကို
ကျစ်နေအောင်လိမ်ပြီး ပြိုင်ပွဲဝင်သူနှစ်ယောက်ရဲ့  ခြေကျင်းဝတ် တစ်ဖက်စီကို ပူးချီထားတဲ့
ခြေပူးတွဲပြိုင်ပွဲလည်း ၀င်ပြိုင်ဖူးတယ်။
ဂုံနီအိပ်ထဲ ခြေစုံထည့်ပြီး
ဂုံနီအိပ်စကို လက်နဲ့ကိုင်ကာ ခြေနှစ်ဖက်တုံ့ပြီးပြေးရတဲ့ ဂုံနီအိပ် စွပ်ပြိုင်ပွဲကိုလည်း
ဘယ်အလွတ်ပေးပါ့မလဲ။
ခြေအတူတူရွေ့ မှ ပြေးလို့ရတဲ့ ခြေပူးတွဲပြိုင်ပွဲ။ |
ခေါင်းအုန်းရိုက်ပွဲဝင်ပြိုင်တာမှ
ကိုယ်ကစပြီး တစ်ချက်နှစ်ချက်လေး ရိုက်လိုက်တာနဲ့ပဲ တစ်ဖက်ကသူက ကိုယ့်ကို မရိုက်ရသေးခင်
ကိုယ့်ဖာသာ ဂျွမ်းထိုးမှောက်ခုံ လိမ့်ကျပြီး ရှုံခဲ့ဖူးသေးတယ်။
ချောတိုင်တက်တာတော့ ၀င်ပြိုင်ဖို့
နေနေသာသာ ကိုယ့်ဖာသာ စမ်းပြီးတက်ကြည့်တာ မြေကြီးကနေ ကိုယ့်ပခုံးအမြင့်လောက်တောင် မရောက်ခဲ့ပါဘူး။
ရှိသမျှအင်အားတွေ
အကုန်ညှစ်သုံးပြီးပြိုင်ရတဲ့ လွန်ဆွဲပွဲလည်း ၀င်ပြိုင်ခဲ့ဖူးတယ်။ အဲဒီတုန်းက မိမိက
ပိန်ပိန်သေးသေးလေးမို့ အဖွဲ့လိုက်နိုင်ခဲ့တုန်းက ကိုယ်က အဓိက မဟုတ်ပေမယ့် ရှုံးခဲ့တုန်းကတော့
ကိုယ့်ကြောင့်အတော်လေးပါမယ်လို့ ထင်မိခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် လွတ်လပ်ရေးနေ့
ရောက်လေတိုင်း ငယ်ငယ်တုန်း ကစားခဲ့ကြ ပြိုင်ပွဲဝင်ခဲ့ ကြတာ တကယ်ကို ပျော်စရာကြီးပါ။
**ဓာတ်ပုံအားလုံးကို မြန်မာသတင်းစာများမှ ကူးယူဖော်ပြထားတာပါ။
No comments:
Post a Comment