"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, January 4, 2023

၁၂ နှစ်သား ကျွန်းသာယာကို ပြန်ပြောင်းကြည့်မိခြင်း




ကျွန်းသာယာဘလော့ကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က ဓာတ်ပုံလေးတစ်ပုံနဲ့စပြီး 
အစမ်းသဘောပို့စ်တင်ကြည့်ခဲ့ရာကနေ ယခုနှစ်ဖြစ်တဲ့ ၂၀၂၃ ဇန်န၀ါရီလ ၄ ရက်နေ့မှာတော့ ၁၂နှစ်
သားအရွယ်လေးရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

တကယ်တော့ ၁၂ နှစ်တာကာလဆိုတာ ဘာမှမကြာလိုက်သလိုပါပဲ။
ပြောရရင် မနေ့တနေ့ကလို့တောင် ထင်မိနေတတ်သေးတာ။

စစချင်းမို့ ဘာရေးတင်ရမှန်းမသိသေးလို့ မိမိမှာရှိတဲ့ ငယ်ငယ်က ရွှေဘိုရဲဌာနာဝင်းထဲမှာနေတုန်းက 
ဖခင်ကြီးရိုက်ပေးထားသည့် အမှတ်တရဓာတ်ပုံလေးကိုပဲ ပထမဆုံးအနေနဲ့ တင်ကြည့်လိုက်တယ်။

ခေါင်းစဉ်ကိုလဲ 'ငယ်စဉ်က ရွှေဘို ရဲဌာနာဝန်းမှာ နေခဲ့တဲ့ ဖိုးတာ' ဆိုပြီး ရိုးရိုးရှင်းရှင်းလေး ပေးခဲ့မိ
တယ်။
ဖိုးတာဆိုတဲ့အမည်လေးက မိမိရဲ့ ငယ်နာမည်ပါ။

မိမိရဲ့  အိမ်နီးချင်းလဲဖြစ် ငယ်သူငယ်ချင်းလြဲဖစ်သည့် သန်းထွန်းဆိုရင် မိမိကို အခုအချိန်ထိ 'ဖိုးတာ'
လို့ ခေါ်နေတုန်းပဲလေ။

အမေရဲ့ ညီမအငယ်ဆုံးဖြစ်တဲ့ ဒေါ်လေးတော်သူ'ဒေါ်ငယ်'ဆိုလဲ မိမိမြန်မာပြည်ကိုအလည်ပြန်လို့
ကန့်ဘလူကိုရောက်တိုင်း မိမိကို ငယ်စဉ်တုန်းကခေါ်သလို 'တာတာ' 'တာတာ'လို့ အဖျားစွတ်ခေါ်
နေတာပါပဲ။ 

အမေရဲ့  မောင်အငယ်ဆုံး ဦးးလေးဦးတင်ရွှေရဲ့ သူငယ်ချင်းဖြစ်တဲ့ကျောင်းဆရာဦးဘအေးကတော့ 
မိမိ ကန့်ဘလူကိုရောက်လို့တွေ့ကြတဲ့အခါတိုင်း 'ဖိုးတာကြီး' 'ဖိုးတာကြီး' လို့ ငယ်ငယ်ကသူခေါ်နေ
ကျနှုတ်ကျိုးနေတဲ့အတိုင်း ခေါ်မြဲခေါ်ဆဲပါ။

ဘာပဲဖြစ်ဖြစ် 'တင်မောင်အေး တင်မောင်အေး' လို့ အများကခေါ်နေကြတဲ့အခါမှာ မိမိကို ငယ်စဉ်က
ထဲကသိထားကြသူအချို့ က မိမိရဲ့ နာမည်ကို သူတို့အရင်ကခေါ်ခဲ့ကြတဲ့အတိုင်းဆက်ပြီးခေါ်တာကို
ကြားရတော့ နားထဲမှာသာယာမိတာ၊ နှစ်သက်မိတာကတော့ အမှန်ပါ။

ဒါပေမယ့် သူတို့ကိုရော ဘယ်သူ့ကိုမှရော အခုထိ ဒီအကြောင်းမပြောပြမိခဲ့ပါဘူး။

ဒါက ပထမဆုံးရယ်ပါ။







ဆက်ရေးပါဦးမည်။


No comments:

Post a Comment