"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, November 11, 2014

ထီးထမ်းလမ်းလျောက် စင်ကာပူ (၄)




၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊



{{ “ထီးထမ်းလမ်းလျှောက် စင်ကာပူ"တွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွား ဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့  အကြောင်းအရာကလေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။ }}


မိမိ ယခုလုပ်နေသည့်အလုပ်နှင့်သက်ဆိုင်ပြီး အနှစ် ၂၀ အကြာမှာ သံသရာတစ်ပတ်ပြန်ပြီးလည်သည်ဟု ဆိုရပေမည်။

၁၉၉၀ ခုနှစ် စင်ကာပူမှာ အလုပ်စပြီးလုပ်စက အလုပ်လုပ်ရက် ၅ ရက်မှာ တစ်နေ့ကို တစ်နေရာစီ သွားပြီး အလုပ်လုပ်ခဲ့ရသည်။ အကြောအဆစ်ကုပညာရှင် (Physiotherapist) တစ်ဦးတည်းသာရှိသဖြင့် စင်ကာပူ နေရာအနှံ့မှာရှိသော ဥာဏ်ရည်နိမ့်မသန်စွမ်းမှုဆိုင်ရာပညာရေးကျောင်း (Special Education School) ၄ ကျောင်းကို တစ်နေ့တစ်ကျောင်းစီသွားလျက် အကြောအဆစ်ကုသမှုများကို ပြုလုပ်ပေးခဲ့ရသည်။ ငါးရက် မြောက်ဖြစ်သည့် သောကြာနေ့တွင် အဖွဲ့အစည်းရုံးချုပ်ရှိရာသို့သွားပြီး မိမိ၏ရုံးလုပ်ငန်းများကို လုပ်ခဲ့ရ၏။ 

သို့သော် ၁၉၉၃ တွင် မိမိ၏တိုက်တွန်းချက်အရ နောက်ထပ်အကြောအဆစ်ကုပညာရှင် ၃ ဦးကို ထပ်မံခန့် ထားလိုက်သဖြင့် မိမိမှာ တစ်နေရာတည်းမှာသာ အတည်တကျ ခြေငြိမ်စွာလုပ်နိုင်ခဲ့ရတော့သည်။ 

ယခုတစ်ခါ လွန်ခဲ့သော ၂ နှစ်ခန့်မှစပြီး စင်ကာပူနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် ဆေး ဘက်ဆိုင်ရာပညာရပ်များကောင်စီ (Allied Health Professions Council- AHPC) ဖွဲ့စည်းပြီးနောက် မှတ် ပုံတင်လက်မှတ်မရရှိသေးသည့် အကြောအဆစ်ကုပညာရှင်များကို ကြီးကြပ်သင်ကြားလေ့ကျင့်ပေးခြင်း (Clinical Supervision) များလုပ်ကြရသဖြင့် မိမိမှာ နေရာအနှံ့သို့ သွားခဲ့ရပြန်ပါသည်။  


ဤသို့ဖြင့် ပြီးခဲ့သည့်သောကြာနေ့က မိမိ၏အလုပ်ရှိရာ Admiralty ဘူတာမှ ရထားစီးလျက် Ang Mo Kio ဘူတာသို့ရောက်ခဲ့၏။ ဘူတာမှထွက်ပြီး ဘတ်စ်ကားမှတ်တိုင်သို့ လျှောက်လာရင်း ဒီနေရာတစ်ဝိုက်မှ အပြောင်းအလဲများကို သတိပြုမိ၏။ 


 AMK Hub (အင်တာနက်မှပုံ)


ဘူတာနှင့်မျက်နှာချင်းဆိုင်နေရာတွင် ဟိုအခါတုန်းက AMK Hub ခေါ် ကုန်တိုက်ကြီး မရှိသေး။ မြေပေါ်က ဘတ်စ်ကားဂိတ်ဆုံးလေးသာ ရှိ၏။ ယခုလို လေအေးစက်တတ်ထားသော မှန်လုံဘတ်စ်ကားဂိတ်ဆုံးကြီး မရှိသေး။ ဘတ်စ်ကားဂိတ်ဆုံးနှင့်ဘူတာကိုဆက်သွယ်ပေးထားသည့် မြေအောက်ဥမင်လမ်းလည်းမရှိသေး။

၁၉၉၀ - ၉၁ခုနှစ်များက မိမိသည် ဒီဘူတာသို့ စနေနေ့တိုင်းရောက်ခဲ့ပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက် ရေးဌာန (Ling Kwang Home For Senior Citizens) သို့သွားကာ ကုသိုလ်ဖြစ်အကြောအဆစ်ကုသမှုများ ပြုလုပ်ပေးခဲ့ပါသည်။


Ling Kwang Home For Senior Citizens (အင်တာနက်မှပုံ)


မြန်မာပြည်တွင်ရှိနေသော မိမိ၏မိဖများနှင့်ကွဲကွာနေရသဖြင့် မိဖများ၏ကိုယ်စား ဤဌာနရှိလေဖြတ်လူနာ ဒူးနာလူနာ စသည့်သက်ကြီးရွယ်အိုများအား တစ်ပတ်လျှင်တစ်ကြိမ်  တစ်နှစ်ခွဲခန့် လာရောက်ကုသပေး ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဒီနေရာတစ်ဝိုက်ကို ကောင်းစွာရင်းနှီးမှတ်မိနေပါသည်။

ဘူတာမှဘတ်စ်ကားစီးပြီး မိမိ ကြီးကြပ်သင်ကြားလေ့ကျင့်ပေးရမည့်နေရာသို့သွားသည့်ခရီးလမ်းမှာ အခြား သောသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဌာနတစ်ခုဖြစ်သည့် Singapore Cheshire Home ကို အဝေးမှ မှန်းမျှော်ကြည့်မိသည်။

လွန်ခဲ့သော၃နှစ်ခန့်က စင်ကာပူနိုင်ငံတွင်ကွယ်လွန်သွားခဲ့သော မိမိ၏ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ဦးသာထွန်းသည် သူ မကွယ်လွန်မီအထိ ဤ Cheshire Home မှာ အလုပ်လုပ်သွားခဲ့ပါသည်။ မိမိသည် Ling Kwang Home ကိုသွားရင်း တစ်ခါတစ်ရံ သူ့ထံသို့ သွားလည်ပြီး စကားစမြည် ပြောလေ့ရှိပါသည်။











No comments:

Post a Comment